Sunday, September 04, 2016

ရွှေ့ပြောင်းလုပ်သားတို့အခက်အခဲတွေအတွက် အလုပ်သမားသံအရာရှိတွေနဲ့သံရုံးတွေကို အကူအညီတောင်းခံနိုင်ပါတယ်




လူသားတို့သည် ရေကြည်ရာမြက်နုရာရှာဖွေရင်းဘဝကို မြင့်သထက်မြင့်၊အောင်မြင်သထက် အောင်မြင်
အောင် ကြိုးစားရုန်းကန်ခြင်းဖြင့်အောင်မြင်ကြီးပွားသူအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လူသား
တို့၏ စွမ်းဆောင်မှုအလိုက်၊ နေရာဒေသ အားသာချက်အလိုက် ကံ၊ဉာဏ်၊ဝီရိယအကျိုးပေးအလိုက်ဒေသ တစ်ခုနှင့် တစ်ခု ဖွံ့ ဖြိုးတိုးတက်မှုကွဲပြားခြားနားကြသည်။

ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူဦးရေနှင့်လူနေမှုပုံစံသည် အခြားသော ဖွံ့ ဖြိုးမှုနောက်ကျသေးသည့်
နိုင်ငံများမှကျွမ်းကျင်ပညာရှင်များ၊ ကုန်ထုတ်စွမ်းအားရှင် အလုပ်သမားများ၏လိုအပ်ချက်များကို ဖန်တီးပေး ရာဈေးကွက်ကြီးဖြစ်နေပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများအတွက်မူ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှု၊ နယ်မြေမငြိမ်သက်မှု၊ ရာသီဥတုနှင့်စီးပွားရေး အခြေအနေတို့ကြောင့်ယင်းနိုင်ငံရှိ လုပ်သားများက အလုပ်
အကိုင်ပေါများပြီး လုပ်ခလစာ ပိုမိုရရှိသည့် နေရာများသို့ ရွှေ့ပြောင်းသွားခြင်းကို ခံစားနေရပါ သည်။


မြန်မာလုပ်သားတွေ ဘယ်ရောက်ကြသလဲ
အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ ၁၄ သန်းခန့်ရှိနေပြီး ခြောက်သန်းခန့်မှာအရှေ့
တောင် အာရှနိုင်ငံများအတွင်း ရွှေ့ပြောင်းကြပါသည်။ ရွှေ့ပြောင်းသွားလာကြသူများအနက် ၄၀ ရာခိုင်နှုန်း
သည် အမျိုးသမီးများဖြစ်ကြပြီးမြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်း၏ ၁၀ရာခိုင်နှုန်းသည် ရွှေ့ ပြောင်း အလုပ် သမားများအဖြစ် နိုင်ငံအသီးသီးတွင် သွားရောက် လုပ်ကိုင်နေကြသည်။


 အလုပ်သမားသံအရာရှိဆိုတာ
ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနိုင်ရန် အတွက်မြန်မာ လုပ်သားများ အများဆုံးသွားရောက်လုပ်ကိုင်သည့် နိုင်ငံများဖြစ်သည့်ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်သံအရာရှိ နှစ်ဦးစီနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် သံအရာရှိတစ်ဦးကို အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံး သံအမတ်ကြီး၏ ကွပ်ကဲ မှုဖြင့် အလုပ်သမားသံအရာရှိတစ်ဦးစီ ခန့်အပ်ထားပါသည်။ သံအရာရှိခန့်အပ်ခြင်း မရှိသည့်နိုင်ငံ များတွင်မူ မြန်မာသံရုံးမှအလုပ်သမားများကို ကာကွယ်စောင့်ရှောက်မှုများပြုလုပ်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးကပြောကြားသည်။

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော အလုပ်သမားများအနက် ထိုင်းနိုင်ငံတွင် နှစ်သန်းကျော်ခန့်နှင့် မလေးရှားနိုင်ငံတွင် နှစ်သိန်းနီးပါးခန့် ရောက်ရှိနေပြီးတရားမဝင် အလုပ်သမားများလည်းရှိနေရာ အလုပ်သမားသံအရာရှိဦးရေနှင့် အလုပ်သမားဦးရေသည် မျှတမှုမရှိသည်ကို မြင်တွေ့ရပြီး ဝန်ထမ်းများ တိုးမြှင့်ရန်ရှိကြောင်း ဒေါ်ခင်နွေဦးကပြောကြားသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စများ အတွက် လူမှုအဖွဲ့အစည်းများကလည်း များစွာအကျိုးပြုကြောင်း သိရသည်။




အနည်းဆုံးလုပ်ခနှင့် လုပ်ငန်းတွေ
မြန်မာလုပ်သားများ နိုင်ငံရပ်ခြားသို့စီးပွားထွက်ရှာကြမည်ဆိုပါက အနည်းဆုံးလုပ်ခမှာ ဂျပန်နိုင်ငံတွင် တစ်လလျှင်ယန်း ၁ ဒသမ ၂ သန်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် တစ်လလျှင် ဝမ် ၁၃ ဒသမ၄သိန်း၊ စင်ကာပူနိုင်ငံတွင် တစ်လလျှင်စင်ကာပူ ဒေါ်လာ ၂၀ဝဝ၊ မလေးရှားနိုင်ငံတွင် တစ်လလျှင် ရင်းဂစ် ၉၀ဝ၊ထိုင်း နိုင်ငံ တွင် တစ်လလျှင် ဘတ် ၉၀ဝ၀ ရရှိနိုင်ကြပါသည်။ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံတို့သည် မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်ကြသည့်နိုင်ငံ များဖြစ်ကြပြီးစက်မှုကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဝန်ဆောင် မှုလုပ်ငန်းများကို လုပ်ကိုင်ကြရသည်။ ယူအေအီးနိုင်ငံတွင်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် လေကြောင်းလိုင်း ဝန်ဆောင်မှုလုပ်ငန်း များကိုလည်းမြန်မာလုပ်သားအများစုသွားရောက်လုပ်ကိုင် လျက်ရှိသည်။

ခေါင်းပုံဖြတ်ခံရတယ်ဆိုတာ
ပြည်ပရောက် လုပ်သားများသည်လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရခြင်း၊ခွဲခြားဆက်ဆံခံရခြင်းတို့ ဖြစ်ပေါ် တတ်ပါသည်။ အလုပ်ခန့်ထားမှုသည် သင့်တော်မျှတကာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါ အချက်အလက်များကို လိုက်နာရန်လည်း လိုအပ်ပါသည်။အလုပ်ခန့်ထားမှု စာချုပ်တွင် လုပ်ခလစာ၊ လစာပေးမည့် အချိန်ကာလ၊လုပ်ခလစာဖြတ်တောက်ခြင်း၊ လစာတိုးမြှင့်ခြင်း၊ အလုပ်ချိန်၊ အားလပ်ရက်၊
အစိုးရရုံးပိတ်ရက်၊ နာမကျန်းခွင့်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့်၊ အလုပ်သမားရပိုင်ခွင့်များနှင့် လူ့ဂုဏ်သိက္ခာ
စောင့်ထိန်းမှု၊ အဓမ္မကျင့်မှု၊ အန္တရာယ်ရှိသောအခြေအနေများနှင့် လူသားမဆန်သည့်ကိစ္စရပ်များကို ကြုံတွေ့ရတတ်ပါသည်။

ထို့ပြင် အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများအတွက် အကာအကွယ်ရရှိမှု၊ ကျားမ ခွဲခြားမှုမရှိစေရန်နှင့် အထောက်အထားရရှိရန် အထောက်အထားမဲ့ အလုပ်သမားများအား ကူညီရန် ၊ အလုပ်သမားသေဆုံးပါက ကြုံတွေ့ရမည့် အမှုကိစ္စများ၊အလုပ်သမား ပြန်လည်ပို့ဆောင်မှုများ၊လစာကျန်ငွေနှင့် အကျိုးခံစားခွင့်များကို ဆုံးရှုံးမှုကြုံရသည့်အခါ ယင်းကိစ္စရပ်များကို အလုပ်သမားသံအရာရှိ၏ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

တစ်ဖက်နိုင်ငံရဲ့ ဥပဒေတွေ သိကြပြီလား
မိမိနိုင်ငံသားများအဖို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မူရင်းနိုင်ငံတွင် လက်ခံကျင့်သုံးနေသည့် ဥပဒေနှင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကိုအလုပ်သမားများ သိရှိနားလည်ရန်လိုအပ်ပြီး သက်ဆိုင်ရာနိုင်ငံများရှိအလုပ်အကိုင် သတင်းအချက်အလက်များကို သိရှိလိုပါက အလုပ်သမားသံအရာရှိတို့ထံ ဆက် သွယ်အကူအညီတောင်းခံနိုင်ကြောင်း ဒေါ်ခင်နွေဦးထံမှသိရှိရသည်။ ဆိုက်ရောက်နိုင်ငံမှ မိမိနိုင်ငံသားများ ကို ပိုမိုထိရောက်စွာ ကူညီပေးနိုင်ရန်ယင်းနိုင်ငံရှိ အလုပ်ရှင်အဖွဲ့အစည်း၊အလုပ်သမား သမဂ္ဂများ၊လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းကာအလုပ်သမား သံအရာရှိများက ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့အဓိကအခက်အခဲ
အလုပ်သမားများသည် ကုန်ထုတ်လုပ်မှု အကောင်းဆုံးအခြေအနေရရှိစေရန် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာစွာ အလုပ်လုပ်ကိုင်နိုင်သော နေရာများတွင် လုပ်ကိုင်ခွင့်ရရှိရန် လိုအပ်လျက်ရှိသည်။
ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ငန်းခွင်မတော်တဆထိခိုက်မှုကို အများဆုံး
မြင်တွေ့ရသည်။ အလုပ်သမား အများစုသည် ဘာသာစကားအခက်အခဲကိုကြုံတွေ့နေကြရပြီးလေ့ကျင့် သင် ကြားပေးမှုလုံလောက်စွာမရရှိခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ရာတွင်ခြောက်လမပြည့်မီလုပ်ငန်းခွင် မတော် တဆ ထိခိုက်မှုအများဆုံးကြုံတွေ့နေကြရကြောင်း ရွှေ့ပြောင်းအလုပ်သမားများ၏ အတွေ့အကြုံများ မှ သိရှိရသည်။

 အလုပ်သမားသံအရာရှိကို အသိပေးပါ
လုပ်ငန်းခွင်အတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ရှင်များနှင့်အလုပ်သမားအဖွဲ့အစည်းများအကြား ထိရောက်သော ဆက်သွယ်မှုနှင့်လိုက်လျောညီထွေဖြစ်မှု အားနည်းပါကအလုပ်သမားသံအရာရှိထံ ဆက်သွယ်ကာ အသိပေးပြောကြားထားသင့်သည်။

သို့မှသာ သက်ဆိုင်ရာသံရုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုပြုခြင်း၊ဆိုက်ရောက် အစိုးရသို့ တင်ပြပူးပေါင်းခြင်း၊အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာဖြစ်ပေါ်လာသည့် အခက်အခဲများကိုကူညီ ရင်ဆိုင် ဖြေရှင်းပေးခြင်းတို့ကိုပြုလုပ်ပေးနိုင်မည်ဖြစ်သည်။အလုပ်သမားသံအရာရှိများသည်အလုပ်သမားများ
၏ လုပ်ခလစာနှင့်ပတ်သက်၍ တိုင်ကြားလာပါက လစာဖြတ်ပိုင်းကဲ့သို့ အထောက်အထားများဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကိုအလုပ်ရှင်များထံမှ ရရှိရန် ကူညီဆောင်ရွက်ပေးခြင်း၊ အလုပ်ရှင်နှင့်ပြဿနာဖြစ်သည့် အလုပ်သမားများကိုအလုပ်ထုတ်ခံရသည့်အခါ သို့မဟုတ်အလုပ်ရှင်မှ အလုပ်လုပ်ခွင့်ပြုမိန့်များ ၊ဖြတ်သန်းသွာလာခွင့်များကို သိမ်းဆည်းထားသည့်အခါ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေးနိုင် သည့်အပြင် အလုပ်သမားများ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများအတွက်လည်းလျော်ကြေးငွေများ မိသားစုထံရောက်ရှိရေးကို အကူအညီပေးနေကြသူများဖြစ်ကြောင်း ဒေါ်ခင်နွေဦးက ဖြေကြားသည်။

ထို့ပြင် အလုပ်သမားစေလွှတ်သည့်နိုင်ငံများမှ အလုပ်သမားတစ်ဦးဦးသည်ထောင်ကျခြင်း၊ တရားစွဲဆိုခြင်း၊ ထိန်းသိမ်းခြင်းခံထားရပါက အလုပ်သမားသံအရာရှိများသည် တရားဥပဒေနှင့်အညီ အစီအစဉ်များရေး ဆွဲကာ သက်ဆိုင်ရာအစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ပေးနိုင်ကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံမှာ အလုပ်လုပ်ရင်
“အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကနေ အလုပ်သမားသစ်တွေကိုရီးယားကို ရောက်လာပြီဆိုတာနဲ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကိုယ်တိုင်သွားကြိုပြီး နိုင်ငံထဲမှာနေထိုင်စဉ်နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေကိုပြောပြပေးပါတယ်။ ပြီးမှ လုပ်ငန်းခွင်အကြိုသင်တန်းကျောင်း ကို တက်ဖို့ HRD Korea ကို လွှဲပြောင်းပေးပါတယ်။ အလုပ်သမားတွေရဲ့ သာရေး၊နာရေး၊ လူမှုရေးနဲ့ ကျန်းမာရေးအားလုံးကို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ အလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေအရမြန်မာမှာရှိတဲ့ မိဘဆွေမျိုးတွေ လိုက်လာနိုင်ရေးကိုလည်း ကူညီပေးနေရတာ ရှိတယ်” ဟု ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်သမားသံအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဦးတင်
ဝင်းက ဖြေကြားသည်။

ထို့ပြင် လုပ်အားခ၊ အချိန်ပိုလုပ်ခ၊အလုပ်ချိန်၊ အားလပ်ရက်စသည့်ကိစ္စများနှင့် လုပ်ငန်းခွင်ဆိုင်ရာပြဿနာ များနှင့်ပတ်သက်၍ အလုပ်ရှင်များ၊ အလုပ်သမားများ၊ ကိုရီးယားအလုပ်သမားဌာနများ ၊ နိုင်ငံခြားသား အလုပ်သမား အထောက်အကူပြုစင်တာများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အလုပ်ထွက်ခြင်း၊ အလုပ်ရွှေ့ပြောင်းခြင်း၊ အလုပ်အကိုင်သစ် ထပ်မံလျှောက်ထားခြင်းတို့ကိုလည်း အကြံဉာဏ်ပေးခြင်း၊ကူညီပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း ၎င်းကပြောပြသည်။

“မြန်မာအလုပ်သမားတွေကိုအမြဲအားပေးရတယ်။ ပြဿနာကတော့ အစုံတွေ့ရတယ်။ အဓိကကတော့ လုပ်ငန်းခွင်ပင်ပန်းမှုတွေ၊ဘာသာစကား အခက်အခဲတွေနဲ့ကျန်းမာရေး ပြဿနာတွေရှိတယ်။ တရားမဝင်
နေထိုင် မှုမဖြစ်အောင်လည်း အသိပညာတွေပေးနေရပါတယ်။ အာမခံကြေးတို့၊ ကရုဏာကြေးတို့၊ လုပ်သက်ဆုကြေးတို့လည်းအများတန်းတူရအောင် ကူညီပေးရတာရှိပါတယ်။ အိမ်လွမ်းတဲ့စိတ်၊အားငယ်တဲ့ စိတ်တွေနဲ့ အလုပ်ခွင်နဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာအားနည်းမွန်းကျပ်တာတွေ မြင်ရလို့လုပ်ငန်းခွင် တည်မြဲအောင် အားပေးနေရတယ်”ဟု ၎င်းက အလုပ်သမားများ၏အခက်အခဲအချို့ကို ပြောပြသည်။

ထိုင်းမှာ နစ်နာမှုဖြစ်ရင် ဥပဒေဘောင်အတွင်း ဖြေရှင်းပါ
ထိုင်းနိုင်ငံမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က “ဘယ်နိုင်ငံမဆို အလုပ်သွားလုပ်တော့မယ် ဆိုရင် သွားလုပ်မယ့် နိုင်ငံရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရမှာဖြစ်ပြီး အလုပ်ရှင်၊အလုပ်သမား စာချုပ်ပါ စည်းကမ်းချက်တွေကိုလည်း အလုပ်သမားတွေနားလည်ထားဖို့လိုတယ်”ဟု ပြောကြားသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင် ရအေဂျင်စီများနှင့်သာ ချိတ်ဆက်သွားရောက်သင့်ပြီး လုပ်ငန်းခွင်ဝင်ပြီးချိန်အဆင်မပြေမှုနှင့် ထိခိုက်နစ် နာမှုများပေါ်ပေါက်လာပါကလည်း သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ထားသည့် ဥပဒေဘောင်အတွင်းမှ
တောင်းဆိုမှသာ မြန်မာအလုပ်သမားများအတွက်အလုပ်သမားသံအရာရှိက အပြည့်အဝအကူအညီပေးနိုင်
ခြင်းဖြစ်သည်။

“ကျွမ်းကျင်မှု နည်းတာ၊အထောက်အထား မပြည့်စုံတာ၊လုံခြုံမှုမရှိတာ၊ လုပ်ငန်းခွင်အ္တရာယ်ရှိတာတွေက ထိုင်းရောက် အလုပ်သမားတွေအများဆုံး ကြုံတွေ့နေရတဲ့အခြေအနေတွေဖြစ်ပါတယ်။ လစာငွေမရတာ၊ တရားမဝင် လစာငွေဖြတ်တာ၊ အလုပ်ခန့်ထားမှု စာချုပ်ကိုအစားထိုးတာ၊ လွတ်လပ်စွာ သွားလာခွင့်မရတာတွေ ကြုံနေရတယ်“ ဟုထိုင်းနိုင်ငံ၏ အလုပ်သမား သံအရာရှိဦးအောင်ကိုသန်းကလည်းပြောပြသည်။

မူရင်းနိုင်ငံမှ မထွက်ခွာမီ အလုပ်သမားများကို ကောင်းမွန်သောအလုပ်အကိုင်နှင့် လစာများရရှိမည်ဟုကတိပေး ထားသော်လည်း ပြည်ပနိုင်ငံသို့ ရောက်သောအခါ မရရှိဘဲအချို့သည် တရားဝင် အလုပ်လုပ်ခွင့်ပင် မရှိသောကြောင့်မြန်မာအလုပ်သမားအချို့မှာ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အားနည်းထိခိုက်လွယ်သူ များဖြစ်လာပြီး ဖမ်းဆီး ခံရမည်ကို ကြောက်ရွံ့နေခြင်းများကိုကြုံတွေ့နေရကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများ၏ တိုင်ကြားမှုအများစုတွင် တစ်ဆင့်ခံ အလုပ်အကိုင်ဆိုင်ရာစာချုပ်မှတစ်ဆင့် တစ်ဦးထက် မကသော အလုပ်ရှင်များဖြင့် ဆောင်ရွက်လေ့ရှိသဖြင့် အတည်ပြုရန် ခက်ခဲမှုများရှိနေကြောင်း အလုပ် သမားသံအရာရှိများထံမှသိရပြီး လုံခြုံစိတ်ချရသည့်ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု ဖြစ်ရန်အတွက် အလုပ် သမားများအနေဖြင့်အထောက်အထားနှင့် စာရွက်စာတမ်းများကို မှန်ကန်စွာ လုပ်ကိုင်ကြရန်လိုအပ်ကြောင်းသိရသည်။

မလေးရှားရဲ့ အလုပ်သမားဥပဒေတွေကိုသိပါသလား
မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရာတွင် မိမိအားခေါ်ယူသည့် Calling Visaပါသည့် ပြည်နယ် ၊မြို့နယ်နှင့် စာချုပ်ပါ လုပ်ငန်းအမျိုးအစား၊စက်ရုံများတွင်သာ အလုပ်လုပ်ကိုင်ကြရမည်ဖြစ်ပြီး အလုပ် အကိုင် လွဲမှားခြင်း၊အလုပ်နေရာလွဲမှားခြင်းများ ဖြစ်ပွားပါကအလုပ်သမားများဖမ်းဆီးထိန်းသိမ်းခြင်းခံကြရမည် ဖြစ်သည်။ 

“အခက်အခဲတွေ ကြုံတွေ့လာရင်ကိုယ့်ကိုလွှတ်လိုက်တဲ့ အေဂျင်စီ ဒါမှမဟုတ် အလုပ်သမားသံအရာရှိဆီကို ဆက်သွယ်တိုင်ကြားဖို့ လိုအပ်ပါတယ်။မလေးရှားကို ရောက်လာလို့ အားလပ်ရက်တွေမှာ မြို့ထဲကို သွား မယ်ဆိုရင်အထောက်အထားတွေ ပြည့်ပြည့်စုံစုံယူသွားဖို့ လိုအပ်ပါတယ်။ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံ
ကို C of I နဲ့ ပြန် သွား သူတွေက မလေးရှားကို ခြောက်နှစ်အတွင်း ပြန်လာလို့ လုံးဝမရပါဘူး။အမည်၊
 နေရပ် လိပ်စာနဲ့ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်တွေ လိမ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်လို့ မလေးရှားကို
ပြန်လာရင်လည်း လေဆိပ်မှာ လက်ဗွေနှိပ်တဲ့အချိန် ပေါ်လာပြီးBlack Listဖြစ်ပြီး ပြန်ရမှာပါ။ ဒါတွေကို သတိထားဖို့လိုတယ်” ဟု မလေးရှားနိုင်ငံ အလုပ်သမား သံအရာရှိ ဦးတင်အောင်မိုးကဖြေကြားသည်။

အလုပ်သမားများသည် မလေးရှားနိုင်ငံသို့ ရောက်ရှိ၍ အလုပ်လုပ်ကိုင်ပြီးမကြာမီ သူငယ်ချင်းမိတ်ဆွေများမှ တစ်ဆင့် ပွဲစားများနှင့် ချိတ်ဆက်ကာလက်ရှိအလုပ်ထက် ဝင်ငွေပိုမိုရရှိနိုင်မည့်လုပ်ငန်းခွင်များသို့ တရားမဝင်ပြောင်းရွှေ့လုပ်ကိုင်ခြင်းများလည်းရှိသည်။ထို့ပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် Passport for Job (PJ)ဟု လျှောက်ထားပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် လွယ်ကူနိုင်ပြီးPassport for Visit (PV) ဖြင့်လျှောက်ထားပါက သက်တမ်းတိုးရာတွင်အခက်အခဲကြုံတွေ့ရနိုင်သည်။

“အလုပ်ကနေ ထွက်ပြေးကြပြီးအလုပ်ပြောင်းတာက ပြောင်းခါစမှာသာအဆင်ပြေကြတာ ကြာလာရင် အလုပ်ရှင်က မတရားလုပ်အားခ ခေါင်းပုံဖြတ်တာတွေရှိပါတယ်။ ဒါ့အပြင် မတော်တဆထိခိုက်မှုဖြစ်ရင် ကူညီမယ့်သူ မရှိနိုင်ပါဘူး။ သွားလာရာမှာလည်း အဖမ်းအဆီးတွေရှိလို့ ထောင်ကျတာတွေ ဖြစ်တတ်ပါ တယ်” ဟု မလေးရှားနိုင်ငံရောက်အလုပ်သမားသံအရာရှိ ဦးဇေယျာမင်း က ရှင်းပြသည်။

 မတရားမှုကြုံလာတိုင်း တိုင်ကြားကြပါ
ရွှေ့ပြောင်းအလုပ်သမားတို့သည် ရသင့်ရထိုက်သည့် အခွင့်အရေးများပြည့်ဝစွာ ရရှိစေရန်နှင့် လုပ်ငန်းခွင် အတွင်း အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမားသံအရာရှိများနှင့်ဆက်သွယ်နိုင် သည်။
 ပြည်ပတွင်သွားရောက်လုပ်ကိုင်လိုသူများသည် လိုင်စင်ရအကျိုးဆောင်များနှင့်သာဆက်သွယ်ဆောင်ရွက် သင့်ပြီး ကြားပွဲစားများဖြင့်ပြည်ပသို့ ထွက်ခွာရန် လုပ်ကိုင်ခြင်း၊တရားမဝင်သွားရောက်ခြင်းများကိုရှောင်ကြဉ် ကြ ရန် လိုအပ်ပါ သည်။

အလုပ်သမားများ အနေဖြင့်သတင်းအချက်အလက်များ သိရှိလိုပါက သို့မဟုတ် အခက်အခဲ ပေါ် ပေါက်ပါက Complaints Mechanismများသို့လည်း ၂၄နာရီကာလပတ်လုံးဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

(မြန်မာ့အလင်း)

Subscribe Us