Wednesday, June 29, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသွားရောက်ခဲ့သော တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်းထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့
ပြောင်းအလုပ်သမားများကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ရှိဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများအား နေရပ်သို့  ပြန်လည်ပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည်တိုင်းတာရေး ကိစ္စများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။


၂။ ထို့ပြင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ထိုင်းဘုရင့်နိုင်ငံအစိုးရတို့အ ကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ၊ အလုပ်သမားများ အလုပ်ခန့် ထားရေး ဆိုင်ရာသဘောတူညီချက်စာချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ထိုင်းဘုရင့်
နိုင်ငံ အစိုးရတို့၏ နှစ်နိုင်ငံအကြားနယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူစာချုပ်တို့ကို လက်မှတ်
ရေးထိုးခဲ့ကြပါသည်။


၃။ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စအား ယခင်အစိုးရအဆက်ဆက် လက်ထက်ကပြန်လည် စတင်နိုင် ခဲ့ခြင်းမရှိဘဲ အစဉ်တစိုက်ရွှေ့ဆိုင်းထားခဲ့ရာမှ ယခုခရီးစဉ်အတွင်း နောင်မျိုးဆက်သစ်များ အတွက်ကောင်းမွန်သည့် အနာဂတ်ကိုထားရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံအကြားနယ်နိမိတ် တိုင်းတာရေးလုပ်ငန်းများ ကိုပြန် လည်စတင်သွားကြရန် နှစ်ဖက်ဆွေးနွေး သဘောတူညီမှုရရှိခဲ့ပါသည်။ ထို့ကြောင့်မြန်မာအစိုးရ အနေဖြင့် နယ်နိမိတ် တိုင်းတာရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်ရန် ပူးတွဲနယ်နိမိတ် ကော်မတီ အစည်းအဝေး (Joint Boundary Committee- JBC) ကို မြန်မာနိုင်ငံတွင် ခေါ်ယူကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။


၄။ အလုပ်သမားရေးရာသဘောတူညီချက်များအရ ဗီဇာသက်တမ်း၂ နှစ် မကျန်တော့သည့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(TR-38/Pink Card)ကိုင်ဆောင် ထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ်(C of I) များကို ထုတ်ပေးသွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များဆောင်ရွက်ပြီးစီးချိန်တွင် သာမန်နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ရာ ရွှေ့ပြောင်းအလုပ် သမားများ၏ လူမှုဘဝ လုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက်အကျိုး ခံစားခွင့်များပိုမိုရရှိလာမည်ဖြစ်ပါသည်။ ရွှေ့ပြောင်း အလုပ် သမားများအရေး နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံသက်ဆိုင်ရာအာဏာပိုင်များအကြား ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ခြင်းဖြင့် အလုပ်သမားများအား မလိုလားအပ်သောနစ်နာ ဆုံးရှုံးမှုများမှ ကာကွယ်တား ဆီးပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။


၅။ ထို့ပြင် အလုပ်သမားများခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ်အရ ရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေအရ အကာအကွယ်နှင့် အကျိုးခံစားခွင့်များ ပြည့်ဝစွာရရှိခံစားနိုင်စေမည်ဖြစ်ပြီး အလုပ်သမားများ အား လုပ်ငန်းခွင်သို့ စေလွှတ်ခြင်းမပြုမီ အသိပညာပေးမှုများ၊ အကြိုလုပ်ငန်းခွင်သင်တန်း ပေးခြင်း များကို
ပြုလုပ် သွားမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်ခန့်ထားခြင်းအတွက် လက်ခံသည့်နိုင်ငံ၏ နယ်မြေအတွင်း ဝင်ရောက်လာသည့် အလုပ်သမားများသည် ယင်းနိုင်ငံသားများကဲ့သို့ တန်းတူအခွင့်အရေးရရှိစေမည်ဖြစ်ပြီး အလုပ်သမားများစေလွှတ်ခြင်းနှင့် လက်ခံခြင်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ 

အလုပ်သမားများနေထိုင်ခွင့်ဗီဇာ၊ အလုပ်အကိုင်ခွင့်ပြုချက်များ အချိန်မီရရှိစေရေး၊ ကျန်းမာရေးစောင့်
ရှောက်မှု များရရှိစေရေး၊ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများဖြစ်ပွားပါက ထိရောက်စွာဖြေရှင်း
ပေးနိုင်ရေး၊ နေရပ်ပြန်လည်ပို့ဆောင်သည့် အလုပ်သမားများကို နှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းပေးနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများ တွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများလူကုန်ကူးခံရခြင်း၊
နှိပ်စက် ခံရခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်းများမှ ကာကွယ်တားဆီးနိုင်စေရေးနှင့် တရားဝင်အလုပ် သမားများဖြစ်စေရေးအတွက် အထောက်အထားစာရွက်စာတမ်းများ ရရှိစေရန်လည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။


၆။ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူ စာချုပ်အရ မြန်မာ-ထိုင်းနယ်စပ်ဂိတ် များဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း- ရနောင်းတို့အပြင် ထီခီး-ဖူနာရွန် နယ်စပ် ဂိတ်ကို တရားဝင်တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနယ်စပ်ဂိတ်များမှ နေ့စဉ် (သို့မဟုတ်) ရာသီ အလိုက် အလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင် နိုင်ကြမည့်အပြင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ကိုင်ဆောင်သူများသည် နယ်စပ်ဒေသအတွင်း တစ်ကြိမ်လျှင် ရက် ၃ဝ အထိ နေထိုင်ခွင့်ရရှိကြမည်ဖြစ် ပါသည်။


၇။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအား မွေးစာရင်းများ ထုတ်ပေးနိုင်ရေး၊ သားသမီး များ ၏ အတန်းပညာရေး ထိခိုက်နစ်နာမှုမရှိစေရန် ပြည်ပစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့်ရရှိရေး၊ ထိုင်းနိုင်ငံအကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေကြရ သည့် မြန်မာနိုင်ငံသား များအား ဥပဒေဘောင်အတွင်းမှ လိုအပ်သည့် ကူညီစောင့် ရှောက်မှုများ ပေးအပ်သွားရေး အတွက် မြန်မာ
နိုင်ငံသံရုံးအနေဖြင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသားများအကျိုး ဆောင်ရွက်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားစေမည်ဖြစ်ပါသည်။ရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စ ရပ်များပိုမိုအလေးပေးဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ သံရုံး၏စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းအင်အားတိုးချဲ့ တာဝန်ပေးအပ်ရေး တို့ကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ပါ သည်။


၈။ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား မူရင်းနေရပ်သို့ ခေါ်ဆောင်ရေးအတွက် နှစ်နိုင်ငံအစိုးရ များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ၎င်းတို့၏မူရင်းနေ ရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးဝန်ဆောင်မှု အခြေအနေကောင်း များ ကို စီစဉ်ဆောင်ရွက်ပေးနိုင်သည့်အချိန်မှသာ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများကို စတင်သွားရန် သဘောတူညီခဲ့ကြပါသည်။ လတ်တလောအခြေအနေတွင် နေရပ်သို့ပြန်လာလိုကြောင်း ဆန္ဒ ပြုထားကြသူ ၁၉၆ ဦးအား မူရင်းနေရပ်သို့ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံအစိုးရမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့အားစေ လွှတ်၍ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ဆောလျင်စွာဆောင်ရွက်ပြီး ၎င်းတို့၏ မူရင်းနေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာန များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ကျန်ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များ အား စိစစ်၍ နေရပ်သို့ပြန်ခေါ်နိုင်ရေးအတွက် နိုင်ငံတော်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကာလတို၊ ကာလရှည်အစီအမံများချမှတ်ကာ ကြိုးပမ်းဆောင် ရွက် သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊
ရက်စွဲ၊ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် ။

Subscribe Us