Sunday, October 16, 2016

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေ အကြောင်း သိပါသလား


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံရဲ့ သက်တော်ရှည်ဘုရင်ကြီးကံကုန်တော်မူခဲ့သည်။ ထိုင်းလူမျိုး အများ အပြား အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများကလည်း အလွန်ပင် စိတ်မကောင်းဖြစ်ကြ ရရှာသည်။ ထိုင်းနှင့် မြန်မာနိုင်ငံသည် နယ်နိမိတ်ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ် ပြီး မြန်မာအလုပ် သမားသုံးသန်းကျော်မက ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။ မြန်မာနှင့် ထိုင်းသည် ခွဲခြားမရသကဲ့သို့ မြန်မာအလုပ်သမားများသည်လည်း ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်နေမည်သာ။

သို့သော် ထိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဓလေ့စရိုက်များကို သိရှိပြီး လုံခြုံဘေးကင်းစွာ သွားရောက်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက်မူ အလွန်အရေးကြီးကြောင်း ILOမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ထောက်ပြသည်။


“မြန်မာအပါအဝင် လူပေါင်းများစွာကထိုင်းမှာ အလုပ်လုပ်ဖို့ လာရောက်နေကြတယ်။ ဒါပေမယ့် အချို့ သူတွေ ဟာ အလုပ်ရှင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ ရပိုင်ခွင့်တွေ မပြည့်ဝတာနဲ့ အကူအညီတောင်းခံနိုင်ဖို့ ခက်ခဲတာတွေကို ခံစားနေကြရတယ်ဆိုတာကို မြင်ရပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံကို အလုပ်လာလုပ် မယ်ဆိုရင် မတရားညှဉ်းပန်းနှိပ်စက်တာမျိုးကို ရှောင်ရှားနိုင်မယ့်အကာအကွယ်တွေ၊ အစီအမံတွေနဲ့ ဆက်သွယ်မှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်”ဟုILOမြန်မာမှ နည်းစနစ် နည်းပညာအကြံပေးအရာရှိချုပ်ဂျက်ကီပူးလော့က ပြောသည်။

တရားဝင်စေလွှတ်မှုကို ၂၀ဝ၃ ခုနှစ်တွင် နှစ်နိုင်ငံအစိုးရသဘောတူညီမှုရ ယူဆောင်ရွက်ခဲ့ပြီး ဇွန်လ အတွင်းက ထိုင်းနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ချိန်တွင် သဘောတူညီမှုများ ထပ်မံပြုလုပ်ထားပြီးဖြစ်သည်။

✪အသုံးစရိတ်နဲ့အကျိုးဆောင်ခ✪

အသုံးစရိတ်များနှင့် နေရာထိုင်ခင်းအတွက် အလုပ်ရှင်သို့မဟုတ် အကျိုးဆောင်များက စီစဉ်ပေးမည်ဟု ပြောကြား ထားပါက သေချာစွာ စုံစမ်းမေးမြန်းရန် လိုအပ်မည်ဖြစ်ပြီး ပေးချေမှုများ အတွက် မည်သို့ပြန်လည်ပေးဆပ်ရမည်ကိုလည်းမေးမြန်းထားရန် လိုအပ်ကြောင်း၊ သဘောတူညီမှုများနှင့် အလုပ်ရှင်အလုပ်သမားစာချုပ်ကိုလည်းလက်ဝယ်ထားရှိပြီး နားလည်စွာ ဖတ်ရှုထားရန်လိုအပ်ကြောင်း သိရသည်။ ထို့ပြင်အလုပ်ရှင် တစ်ယောက်မှ အခြားတစ်ယောက်သို့ ပြောင်းရွှေ့လုပ်ကိုင် ရန်အခြေအနေ များကို သိရှိထားရန်လိုအပ်ပြီး အလုပ်ပြုတ်သွားလျှင်လည်းကောင်း၊ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွား လျှင်လည်းကောင်း မူလအလုပ်ခန့်စာသည်ပျက်ပြယ်သွားသည်ကို သတိပြုရန်လည်း လိုအပ်သည်။

အခြေအနေအရပ်ရပ်ကြောင့် အလုပ်ရှင်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့်အခါ၊ အလုပ်ရှင်သည် အလုပ်သမားကာကွယ်ရေးဥပဒေကိုချိုးဖောက်သည့်အခါ၊ အလုပ်ရှင်က အလုပ်ပြောင်းရန် သဘော တူညီသည့်အခါများတွင် တူညီသည့်အလုပ်အကိုင် အမျိုးအစားကိုသာ ရွှေ့ပြောင်းနိုင်ပြီး မူလအလုပ်ရှင်က 
အလုပ်လွှဲပြောင်းခွင်လျှောက်လွှာတွင် ၁၅ ရက်အတွင်း လက်မှတ်ရေးထိုးပေးရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဥပဒေများအရ သိရှိထားရန် လိုအပ်ကြောင်းILO မှ သတင်းထုတ်ပြန်ထားသည်။



✪ထိုင်းနိုင်ငံမှ အလုပ်ပိတ်ရက်များ✪

ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ပိတ်ရက်များရပိုင်ခွင့်ရှိပြီး အိမ်အကူအလုပ်သမားအပါအဝင် အလုပ်သမားအများစုသည် နှစ်စဉ်အလုပ်ပိတ်ရက် စုစုပေါင်း ၁၃ ရက် ရပိုင်ခွင့်ရှိသည်ဟု ထိုင်းနိုင်ငံက သတ်မှတ်ထားသည်။ ၎င်းပိတ်ရက်များသည် အများနှင့်ဆိုင်သည့် တရားဝင်ပိတ်ရက်များဖြစ်ပြီး 
ထိုပိတ်ရက်သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်နှင့် ကြုံပါက အခြားအလုပ်ဆင်းရက်များမှ ယင်းရက်များကို အစားထိုး ရရှိပိုင်ခွင့်ရှိသည်ကို သိရှိထားရန် လိုအပ်ပါသည်။ထိုင်းနိုင်ငံအစိုးရ ရုံးပိတ်ရက်အတွင်း အလုပ်ဆင်းရသည့်အခါ အားလပ်ရက်လုပ်အားခကို အလုပ်ရှင်ထံမှ တောင်းယူပိုင်ခွင့်ရှိသည်။ အလုပ်

သမားအားလုံးသည် လုပ်ငန်းရှင်တစ်ဦးထံတွင် အလုပ်လုပ်ချိန်ကာလ တစ်နှစ်အတွင်းအနှောင့် အယှက်ဖြစ်စေ သည့် မည်သည့် အပြုအမူမှ ပြုလုပ်ခဲ့ခြင်းမရှိပါက လစာဖြင့် ပုံမှန် ခွင့်ရက် တစ်နှစ်လျှင်လုပ်သက်ခွင့် ၆ ရက်ကိုလည်း ရရှိနိုင်သည်။ရေလုပ်သားများအတွက် လစာဖြင့် ပုံမှန်အလုပ်ပိတ်ရက် တစ်နှစ်လျှင် လုပ်သက် ခွင့် ရက်ပေါင်း ၃၀ ကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ထိုင်းနိုင်ငံဥပဒေများအရ သိရှိရပြီး စိုက်ပျိုးရေးအလုပ်သမားများ အနေဖြင့်မူ အလုပ်ရှင်တစ်ဦးထံတွင် ရက်ပေါင်း ၁၈၀ အလုပ်လုပ်ကိုင်ခဲ့ပြီးပါက အလုပ်ပိတ်ရက်အဖြစ် သုံးရက် ရရှိပိုင်ဆိုင်နိုင်ကြောင်း သိရသည်။ 

သို့သော် စိုက်ပျိုးရေးလုပ်သားသည် ထိုင်းနိုင်ငံ အများပြည်သူ ရုံးပိတ်ရက်များကို ခံစားခွင့်မရှိကြောင်း ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ဆေးကုသမှုနှင့် ဆိုင်သည့် ခွင့်ရက်ကိုလည်းရပိုင်ခွင့်ရှိပြီး အနည်းဆုံး သုံးရက်နှင့် အထက်တောင်းခံနိုင်ကြောင်း သိရပြီး ဆရာဝန်၏ထောက်ခံချက် ဆေးစစ်လက်မှတ်ရရှိထားရန် လည်း လိုအပ်ကြောင်းသိရသည်။ရေလုပ်သားများအပါအဝင် အလုပ်သမားအများစုသည် ဖျားနာခြင်းအ တွက် အများဆုံးရက်ပေါင်း ၃၀ ခန့် ခွင့်ယူပိုင်ခွင့်ရှိပြီး စိုက်ပျိုးရေးလုပ်သားများအတွက်မူ ဖျားနာခြင်းအတွက်ခွင့်ရက် ၁၄ ရက် ယူပိုင်ခွင့်ရှိကြောင်းသိရသည်။


✪ပြဿနာဖြစ်ပွားလျှင်ခံစားခွင့်✪

အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းခံရလျှင် အလုပ်လုပ်ခဲ့သည့် ကာလအတွက် လစာလုပ်အားခကို အပြည့်အဝ ခံစားခွင့်ရှိပြီး အလုပ်သမား အများစုတွင် အလုပ်မလုပ်ခဲ့ သည့် တရားဝင်ခွင့်ရက်များအတွက် လုပ်အားခကိုလည်း ထိုင်းနိုင်ငံသို့သွားရောက်လုပ် ကိုင်သူများအနေ
ဖြင့် တောင်းဆိုနိုင်ကြောင်း သိရသည်။လုပ်အားခ၂၀၁၃ခုနှစ် ဇန်နဝါရီလမှစတင်ကာ ထိုင်းတစ်နိုင်ငံလုံး တွင် အနည်းဆုံးလုပ်ခကြေးငွေတစ်ရက်လျှင် ဘတ် ၃၀ဝ အဖြစ် သတ်မှတ်ထားပြီးဖြစ်ခြင်းကြောင့် ဘတ် ၃၀ဝ နှင့် အထက် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် တစ်နေ့လျှင် အနည်းဆုံး၁ နာရီ အလုပ်နားပိုင်ခွင့်နှင့် အလုပ်စတင်လုပ်ချိန်မှစ၍ ၅နာရီထက်မကျော်သောအချိန်တွင် သင့်အလုပ်နားချိန်အဖြစ်သတ် မှတ်ပေး ရန် တောင်း ဆိုခွင့်ရှိကြောင်း ထိုင်းဥပဒေအရ သိရသည်။

အချိန်ပိုအလုပ်လုပ်ခြင်းကို ငြင်းပယ်ပိုင်ခွင့်ရှိကြပြီး အများဆုံး အလုပ်လုပ်ချိန်မှာတစ်ပတ်တွင် ၄၈ နာရီသာ ရှိရမည်ဖြစ်ပြီး သာမန်အလုပ်လုပ်ချိန်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုအလုပ်ရှင်နှင့် သဘောတူညီပြီးဖြစ်ပါက အချိန်ပိုလုပ်အားခအဖြစ် ပုံမှန်လုပ်အားခ၏ ၁ ဒသမ ၅ဆ ပိုမိုရရှိရမည်ဖြစ်သည်။


✪ထိုင်းရောက်အလုပ်သမားတွေရဲ့ တာဝန်ဝတ္တရား✪

အရေးကြီးသည့် လုပ်ဆောင်ဖွယ်ကိစ္စမှာပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အကျိုးဆောင်များ၊အလုပ်ရှင်နှင့်မိသားစုထံသို့ အလျင်မြန်ဆုံးအကြောင်းကြားရန်ဖြစ်ပြီး လိုအပ်သလို ကူညီပေးနိုင်မည့် အဖွဲ့အစည်းများထံ ဆက်သွယ်မှုပြုရမည်ဖြစ်သည်။ ထို့ပြင် ခွင့်နှင့်ပတ်သက်ပြီး အလုပ်ရှင်ထံသို့ ကြိုတင်အကြောင်းကြားရန်လို အပ်ပြီး ခွင့်ရက်ပိုယူခြင်းကြောင့် အလုပ်ရှင်၊ အလုပ်သမား စာချုပ်ကို ချိုးဖောက်ရာရောက်ပြီး လုပ်ငန်း အဆင်မပြေသူများ ပိုမိုများပြားနေသည်ကိုလည်း သတိပြုရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ် သမားများထံမှ သိရှိရသည်။ ထို့ပြင် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ် ကိုင်သူများသည် ရက်ပေါင်း ၉၀ ပြည့်တိုင်း အနီးစပ်ဆုံး လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတင်းပို့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အနည်းဆုံး ဘတ် ၃၀ဝဝမှ အများဆုံး ဘတ် ၂၀ဝဝဝ အထိ ဒဏ်ငွေတပ်ခံရမည်ဖြစ်သည်။


✪အထောက်အထားပြည့်အလုပ်သမား✪

သဘောတူညီချက်များအတိုင်း တရားဝင်အထောက်အထား ပြည့်စုံမှုဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေပါက လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိပြီး လူမှုဖူလုံရေး ဥပဒေဘောင်အတွင်းရှိနေမည်ဆိုပါက ထိုင်းအစိုးရကို လစာ၏ ၅ရာခိုင်နှုန်းပေးအပ်ထားရမည်ဖြစ်သည်။ ဖျားနာခြင်း၊ မတော်တဆ ထိခိုက်ခြင်းနှင့် ကိုယ်ဝန်ရှိခြင်း (ကလေးအတွက် ထောက်ပံ့ခြင်း)၊ သေဆုံးခြင်းတို့အတွက်ထောက်ပံ့ကြေးအကျိုးခံစားခွင့်ကို ရရှိနိုင်ပါသည်။

အထောက်အထားမဲ့ အလုပ်သမား ထိုင်းနိုင်ငံ အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အထောက်အထားမဲ့ အလုပ်သမားများသည် ကျန်းမာရေး အာမခံအတွက်တစ်နှစ်လျှင် ဘတ် ၁၉၀ဝ ပေး
ဆောင်ရန် လိုအပ် သည်။ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သတ်မှတ်ဆေးခန်းများတွင် တစ်ခါပြသ လျှင် ဘတ်၃၀ ဖြင့် စောင့်ရှောက်မှုခံယူနိုင်မည်ဖြစ်ပြီး အခြားမည်သည့် ခံစားခွင့်ကိုမျှ ထပ်မံရရှိနိုင်မည် မဟုတ်ကြောင်းကို သိရှိထားရန်လိုအပ်သည်။

ထိုင်းရောက်အမျိုးသမီးအလုပ်သမားထိုင်းနိုင်ငံဥပဒေအရ တူညီသောအလုပ်တစ်ခုတည်းတွင် အမျိုးသား အမျိုးသမီးများအလုပ်လုပ်ကိုင်က တူညီသောလစာကို ခံစားခွင့်ရှိကြောင်း သတ်မှတ်ထားသည်။ သို့သော် အိမ်အကူအလုပ်သမားများအဖြစ် လုပ်ကိုင်သည့်အမျိုးသမီးများသည် ကလေးမီးဖွားခွင့်များကိုအကာ အကွယ်ပေးမှုနှင့် သက်ဆိုင်သည့် ကူညီစောင့်ရှောက်မှုကို မရနိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ရှိပါက မီးဖွားခွင့်အတွက် ရက်ပေါင်း၉၀ တိတိ ခွင့်ယူပိုင်ခွင့်ရှိပြီး ယင်းရက်များတွင် ၄၅ရက်ကို လစာရပိုင်ခွင့်ရှိကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းအလုပ် သည် ဘေး မကင်းပါက ဆရာဝန်၏ ဆေးထောက်ခံချက်အရ သက်သောင့်သက်သာရှိသည့် အလုပ်တစ်မျိုးမျိုးသို့ ယာယီလုပ်ကိုင်ခွင့် တောင်းခံနိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ရှိနေစဉ် အလုပ်လုပ်ပါက ကိုယ်ဝန်ဆောင်နေသောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်း၊အရေးမ ထားခြင်း များပြုလုပ်ပါက အထူးကာကွယ်စောင့်ရှောက်ခြင်းကို တောင်းခံပိုင်ခွင့်ရှိကြောင်းသိရသည်။


✪သက်ငယ်လုပ်သားများ✪

ရွှေ့ပြောင်းလုပ်သားများအပါအဝင် အသက်၁၅နှစ်အောက် ကလေးငယ်များသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ် ခွင့်ရရှိမည်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ထားပြီးဖြစ်သည်။ အကယ်၍အသက်မပြည့်သည့် လုပ်သား တစ်ဦး ဖြစ်နေလျှင်၊သို့မဟုတ် ကလေးလုပ်သားများကိုတွေ့ရှိလျှင်အသက် လိမ်လည်ပြောဆိုခြင်း မပြုမိရန် အကြံဉာဏ်များပေးသင့်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။ အသက် ၁၅နှစ်မှ ၁၇နှစ်အကြား ကလေးလုပ်သားများမှာမူ အလုပ်လုပ်ပိုင်ခွင့်ရှိပါသည်။ သို့သော် တစ်ရက်လျှင် အလုပ် လုပ်ချိန် ၈နာရီထက် မပိုဘဲ၊ တစ်ပတ်လျှင် အလုပ်လုပ်ချိန် နာရီ ၄၀ထက်မပိုဘဲလုပ်ကိုင်ရန် ထိုင်းအစိုးရက သတ်မှတ်ထားသည်။


✪အစိုးရအဖွဲ့အစည်းများ✪

လူကုန်ကူးခံရသူများသည် ဖုန်းနံပါတ် ၁၃၀ဝသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ရဲစခန်းအကူအညီလိုအပ်ပါက ၁၉၁ သို့ ခေါ်ယူတိုင်ကြားနိုင်သည်။အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရပါက ၁၅၄၆ နှင့် အလုပ်လုပ်ခွင့် ပါမစ်နှင့် ပတ်သက်သည့်အကြောင်းအရာများအတွက် ၁၆၉၄သို့ ၂၄နာရီ ခေါ်ဆိုတိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်းဆောင်းပါး-ခင်ရတနာ 
၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထပ်ဆင့်ဖော်ပြပါသည်။

Subscribe Us