Sunday, September 04, 2016

ဇီကာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး သတိပေးနှိုးဆော်ချက်



ဇီကာဗိုင်းရပ်စ်ရောဂါပိုးဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင်စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ ကူးစက်မှုရှိခဲ့ပါသည်။

၂၀၁၆ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့
တောင် အာရှနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံတို့တွင်လည်း ဇီကာဗိုင်းရပ်စ်ရောဂါများကူးစက်ဖြစ်ပွားလျက် ရှိပါသည်။

ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။
 ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက်စသည်တို့တွင် တွေ့ရသည်။ နေ့ဘက်အချိန်တွင် လူကိုကိုက်ခြင်းမှ တစ်ဆင့် ရောဂါ ကူးစက်ဖြစ်ပွားစေပါသည်။




ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနစ်ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားလာနိုင်ပါသည်။ ရောဂါ ကူးစက်ခံရသူငါးဦးတွင် တစ်ဦး၌ ရောဂါလက္ခဏာများ ပြသနိုင်ကြောင်း သိရှိရပါသည်။ အဓိကလက္ခဏာ များ မှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းတို့ ဖြစ်တတ်ပါသည်။

ဇီကာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ဖြစ်ပွားခြင်း နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဇီကာဗိုင်းရပ်စ်ရောဂါကူးစက်ခံရပါက ဦးနှောက်သေးငယ်သော ကလေးငယ်များမွေးဖွားလာနိုင်ပါသည်။

ဇီကာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ရောဂါကူးစက်ခံရပါက အနားယူခြင်း၊ ရေလုံလောက်စွာသောက်သုံးခြင်း၊ ပါရာစီတမောကိုသာ အòန်းအတိုင်း သောက်သုံးခြင်း၊ ဆေးမြီးတိုများနှင့် အခြားအကိုက်အခဲပျောက်ဆေး များ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းနှင့် ဇီကာရောဂါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေး ဌာန၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ စစ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကျားပိုးလောက်လမ်းနှိမ်
နင်းရေးနှင့်ခြင်ကိုက်မခံရအောင် နေထိုင်ရေးဖြစ်ပါသည်။ အိမ်တိုင်း၊ ကျောင်းတိုင်း၊ဌာနတိုင်း၌ ခြင်ကျား
လောက်လမ်းတစ်ကောင်မျှမရှိစေရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်ရပါမည်။

ဖုံး - ရေလှောင်ထားသောအိုး၊ ခွက်များတွင် ခြင်များဝင်ရောက် မဥနိုင်ရန်အတွက် လုံခြုံစွာဖုံးအုပ်ထားရန်၊

သွန် - အိုး၊ ခွက် နံရံတွင် ကပ်နေသော ခြင်ဥများ သေစေရန်အတွက် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊ ခြင်ကျားလောက်လမ်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် သို့မဟုတ် အခြားအိုးထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်၊

လဲ - ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ ရေများကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ရန်၊

စစ် - ခြင်ကျားလောက်လမ်းများမပါစေရန် ရေဖြည့်သည့်အခါ ရေစစ်ဖြင့် စစ်ထည့်ရန်၊

လောင်း - ရေထည့်ထားသော ကြောင်အိမ်အောက်ခံခွက်များနှင့် ရေမြောင်းများတွင် ဒီဇယ်ဆီ သို့မဟုတ် စက်ဆီဟောင်းများ လောင်းထည့်ရန်၊

ထောင် - ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်အိပ်ရန်၊ တတ်နိုင်ပါက ဆေးစိမ်ခြင်

ထောင်အသုံးပြုရန်၊

မြှုပ် - အသုံးမပြုတော့သော ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများကို မြေမြှုပ်ရန်၊

ရှင်း - အိမ်အတွင်း၊ အပြင်၌ ခြင်များမခိုအောင်းနိုင်စေရန် ချုံများကို ရှင်းလင်းပြီး သန့်ရှင်းစွာထားရန်၊

ဖွင့် - အလင်းရောင်ရရန် ပြတင်းပေါက်များကိုဖွင့်ထားရန်၊

မှုတ် - လူနာရှိ၍ ကျန်းမာရေးဌာနမှ ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်ပါက ပူးပေါင်းပါဝင်ကူညီကြရန်။


ထို့အပြင် ခြင်ကိုက်မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များဝတ်ဆင်ခြင်း၊
 နေအိမ် ၌ခြင်လုံဆန်ခါ တပ်ခြင်းစသည်တို့ကိုလည်း ဆောင်ရွက်သင့်ပါသည်။ မိမိဌာန၊ နေအိမ်နှင့် စာသင်ကျောင်းတို့ရှိ ရေသိုလှောင်ထားသော အုတ်ကန်၊ ရေတိုင်ကီ စသည်တို့၌ ခြင်ကျားလောက်
လမ်းသေဆေး အဘိတ်(Abate)  ဆေးခတ်ခြင်းအား ကျန်းမာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်၊ ဇီကာဗိုင်းရပ်စ်ရောဂါ လက်ရှိဖြစ်ပွားလျက်ရှိသောအခြားနိုင်ငံများသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်သင့် ပါသည်။

ခြင်ကျားလောက်လမ်းတစ်ကောင်မျှ မရှိစေရေးအတွက် အထက်ဖော်ပြပါ ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်
 ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရေးလုပ်ငန်းများကို လူတိုင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ဇီကာဗိုင်းရပ်စ်
ရောဂါအပါအဝင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုများမရှိအောင် ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်
ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Subscribe Us