Wednesday, June 29, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၊ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

■ နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်း မဟုတ်ဘဲ ဖွံ့ဖြိုး တိုး တက်မှု များကို နှစ်ဦးနှစ်ဖက် အတူ တူ မျှဝေခံစားနိုင်ရန် ဖန်တီးပေး ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစု ကြည်ပြောကြား ■



နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သည်
ဒေသတွင်းသာမက နိုင်ငံတကာမျက်နှာစာတွင်ပါ စံပြ အဖြစ် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး မျိုး ဖြစ် လာစေရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်း မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဦးနှစ်ဖက် အတူတူ မျှဝေခံစားနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်
ကြောင်းပြောကြားလိုက်သည်။

 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ၊ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်
ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန် တို့သည်

■ မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီး ကျွမ်းဝင်မှုသည် မောင်နှမရင်းချာ ဆက်ဆံရေးအဆင့်အထိ တိုးမြင့်လာစေရေး ၊

■ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံပူးတွဲ နယ်နိမိတ်ကော်မတီအစည်းအဝေးများ မြန်မာနိုင်ငံတွင် အမြန်ဆုံး ကျင်းပနိုင်ရေး၊

■ မြန်မာအလုပ်သမားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးနှင့် အငြင်းပွားမှု ၊ နစ်နာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရေး၊

■ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊

■ နှစ်နိုင်ငံရဲတပ်ဖွဲ့များအကြား လေ့ကျင့်ရေးဆိုင်ရာ အစီအစဉ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊

■ ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လာလိုသည့် ၁၉၆ ဦးအား မူရင်းနေရပ်သို့ ပြန်လည်ခေါ်ယူရန် မြန်မာနိုင်ငံ အစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက် ပြီး မူရင်းနေရာဒေသများသို့ ပြန်လည်ပို့ဆောင် နေရာချထားရေး ကိစ္စရပ်များကိုရင်းနှီးစွာ ဆွေးနွေးကြ သည်။


ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စုဝန်
ကြီး ဦးကျော်တင့်ဆွေ ၊ ဦးသိန်းဆွေနှင့် ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနု ဆူဗာနာဂျတာ နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

Myanmar State Counsellor Office

Subscribe Us