Sunday, July 17, 2016

ကိုရီးယားသမ္မတနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကြမယ်ဆိုရင် ...



နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့နေရာမှာ မြန်မာလုပ်သားတွေအနေနဲ့ အကြိုက်တွေ့ ဆုံးနိုင်ငံ ကတော့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်တဲ့မြန်မာ လုပ်သား
တွေဟာ ဈေးနှုန်းသက်သာစွာနဲ့ သွားရောက်နိုင်ပြီး နှစ်နိုင်ငံအစိုးရသဘောတူညီချက်များစွာက အလုပ် သမားတွေအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ရွှေ့ပြောင်းလုပ်သားခံစားခွင့်တွေ ပေးစွမ်းပါတယ်။

#နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု

၂၀ဝ၃ ခုနှစ်ဝန်းကျင်မှာ တောင်ကိုရီးယားကို မြန်မာအလုပ်သမားတွေ စတင်သွားရောက်လုပ်ကိုင်ကြ တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ်မှာ တရားဝင်ချိတ်ဆက် ဆောင်ရွက်မှုစတင်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေအင်းဝလို့
ခေါ်တဲ့ အေဂျင်စီတစ်ခုက လုပ်ကိုင်ပါတယ်။ ၂၀၁၀မတိုင်မီမှာ နှစ်နိုင်ငံအစိုးရချင်းသာ ပူးပေါင်းဆောင်ရွက် သွားတော့မယ်လို့ ကိုရီးယားဘက်က အဆိုပြုလာတဲ့အတွက် မြန်မာအစိုးရက ကုန်ကျစရိတ်သက်သက
သာသာနဲ့ အလုပ်သမားအခွင့်အရေးတွေ၊ လုပ်ခလစာခံစားခွင့်တွေ ညှိနှိုင်းလို့ နှစ်နိုင်ငံ တရားဝင်အလုပ် လုပ်ကိုင်တဲ့စနစ်ကြီး ပေါ်ထွက်လာခဲ့ပါတယ်။


လက်ရှိရောက်ရှိနေတဲ့ဦးရေ
၂၀၁၁ ခုနှစ်ကနေ ယနေ့အချိန်အထိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အစီအစဉ်နဲ့ ကိုရီးယားကိုအလုပ် သမားစေလွှတ်ခဲ့တာ အခုဆိုရင် စုစုပေါင်းဦးရေ ၂၂၃၄၁ ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကို သုံးနှစ်သက်မှတ်ထားပြီး ထပ်တိုးအနေနဲ့ တစ်နှစ်စီကို နှစ်ကြိမ်တိုးနိုင်လို့ အလုပ်သမားတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံမှာ ငါးနှစ်အထိ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရရှိပါ တယ်။ ထပ်မံလုပ်ကိုင်ချင်တယ်ဆိုရင်တော့ ငါးနှစ်မပြည့်ခင် မြန်မာနိုင်ငံကိုပြန်လာပြီး အစိုးရပြည်ပအလုပ်အ ကိုင်
အေဂျင်စီနဲ့ ချိတ်ဆက်လို့ အလုပ်ပြန်လည် သွားရောက်လုပ်ကိုင်နိုင်ပါတယ်။ ပြန်ရောက်ပြီးလို့ ပြန်ထွက် ချင်သူတွေအနေနဲ့အလုပ်ရှင်နဲ့ ကြိုတင်ချိတ်ဆက်ထားရင် ပြန်ရောက်ပြီး လပိုင်းအတွင်း ပြန်လည်
သွားရောက်လုပ်ကိုင်နိုင်တာကို တွေ့ရပါတယ်။

#နှစ်စဉ်ခေါ်ယူတဲ့ပုံစံ
၂၀၁၅ခုနှစ်ကနေစပြီး အမှတ်ပေးစနစ်နဲ့ အလုပ်ခန့်ထားမှုစနစ်ကို ကျင့်သုံးပါတယ်။ အဓိကကတော့ ကိုရီး ယားမှာအလုပ်လုပ်ကိုင်လိုတဲ့သူတွေဟာ အသက်အရွယ်အားဖြင့် ၁၈နှစ်ကနေ ၃၉နှစ်အကြားရှိသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ တွေဖြစ်ရမှာပါ။ ပထမဆုံး ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲကို
ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲကြေးကတော့ အမေရိကန်ဒေါ်လာ၂၄ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။တစ်နှစ်
 တစ်ကြိမ်ကို သတင်းစာတွေကနေ ခေါ်ယူကြပြီး နှစ်စဉ်မေလမှာ ခေါ်ဆိုတတ်ပါတယ်။

ပထမအဆင့်မှာ အောင်မြင်ပြီးသူတွေကို အခြေခံကျွမ်းကျင်မှုSkill Testနဲ့လုပ်ကိုင်နိုင်မှုစွမ်းရည်စစ်ဆေးခြင်း (Competency Test)တွေကို စစ်ဆေးပြီး သုံးခုပေါင်းရမှတ်ရှိသူတွေကို အလုပ်လျှောက်လွှာ တင်သွင်းခွင့်ပြု ပါတယ်။

အလုပ်လျှောက်လွှာထဲမှာ မိမိကျွမ်းကျင်ဝါသနာပါရာအလုပ်အကိုင်ကို ဦးစားပေးအစီအစဉ်များနဲ့ ရွေးချယ် တင်သွင်းပြီး တန်းစီဇယားကနေ အလုပ်ရှင်တွေကအွန်လိုင်းကနေတစ်ဆင့် ရွေးချယ်ခေါ်ယူ သွားကြတာ
ဖြစ် ပါတယ်။အလုပ်ရှင်ခေါ်ယူမှုခံရပြီးသူတွေဟာ အလုပ်အကိုင်စာချုပ်ချုပ်ဆိုပြီး ကိုရီးယားသံရုံးကနေ တစ်ဆင့် အလုပ်ရှင်တွေနဲ့ညှိနှိုင်းလို့ ပြည်ဝင်ခွင့်ရရှိအောင် ထောက်ခံပေးကြမှာဖြစ်သလို စာချုပ်လက်မှတ် ထိုးပြီးသူတွေဟာ ကျန်းမာရေးစစ်ဆေးမှု အောင်မြင်တဲ့လက်မှတ်နဲ့အတူ သတ်မှတ်ဝန်ဆောင်စရိတ်
တွေကို ပေးဆောင်ရမှာပါ။
မြန်မာနိုင်ငံကနေ မထွက်ခွာမီ ကာယကံရှင်နဲ့ မိသားစုတွေဟာ မြန်မာအစိုးရအေဂျင်စီမှာ ခံဝန်စာချုပ်ရေး ထိုးရ မှာဖြစ်သလို ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား ရရှိသွားကြမှာဖြစ်ပြီး သတ်မှတ် တဲ့နေ့ရက်မှာ ရန်ကုန်လေဆိပ်ကနေ ကိုရီးယားကို သွားရောက်ခွင့်ရကြပါပြီ။ ကိုရီးယားသမ္မတနိုင်ငံ ကို
 ရောက်ရှိတာနဲ့တစ်ပြိုင်နက် အင်ချွန်းလေဆိပ်မှာ မြန်မာအလုပ်သမား သံအရာရှိနဲ့ ကိုရီးယားတာဝန်ရှိ သူတွေက ကြိုဆိုပြီး သင်တန်းကျောင်းကိုပို့ဆောင်ပေးလို့ ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်၊ အခြေခံအလုပ်
သဘောတရားတွေ မျှဝေသင်ကြားပြီး သုံးရက်မြောက်တာနဲ့ လုပ်ငန်းခွင်ဝင်ကြရပြီဖြစ်ပါတယ်။

 အခက်အခဲနဲ့စိန်ခေါ်မှု
ကိုရီးယားဘာသာစကားတတ်ကျွမ်းမှုက စာမေးပွဲဖြေဆိုအောင်မြင်နိုင်မှုထက် ပိုမိုပြီးနားလည်သဘော
ပေါက်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ အလုပ်အကိုင်ရွေးချယ်ရာမှာ သက်သာခြင်းထက် မိမိနား လည် သဘောပေါက်လွယ်မယ့် အလုပ်အကိုင်ကို စတင်လျှောက်ထားချိန်ကတည်းက ရွေးချယ် သင့်ပါ တယ်။ ကိုရီးယားသမ္မတနိုင်ငံကို တရားဝင်အလုပ်သွားလုပ်နိုင်တဲ့ လုပ်ငန်းအမျိုးအစား ၂၃မျိုးရှိပြီးစိုက်ပျိုး
ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ကျန်တဲ့အမျိုးအစားတွေက ကုန်ထုတ်လုပ်ငန်းတွေဖြစ်ပါတယ်။ အလုပ်သမား စောင့်ကြည့်တဲ့ကာလဟာ သုံးလဖြစ်တာမို့သုံးလအတွင်း ကျန်းမာရေးအထူးကောင်းမွန်စွာနဲ့ အလုပ်လုပ်နိုင်ဖို့ လိုအပ်ပြီးစည်းကမ်းလိုက်နာတာ နာခံမှုရှိတာတွေကိုလည်း အမှတ်ပေးနေတာဖြစ်ပါတယ်။

“အများစုက ရာသီဥတုကွာခြားတာ၊ အစားအသောက်ကွဲပြားတာတွေနဲ့ လစာနဲ့ညီတဲ့ လုပ်အားပေးဆပ် ရတာတွေကြောင့် ရောက်ခါစမှာ အခက်အခဲကြုံကြရတယ်။ အားလျှော့လို့တော့မရပါဘူး။ စာချုပ်က ဒီမှာ ကတည်းက သုံးနှစ်အနည်းဆုံး ချုပ်ကြရတော့ ပြည့်အောင်နေကြရဖို့ရှိပါတယ်” လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အရေးကြီးသည့်အချက်မှာ တရားမဝင်ဆက်လက်နေထိုင်ခြင်းကို မပြုလုပ်ကြရန် လိုအပ်ပြီး အကယ်၍ တရားမဝင် ဆက်လက်နေထိုင်သူများပြားလာပါက နှစ်နိုင်ငံသဘောတူညီမှုတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ သိရပါတယ်။လုပ်ငန်းခွင်ကိုရောက်တဲ့အချိန်မှာ အလုပ်ရှင်ဘက်က လိုက်နာရမယ့်အရာတွေပျက်ကွက် တာ၊ အဓမ္မစေခိုင်းတာနဲ့ စော်ကားတာ၊ ဥပဒေမဲ့ပြုလုပ်တာတွေရှိလာရင်ကိုရီးယားနိုင်ငံက သံအရာရှိ ဖုန်းနံပါတ် ဝ၀၈၂၂၇၉၀၃၈၄၃ ကို ဆက်သွယ်အကူအညီတောင်းခံနိုင်သလို မိမိသဘောနဲ့ အလုပ်ကနေ ထွက်ခွာခြင်း မပြုဘဲ သံအရာရှိနဲ့ညှိနှိုင်းတိုင်ပင်အဖြေရှာမှု ရယူနိုင်ပါတယ်။

 ကုန်ကျစရိတ်နဲ့ လုပ်ခလစာ
ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်ဖို့အတွက် ပထမဆုံးဖြေဆိုရတဲ့ ဘာသာစကားစာမေးပွဲမှာ စာမေး ပွဲကြေးက အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာပေးသွင်းရပါတယ်။ရွေးချယ်ခံရသူများဟာ မြန်မာအစိုးရက ဖွင့်လှစ်ထားတဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကို ဝန်ဆောင်ခအဖြစ် ငွေကျပ် ရှစ်သောင်းပေး သွင်း ရမှာဖြစ်ပြီး ဝတ်စုံနှစ်စုံနဲ့ အလုပ်သမားကတ်အပါအဝင် သင်တန်းတိုပေးတာ၊ ဝန်ဆောင်မှုဆောင်ရွက်ခ
တွေအားလုံး ပါဝင်ပါတယ်။ လေယာဉ်လက်မှတ်ခအနေနဲ့ ဒေါ်လာ ၄၀ဝ ဝန်းကျင်ပေးရပြီး ဗီဇာနဲ့အခြား စာရွက်စာတမ်းတွေ အတွက် ဒေါ်လာ ၂၀ဝ ဝန်းကျင်သာ ထပ်မံကုန်ကျပြီး စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၆၀ဝ နဲ့ မြန်မာငွေကျပ်ရှစ်သောင်း ဖြစ်ပါတယ်။ လုပ်ခအနေနဲ့ အနိမ့်ဆုံး တစ်လဝင်ငွေ ဟာ အမေရိကန်ဒေါ်လာ ၁၀ဝ၀ကနေ ၁၈၀ဝကြားရရှိတဲ့အတွက် တစ်လတာလုပ်အားခက ကုန်ကျစရိတ် နဲ့နှိုင်းယှဉ်ရင်များပြားနေတာကို တွေ့ရပါတယ်။ သို့သော် လုပ်အားခနဲ့ ထိုက်တန်တဲ့ လုပ်အားကိုတော့
ပေးရနိုင်တယ်လို့ ဦးမျိုးအောင်က သတိပေးထားပါတယ်။

#နှစ်အလိုက်ခေါ်ယူခဲ့တဲ့နှုန်း
“ကိုရီးယားကို တရားဝင်အလုပ်သမားစေလွှတ်တဲ့နိုင်ငံ ၁၆ နိုင်ငံရှိပြီး လူဦးရေ ခွဲတမ်းရပုံချင်းလည်း မတူညီ ပါဘူး။ စည်းကမ်းလိုက်နာမှုရှိပြီး အလုပ်သမားတွေ အရည်အချင်း ပြည့်မီတဲ့ နိုင်ငံတွေကို ဦးစားပေးပြီး လူခွဲတမ်းတိုးပေးတာရှိပါတယ်။ ကျွန်မတို့ဆီမှ ပထမနှစ်ကသွားတဲ့အလုပ်သမားတွေရဲ့ ရလဒ်ကိုကြည့်ပြီး
 နောက်နှစ်မှာ ခေါ်ယူတဲ့ဦးရေက များပြားလာတာဖြစ်ပါတယ်။ စပို့ခါစက တစ်နှစ်ကို လူဦးရေ ၁၀ဝဝ
ကျော်သာ ခေါ်ယူနေရာက အခုဆိုရင် ၄၀ဝ၀ကျော်အထိ ခေါ်ယူလာနေပါပြီ”လို့  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးက ရှင်းပြပါတယ်။

 တစ်နှစ်ကိုဖြေဆိုကြတဲ့သူဦးရေ
တစ်နှစ်ကို ကိုရီးယားသွားရောက်အလုပ်လုပ်ကိုင်လိုသူ ၁၂၀ဝ၀ ဝန်းကျင်က အရည်အချင်းစစ်စာမေးပွဲကို ဝင်ဖြေနေကြပါတယ်။ နှစ်စဉ်ခေါ်ဆိုမှုက တိုးလာသလို ဖြေဆိုသူလည်း များပြားလာတာကြောင့် မိမိရဲ့ ဘာသာစကားကျွမ်းကျင်မှုကို ကောင်းမွန်အောင်ပြင်ဆင်ထားပြီး ဝင်ရောက်ဖြေဆိုသင့်ပါတယ်။

နောက်တစ်ကြိမ်ပြန်သွားကြမယ်
တရားမဝင်ဆက်လက်နေထိုင်ခွင့်ကို နှစ်နိုင်ငံစလုံးက ကန့်ကွက်တဲ့အတွက် ငါးနှစ်သက်တမ်းမလွန်ခင် အမိမြေကိုပြန်လာဖို့ အလွန်အရေးကြီးပါတယ်။ ပြန်ရောက်သူတွေဟာ ဒုတိယအကြိမ် ပြန်လည်စေ လွှတ် ခွင့် ရရှိဖို့အတွက် လိုအပ်တဲ့နေထိုင်အလုပ်လုပ်ကိုင်ခဲ့ ကြောင်း အထောက်အထားတွေနဲ့အတူ အလုပ် သမား ညွှန်ကြားရေး ဦးစီးဌာန ရွှေ့ပြောင်း အလုပ်သမားဌာနခွဲ ဖုန်းနံပါတ် ဝ၆၇-၄၃၀၁၈၃နဲ့ ဝ၆၇- ၄၃၀၁၈၅ တို့ကို ဆက်သွယ်ပြီး အကူအညီတောင်းခံလို့ရပါတယ်။ လက်ရှိမှာ ဒုတိယအကြိမ် ပြန်လည် ထွက်ခွာ ခွင့်ရရှိသူ ၃၅၅ဦးအထိ ရှိလာပြီး စီမံချက် စတင်ခဲ့တာ တစ်နှစ်ရှိနေပြီလို့ သိရပါတယ်။ ဒါ့အပြင် ငါးနှစ်မတိုင်မီ သုံးနှစ်နဲ့ စာချုပ်ထပ်မံမချုပ်ဆိုဘဲ ပြန်ရောက် နေသူတွေဟာလည်း Re-entry စနစ်နဲ့ ညှိနှိုင်းပြီး ပြန်လည်သွားရောက်နိုင်ပါတယ်။

လျော်ကြေးခံစားခွင့်
ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကာလ အတွင်း မှာ အသက်အ္တရာယ်ထိခိုက်တာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထိခိုက်တာ ဖြစ်ဖြစ် ကြုံတွေ့ရပြီဆိုရင် ရရှိတဲ့လျော်ကြေး
ခံစားခွင့်တွေအားလုံးဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အလွန်များပြားနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာ
 မြန်မာလုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်ထိခိုက်မှုအာမခံနဲ့ ကရုဏာကြေးငွေဟာ လုပ်ငန်းခွင်ထိခိုက်မှု
အတွက် ကိုရီးယားဝမ်သန်း ၉၀ ကျော်အထိ ရရှိခဲ့ဖူးသလို အနိမ့်ဆုံး ဝမ်သန်းပေါင်း၁၇သန်းဝန်းကျင်အထိ ရရှိခံစားခဲ့တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကသိရှိရပါတယ်။


မြန်မာနိုင်ငံဟာ အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်တဲ့အတွက် မိမိတို့ လူသားအရင်း အမြစ်တွေကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပျိုးထောင်ပြီး အာဆီယံနိုင်ငံများ၏ ဘုံအလုပ်သမား
ဈေးကွက်မှာ အရည်အသွေးပြည့်ဝစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ အား
လုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁သန်းကျော်ရှိပြီး အလုပ်လုပ်နိုင်သူဦးရေမှာ ၃၂ သန်းကျော်ရှိပါတယ်။ ထို့ပြင် တစ်နိုင်ငံလုံး၏ ၆၇ ရာခိုင်နှုန်းသော အလုပ်လုပ်နိုင်တဲ့လူ့စွမ်းအားရင်းမြစ်များသည် ပြည်တွင်းပြည်ပ အလုပ်အကိုင်များကိုရရှိကာ ကျွမ်းကျင်သည့် အလုပ်သမားများအဖြစ် ရပ်တည်နိုင်ကြပြီး နိုင်ငံတော်အတွက် မှန်ကန်သည့်ဝင်ငွေလမ်းကြောင်း၊ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုး
သူများဖြစ်လာစေဖို့ ရည်ရွယ်ပြီး ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ကျွမ်းကျင်မှုစနစ်တွေ၊ လိုအပ်ချက်တွေ၊ လူမှုဖူလုံရေးခံစားခွင့်တွေအကြောင်းကို အပတ်စဉ်တင်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။

(မြန်မာ့အလင်း)
သတင်းဆောင်းပါး-ခင်ရတနာ(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မေဦးမိုး

Subscribe Us