Sunday, July 10, 2016

ထိုင်းသို့သွားရောက်အလုပ်လုပ်လိုသူများအတွက်


ပူပြင်းလှသော နေရောင်အောက်တွင် စာရွက်စာတမ်း များထည့်သော ဖိုင်အိတ်ရောင်စုံများကို ကိုင်ဆောင် ထား သည့် လူငယ်အချို့ ရပ်စောင့်နေကြသည်။

သွက်လက်ပုံရပြီးဌာနဆိုင်ရာရုံးလုပ်ငန်း များနှင့် အ ကျွမ်းတဝင်ရှိပုံရသည့် လူငယ်တစ်ဦးနောက်သို့ တ
ကောက်ကောက်လိုက်ကြရင်း မကြာမီ ရက်ပိုင်း အ တွင်း နိုင်ငံခြား သွားရောက် ကြတော့မည်ဟု အား ခဲကာ မျှော်လင့်ချက်အချို့ သူတို့ကိုယ်စီတွင် ရှင်သန်နေကြသည်။ သူတို့အားလုံး၏ ရည်မှန်းချက်က နိုင်ငံခြား သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခြင်းဖြင့် မိမိတို့ မိသားစုကို ပြန်လည်ထောက်ပံ့မည်။ ကိုယ်တိုင်လည်း ခိုင်မာသည့်အလုပ်အကိုင်ဖြင့် ဘဝခရီးဖြောင့်ဖြူး ကြတော့မည်ဟုသာ။



နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်လိုသည့်ဦးရေသည်ဆယ်စုနှစ် အတွင်း အမြင့်ဆုံးဖြစ် လာ ခဲ့ပြီး ထို့အထဲတွင် ယဉ်ကျေးမှုနီးစပ်ပြီး ပထဝီအနေအထားအရလည်း ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံ သည် လူငယ်များစွာအတွက် နိုင်ငံရပ်ခြားအလုပ်လုပ်ကိုင်ရန် တံခါးတစ်ပေါက်ဖြစ်လာခဲ့သည်။

နှစ်ပေါင်း၂၀ကျော်ကတည်းက တရားဝင် ၊ တရားမဝင်သွားရောက် လုပ်ကိုင်မှုများ စတင်ခဲ့ရာ ယခုအခါ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလုပ်သားပေါင်း သုံးသန်း ကျော်ရှိသည်ဟု ဆိုကြပြီး ပြင်ပ အဖွဲ့ အစည်းများကမူ ငါးသန်းကျော်ပြီးဟု ဆိုကြသည်။

၁၉၉၀ပြည့်နှစ်မှစတင်ကာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများ စတင်သွား ရောက်လုပ်ကိုင်ကြပြီး ၁၉၉၉ခုနှစ်တွင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများက တရားဝင် စတင်ခွင့်ပြုပေးခဲ့ရာလက်ရှိ အချိန်တွင် ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်သည့် အကျိုးဆောင်အေဂျင်စီ စုစုပေါင်း ၇၀ ကျော်အထိ ရှိလာကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ထိုင်းသို့ တရားဝင် အလုပ်သမားစေလွှတ်မှု ထိုင်းသို့ အလုပ်သမား တရားဝင်စေလွှတ်မှုကို ၂၀ဝ၃ ခုနှစ် တွင် နှစ်နိုင်ငံအစိုးရ သဘောတူညီမှု ရယူဆောင်ရွက်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ဇွန်လအတွင်းက

ထိုင်းနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ချိန်တွင် သဘော တူညီမှုများ ထပ်မံပြုလုပ်ထားပြီး ဖြစ်သည်။


 အထောက်အထားထုတ်ပေးမှု
ထိုင်းနိုင်ငံရောက်မြန်မာများအတွက် အထောက်အထား စတင်ထုတ်ပေးခဲ့ပြီး အထောက်အထားထုတ်ပေး ကာလနှင့် ပတ်စ်ပို့သက်တမ်းကာလ မတူညီမှုများအတွက် ကျရောက်လာ သည့် အခက်အခဲများအား အလုပ်သမားများလွယ်ကူစေရန်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကတ်ထုတ်

ပေးခြင်းနှင့်ပြည်ဝင်ခွင့် ဗီဇာသက်တမ်း လေးနှစ်နှင့် ခြောက်နှစ်ပြည့်သူများအတွက် တရားဝင်ဆက်လက် လုပ်ကိုင်နိုင်ရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။





အရေးကြီးသည့်အလုပ်ရှင်/အလုပ်သမားသဘောတူစာချုပ်

အလုပ်သမား များတရားဝင် ပြည်ပသို့သွားရောက်သည့်အခါ ပထမဆုံး အနေဖြင့် အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုသွားရန်ဝန်ကြီ်းဌာနက ညွှန်ကြားထားပြီး စာချုပ်သက်တမ်း၊ လုပ်ခလစာ၊ အချိန်ပို၊ လုပ်ငန်းအမျိုးအစား၊ စားဝတ်နေရေး သဘောတူညီမှု၊ ခရီးသွားလာခွင့်၊အပြန်စရိတ်နှင့် ဆေးကုသခွင့် စ သည့် အခြေခံအချက်များနှင့် အလုပ်သမား များ၏ လိုက်နာရမည့်စည်းကမ်းများကို ထည့်သွင်းထားသည်။ ယင်းအချက်အလက်များကို တရားဝင်လိုင်စင်ရ အေဂျင်စီများကဆက်သွယ် ညှိနှိုင်းချုပ်ဆိုပေးရန် လိုအပ် သည်။ မူလစာချုပ်ချုပ်ဆိုစဉ်က သဘောတူညီခဲ့ သည့် အလုပ်အကိုင်နှင့် နေရာ၊ လုပ်ငန်းအမျိုးအစားတို့ တကယ်ရောက်ရှိသွားသည့်အခါတွင် မတူညီပါက တိုင်တန်းနိုင်ပြီး အေဂျင်စီများကိုလ အလိုက် ၊နှစ်အလိုက် ယာယီသို့မဟုတ် အပြီးရပ်စဲပိတ်သိမ်းခြင်းဖြင့် စည်းကမ်း ထိန်းသိမ်းမှုကို ဝန်ကြီးဌာနကဆောင်ရွက်ကြောင်း သိရသည်။



 ထိုင်းသို့သွားမည့်ဝန်ဆောင်ခ
လက်ရှိကာလအတွင်း ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ၃၀ဝ၀ ကျော်ကို ခေါ်ယူလျက် ရှိရာ ခေါ်ယူလျက် ရှိသည့် လုပ်ငန်းအမျိုးအစား၊ တည်နေရာ၊ လိုအပ်သည့် အလုပ်သမားအရေအတွက်၊ ရရှိနိုင်သည့် တစ်ရက် အတွက် လုပ်အားခ၊ စာချုပ်သက်တမ်း၊ ဝန်ဆောင်ခနှင့် တရားဝင်ဆောင်ရွက် လျက်ရှိသော အေဂျင်စီများ ကို ဇယားတွင် လေ့လာနိုင်သည်။အလုပ်သမားများကို ပြည်ပသို့စေလွှတ်ရာတွင် နိုင်ငံအလိုက်ပေးရမည့်

အကျိုးဆောင်ခများကို သတ်မှတ်ထားပြီး ထိုင်းနိုင်ငံသို့ အလုပ်သမားတစ်ဦး ပို့ဆောင်မှုအတွက် ထိုင်းဘတ်

ငွေတစ်သောင်းနှင့် မြန်မာကျပ်ငွေတစ်သိန်းခွဲဖြစ်သည်။ ပိုမိုတောင်းခံပါက အလုပ်သမားများအနေဖြင့် တိုင်ကြားနိုင်ကြောင်းသိရသည်။





လိုအပ်ချက်နှင့် ကျွမ်းကျင်မှု
ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်ရာတွင် ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်စက်ရုံအလုပ်ရုံများ အ တွက် လိုအပ်သည့် လုပ်သားအရေ အတွက် ကို ဖြည့်တင်းရခြင်းဖြစ်သဖြင့်ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်

စေရန်လည်း အထူးလိုအပ်ပြီး မိမိတို့ဝါသနာနှင့် ကိုက်ညီမှုရှိသည့်လုပ်ငန်းများကို စနစ်တကျရွေးချယ်ကာ လိုအပ်သည့် သင်တန်းများ တက်ရောက်ထား သင့်သည်။ တရားဝင် စေလွှတ်ခြင်းခံရသည့်လုပ်သားများကို နိုင်ငံတွင်းမှ မထွက်ခွာမီကတည်းက လုပ်ငန်းခွင်အကြို ကျွမ်းကျင်မှုသင်တန်းများကို သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင်အကျုးိဆောင်အေဂျင်စီများက တာဝန်

ယူ သင်ကြားပေးရာ မဖြစ်မနေ တက်ရောက်ကြရန်လိုအပ်ပြီး အချိန်ကာလ အားဖြင့်နှစ်ပတ်မှ တစ်လအထိ ကြာမြင့်တတ်သည်။



 ကြုံတွေ့ရနိုင်သည့် အခက်အခဲနှင့်စိန်ခေါ်မှု

နှစ်နိုင်ငံညှိနှိုင်းနေဆဲ သဘောတူညီချက်များအရ အခွင့်အရေးများစွာ တိုးတက်လာသော လည်း ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသည့် မြန်မာ လုပ်သားများသည် ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေးများကို နိုင်ငံသား များနည်းတူ ရရှိရန်ခက်ခဲမှုများ ရှိနေဆဲဖြစ်သည်။ သို့သော် ထိုင်းရောက်မြန်မာလုပ်သားများ ၏ တောင်းဆို ချက်များအနက်မှမြို့နယ် မတူညီသည့်နေရာများသို ကတစ်ပတ်တိတိ သွားလာလည်ပတ်ခွင့် အလွယ် တကူရရှိခွင့်၊ အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် ဆေးကုသခွင့်၊ လုပ်သားများ ရောက်ရှိပြီး ရက်ပေါင်း ၉၀အတွင်း သက်ဆိုင်ရာလဝကသို့ သတင်းပို့ခြင်းစသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် အစိုးရတာဝန် ရှိသူများက ကြိုးပမ်းနေကြသည်။


ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများသည် အလုပ်ချိန်ကြာမြင့်ခြင်း၊ ဘာသာစကားနှင့် ဓလေ့ ထုံးစံတို့မတူညီခြင်း၊ မိသားစုနှင့်ဝေးကွာနေရခြင်း ရာသီဥတုကွာခြားခြင်း၊ လုပ်ခလစာနည်းပါးခြင်းစသည့် အခက်အခဲ များရှိသည်ကို ကြိုတင်တွက်ဆထားကြရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။



 အကူအညီတောင်းခံနိုင်သူများ
တရားဝင်သွားရောက်ရန်အတွက် အေဂျင်စီများကို ရွေးချယ်ရာတွင် အလုပ်သမားရုံးမှ တရားဝင်ထုတ်ပေး ထားသည့် အကျိုးဆောင် လိုင်စင်ရှိမရှိ၊ ပြည်ပမထွက်ခွာမီ လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်းရှိမရှိ၊ လုပ်ငန်းလိုင်စင်ရှိမရှိ၊ အေဂျင်စီ၏သမိုင်းကြောင်းနှင့် အေဂျင်စီနှင့် ဆက်သွယ် သည့် ကိုယ်စားလှယ်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းသင့်ပြီး စုံစမ်းရန်အခက်အခဲရှိပါက မြို့နယ်အသီးသီးရှိအလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများသို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဘားအံ ၊

 မော်လမြိုင်၊  ကျိုင်းတုံ မိတ္ထီလာ၊ မြင်းခြံ ၊ ကျောက်ဆည်၊ ထားဝယ်မြို့များရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် ဖွင့်လှစ်ထားပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်လိုသူများ တရားဝင်ရွှေ့ပြောင်း သွား လာနိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် အချက်အလက်များကိူ ဖြေကြားကူညီပေးလျက်ရှိသည်။



အရေးပေါ် ကြုံတွေ့ နေရသည့် မြန်မာအလုပ်သမားများ၏ လိုအပ်ချက် များအတွက် ကူညီပေးနိုင်ရန် ................ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့တွင်
ဖွင့်လှစ်ထားပြီး ဖုန်း ဝ၆၇-၄၃၀၁၈၄၊ ဝ၆၇-၄၃၀၂၈၄၊ ဝ၁-၆၅၀ဝ၈၉နှင့် ဝ၁-၆၅၀၁၈၇ တို့သို့၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်သည်။





အရေးပေါ်အခြေအနေများတွင် အလုပ်သမားများအတွက် လိုအပ်ချက်များ ကို ဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိ ဖုန်း၆၆၀၈၆၇၇၄၆၈၂၅ နှင့်ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝ၀၈၂၂၇၉၀၃၈၄၃ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။


အီးမေးလ်အနေဖြင့်........ ဆက်သွယ်ကာအလုပ်သမားဆိုင်ရာ အရေးကိစ္စများကိုအချိန်နှင့် တစ်ပြေးညီ တိုင်ကြားနိုင်သည်။

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မိမိတို့လူသားအရင်းအမြစ် များကို ကျွမ်းကျင်လုပ်သားများအဖြစ် လေ့ကျင့်ပျိုးထောင်ပြီး အာဆီယံနိုင်ငံများ၏ ဘုံအလုပ် သမားဈေးကွက် တွင်အရည်အသွေးပြည့်ဝစွာ ယှဉ်ပြိုင်နိုင်ရေးအတွက်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံးတွင်တာဝန်ကိုယ်စီရှိပါသည်။


မြန်မာနိုင်ငံတွင် လူဦးရေ ၅၁သန်းကျော်ရှိပြီး အလုပ်လုပ်နိုင်သူဦးရေမှာ ၃၂သန်းကျော်ရှိသည်။
ထို့ပြင် တစ်နိုင်ငံလုံး၏ ၆၇ ရာခိုင်နှုန်းသောအလုပ်လုပ်နိုင်သည့် လူ့စွမ်းအားရင်းမြစ်များ သည် ပြည်တွင်းပြည်ပအလုပ်အကိုင်များကိုရရှိကာ ကျွမ်းကျင်သည့် အလုပ်သမားများအဖြစ် ရပ်တည်နိုင်ကြပြီး နိုင်ငံတော် အတွက်မှန်ကန်သည့် ဝင်ငွေလမ်းကြောင်း၊ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် ဘက်ပေါင်းစုံမှကူညီပံ့ပိုး သူများဖြစ်လာစေရန် ရည်ရွယ်ကာပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျွမ်းကျင်မှုစနစ်များ၊ လိုအပ်ချက်များ၊လူမှုဖူလုံရေးခံစားခွင့်များ အကြောင်းကိုအပတ်စဉ်တင်ဆက်သွားရန် ရည်ရွယ်ထားပါသည်။



၁၃၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်၊ ၂၀၁၆ခုနှစ်၊ ဇူလိုင် ၁၀ ရက်၊ တနင်္ဂနွေနေ့ထုတ်မြန်မာ့အလင်းသတင်းစာ

Subscribe Us