Thursday, February 04, 2016

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရှေ့ရေး


Published on Wed, 02/03/2016 - 11:45

ထိုင်းနိုင်ငံတွင် တရားဝင် (သို့မဟုတ်) တရားမ၀င် ရောက်ရှိ အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးသန်းခန့် ရှိနေသည်။ ထိုအထဲတွင် ၂၀၁၃ ခုနှစ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ နိုင်ငံသား စိစစ်ပြီး ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၇ သန်း၊ ၂၀၁၀ ပြည့်နှစ် ကတည်းက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံဘက်မှ တင် သွင်းထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်သိန်း၊ ထိုင်းစစ်အစိုးရမှ ၂၀၁၄ ခုနှစ် မေလမှစပြီး One-Stop-Service Center (OSSC) များမှ ထုတ်ပေးထားသည့် ပန်းရောင်ကတ် (ဘတ်ကတ်-TR-38) ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ ငါးသိန်းခန့် ရှိနေသည်။ 

စုစုပေါင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဒသမ ၄ သန်းသည် တရားဝင် (သို့မဟုတ်) တရားမ၀င်အခြေ အနေမျိုးဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက် ရှိနေကြသည်။၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် နိုင်ငံသား စိစစ်မှု ပြုလုပ်ပြီး၊ ယာယီနိုင်ငံကူး လက်မှတ်များထုတ်ပေး ခဲ့ သည်။ ထိုသို့ ပြုလုပ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် အပြည့်အ၀ ရရှိရေး အ တွက် ဖြစ်သည်။


ကနဦး အစက ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံဘက်မှ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်ကို နှစ်နှစ် သတ်မှတ်ပေးခဲ့သည်။ သို့သော် နှစ်နှစ်ပြည့်ပြီးသည့်နောက် ထပ်မံ၍ နှစ်နှစ် တိုးမြှင့်ပေး ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် လေးနှစ် သက်တမ်းပြည့်သွားသော်လည်း တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရန် တရားဝင် ဖြစ်ရေးအတွက် မည်သို့ ဆောင်ရွက်ကြမည်ကို နှစ်နိုင်ငံစလုံးက ပြင်ဆင်ထားခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် လေးနှစ် ဗီဇာသက်တမ်း ပြည့်သူများသည် ဗီဇာသက်တမ်း ကျော်လွန်ကာ ထိုင်းနိုင်ငံအတွင်း စိန်ခေါ်မှုများစွာဖြင့် အလုပ်လုပ်ကိုင် နေခဲ့ကြရသည်။

လေးနှစ်ပြည့်ပြီးသူများကို မိခင်နိုင်ငံသို့ မပြန်ရရေးအတွက် အလုပ်သမားအရေးလှုပ်ရှားသူများ၏ တောင်း ဆို မှုနှင့် နှစ်နိုင်ငံ ထပ်မံညှိနှိုင်းမှုတို့ကြောင့် ထိုင်းအစိုးရမှ ဗီဇာသက်တမ်း နှစ်နှစ် ထပ်မံတိုးပေးခဲ့သည်။ ယခုအခါ ထိုဗီဇာသက်တမ်းတိုးကာ အလုပ်လုပ်ခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ သည် ခြောက်နှစ်
ပြည့်နေကြပြီဖြစ်သည်။ နှစ်နိုင်ငံ တာဝန်ရှိသူများမှ အချိန်မီ မူဝါဒ ချမှတ်ကာ တရားဝင် ဆက်လက်နေထိုင် အလုပ်လုပ်နိုင်ရေး မဆောင်ရွက်ပေးနိုင်ပါက ထိုရွှေ့ပြောင်း အလုပ်သမားများသည် တရားမ၀င် အလုပ် သမားအဖြစ် ကျရောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံမှ ထိုအရေးကိစ္စကို တိကျသည့် မူဝါဒချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (Migrant Workers Rights Network) ၏ ဒီဇင်ဘာ ၁ရက်ထုတ် ကြေညာချက်တွင် ဖော်ပြ ထားသည်။



■ တောင်းဆိုမှုများ
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှထုတ်ပြန်သည့် တောင်း ဆိုချက်များမှာ ခြောက်နှစ်ဗီဇာပြည့်သည့် အလုပ်သမားများကို မိခင်နိုင်ငံသို့ မပြန်ဘဲ ထိုင်းနိုင်ငံ အတွင်းမှာ (သို့မဟုတ်) နယ်စပ်တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရန်၊ ထိုင်းဘက်မှ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးရန်၊ လေးနှစ်ဗီဇာ သက်တမ်းပြည့်သော MoU အလုပ်သမားများကို မိခင်နိုင်ငံသို့ မပြန်ဘဲ အထက် ပါ အတိုင်း ထိုင်းနိုင်ငံ (သို့မဟုတ်) နယ်စပ်တွင် နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ် ထုတ်
ပေးရန်၊ ပန်းရောင်ကတ် ကိုင်ဆောင်သူများကို နိုင်ငံသား စိစစ်မှုနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အချိန် မကြန့်ကြာစေရန်၊ လုပ်ငန်းစဉ်များ အားလုံး ပွင့်လင်းမြင်သာမှု ရှိရန်နှင့် ခေါင်းပုံဖြတ်နေသော ပွဲစား များအား အရေးယူပေးရန်တို့ ဖြစ်သည်။

■ ထပ်မံ တောင်းဆို
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ကြေညာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ခြောက်နှစ်ဗီဇာ သက်တမ်းပြည့်နေသော မြန်မာ
ရွှေ့ပြောင်း အလုပ်သမားများ သိန်းနှင့်ချီပြီး ထိုင်းနိုင်ငံအတွင်း ရှိနေသဖြင့် ၎င်းတို့၏ အရေးကို အလေး ထား ဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ တင်သွင်းထားသော လေးနှစ်ဗီဇာ သက် တမ်းပြည့်ပြီးသည့် မြန်မာအလုပ်သမားများအတွက် နှစ်နိုင်ငံ အစိုးရများ၏ မူဝါဒအရ မူရင်းနိုင်ငံပြန်ပြီး MoU စနစ်ဖြင့် ပြန်လည်ဝင်ရောက်ရန် ဖြစ်သောကြောင့် အလုပ်သမားနှင့် အလုပ်ရှင်တို့ အတွက်ပါ အချိန်ကုန်၊
ငွေကုန်ဖြစ်နေသည့် အနေအထားအား ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်တို့ ပါဝင်သည်။
တချို့သော အလုပ်သမားများသည် မိခင်နိုင်ငံသို့ မပြန်လိုသောကြောင့် လက်ရှိ နိုင်ငံကူးလက်မှတ်များကို စွန့်လွှတ်ကာ ထိုင်းနိုင်ငံမှ ထုတ်ပေးသည့် ပန်းရောင်ကတ် (ဘတ်ကတ်-TR-38) အား လျှောက်ထားပြီး ဆက်လက် အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည်။ ထိုသူများသည် မှတ်ပုံတင်ထားသည့် နယ်မြေအတွင်း တွင်သာ အကန့်အသတ်ဖြင့် အလုပ်လုပ်နေကြရခြင်း၊ ယခင်က ခံစားရသည့် လူမှုဖူလုံရေး ခံစားခွင့် အစီအ စဉ်များ၊ အလုပ်ခွင် ထိခိုက်အနာတရဖြစ်က လျော်ကြေးရမည့် အခွင့်အရေးများ လက်လွှတ် ဆုံးရှုံးခြင်းတို့ ကြုံတွေ့နေကြရသည်ဟု ထိုအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။


■ ထိုင်းနိုင်ငံ ပြည်ထဲရေးအမိန့်
ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားသားများထိုင်းနိုင်ငံသို့
ပြန်လည်ဝင်ရောက်ခွင့် တားဆီးခြင်းဆိုင်ရာ ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားများသည် ဗီဇာသက်တမ်း ကုန် ဆုံးသော်လည်း ဆက်လက် နေထိုင်ပါက နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုဘ၀ လုံခြုံမှုကို ထိခိုက်စေနိုင်သောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ဗီဇာသက် တမ်း ရက် ၉၀ ကျော်လွန်နေထိုင်ပြီး သက်ဆိုင်ရာ ဋ္ဌာနသို့ လာရောက် အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီး သည့် တစ်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက် ခွင့်မပြုကြောင်း၊ ဗီဇာသက်တမ်း တစ်နှစ်
ကျော်လွန် နေထိုင်ပြီး သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးလျှင် သုံးနှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုကြောင်း၊ ဗီဇာသက်တမ်း သုံးနှစ်ကျော်လွန် နေထိုင်ပြီး သက်ဆိုင်ရာ ဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံ အတွင်း သို့ ပြန်လည်ဝင်ရောက်ခွင့် မပြုကြောင်း၊ ဗီဇာသက်တမ်း ငါးနှစ်ကျော်လွန် နေထိုင်ပြီး သက်ဆိုင်ရာ ဌာနသို့ လာရောက် အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်
ရောက်ခွင့်မပြုကြောင်း၊ ဗီဇာသက်တမ်း တစ်နှစ်ကျော်လွန် နေထိုင်ပြီး သက်ဆိုင်ရာ ဌာနသို့ လာရောက် အပ်နှံခြင်း မရှိဘဲ ဆက်လက်နေထိုင်သဖြင့် ဖမ်းဆီးရမိပါက သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ခံရပြီး ငါးနှစ်အ တွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ဗီဇာသက်တမ်း လေးနှစ် သို့မဟုတ် ခြောက်နှစ်သက်တမ်း ကုန်လွန်ပါက သက်တမ်းတိုးမြှင့်ပေးမည် မဟုတ် ဘဲ ဗီဇာသက်တမ်း မကုန်မီ သက်ဆိုင်ရာ နိုင်ငံအတွင်းသို့ ပြန်ဝင်ရမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ပြန် လာလိုလျှင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU အရသာ ၀င်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ပါရှိသည်။


■ MoU အခက်အခဲ
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမား အသစ်များ စေလွှတ်ရေး နားလည်မှု စာချွန်လွှာ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ကြသူများလည်း လေးနှစ်ဗီဇာပြည့်ပြီး မြန်မာနိုင်ငံ သို့
ပြန် လာကာ MoU စနစ်ဖြင့်သာ ထပ်မံသွားရောက် အလုပ်လုပ်ကိုင်စေသဖြင့် အခက်အခဲ အမျိုးမျိုး ကြုံ
တွေ့နေရသည်။ အသွားအပြန် ကုန်ကျစရိတ် များပြားသဖြင့် လေးနှစ်ပြည့်သူများသည် ထိုင်းနိုင်ငံ အတွင်း မှာပင် တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင် လိုကြတော့သည်။ MoU ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေ
ကြသော မြန်မာအလုပ်သမား စုစုပေါင်းမှာ ၁၆၅,၀၀၀ ရှိနေသည်။ ထိုအလုပ်သမားများ လေးနှစ်ပြည့်ပြီး ပါက မိခင်နိုင်ငံသို့ တစ်လခန့်ပြန်ကာ MoU လုပ်ငန်းစဉ် တစ်ခါထပ်မံ လုပ်ရသည့် မူဝါဒမှာ ရှင်းလင်းမှု ယုတ္တိမရှိဟု အလုပ်သမား အခွင့်အရေး ကာကွယ်နေသူများက ဝေဖန်လျက် ရှိနေသည်။


■ ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်စောင့်
၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၈၊ ၉ ရက် ရန်ကုန်မြို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ထိုင်းနိုင်ငံရောက် မြန်မာ
ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ရာ ထိုအစည်း အဝေးတွင် ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ခြောက်နှစ်ကျော် မြန်မာအလုပ်သမားများနှင့် လေးနှစ်ပြည့်ပြီး ယာယီနိုင်ငံကူး လက်မှတ် သက်တမ်း နှစ်နှစ် မကျန်တော့သည့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ သဘောထား၊ တာဝန်ယူပေးနိုင်မည့် အခြေအ
နေနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စအား မြန်မာကိုယ်စားလှယ် အဖွဲ့မှ ဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှ ပြန်လည်ဆွေးနွေးရာတွင် မြန်မာနိုင်ငံဖက်မှ မေတ္တာရပ်ခံစာ ပို့ပေးပါက ထိုင်းနိုင်ငံ ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် တင်ပြပေးမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင်များ၏ လိုအပ်ချက်အရ ကိုက်ညီမည့်သူများ ဆက်လက်အလုပ်လုပ်နိုင်ရေး၊ အသက် ၅၅ နှစ် ကျော်လွန်သူ မဖြစ်
ရေတို့နှင့်လည်း ကိုက်ညီသင့်သည်ဟု ထိုင်းဘက်မှ ဆွေးနွေးထားသည်။ ထို့ကြောင့် ထိုင်းနိုင်ငံဝန်ကြီး အဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

■ CI ထုတ်ပေးရေး အစီအစဉ်
ထိုင်းတပ်မတော် အစိုးရ တက်လာပြီးနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အထောက်အ ထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပန်းရောင်ကတ်ပြား ထုတ်ပေးရန်အတွက် မှတ်ပုံတင်ရာ ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန၏ စာရင်းအရ မြန်မာအလုပ်သမား ၆၂၃,၆၄၈ ရှိနေသည်။ ယခုအခါ ပန်းရောင်ကတ်ပြား လက်ဝယ်ရရှိထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးသိန်းခွဲကျော် ရှိနေသည်။ ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်နေကြသော TR-38 ဘတ်ကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာနိုင်ငံဘက်မှ နိုင်ငံသား စိစစ်၍၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးရန် စီစဉ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ Certificate of Identity (CI) ထုတ်ပေးမည့် အစီအစဉ်ကို သဘောတူကြောင်း အကြောင်းပြန်ထားသည်။
နှစ်နိုင်ငံ အစည်းအဝေးတွင် (CI) ထုတ်ပေးခွင့် ရပါက မြန်မာအလုပ်သမားများအပေါ် ပွဲစားများနှင့် အေဂျင် စီ များ၏ အလွဲသုံးစားပြုမှုနှင့် ခေါင်းပုံဖြတ်မှုတို့မှ ကင်းဝေးစေရန်အတွက် ဘဏ်များနှင့် Counter Service Centers များမှတစ်ဆင့် ငွေပေးသွင်းသည့် စနစ်ဖြင့် ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။


■ ထိုင်းနိုင်ငံ၏ အဖြေစောင့်
ထိုင်းနိုင်ငံ ၀န်ကြီးများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်သော ကော်မတီ အစည်းအဝေးများတွင် မြန်မာနိုင်ငံ ဘည့် အစီအစဉ်အတွက် ထုတ်ပေးရမည့်ရက်၊ ထုတ်ပေးမည့် One-Stop-Services Centers များ၏ တည်
နေ ရာ သတ်မှတ်မှုများကို ဆွေးနွေးကာ ကောင်းမွန်သည့် လုပ်ငန်းစဉ်၊ ရှင်းလင်းပြီး အသေးစိတ်ကျ သည့် အစီအစဉ်များကို အမြန်ဆုံး ထုတ်ပြန်ပေးမည်ဖြစ်သည်။ ထိုင်းနိုင်ငံဘက်မှ ပန်းရောင်ကတ်ပြား သက်တမ်း ကုန်ဆုံးတော့မည့် မြန်မာအလုပ်သမားများနှင့် Certificate of Identity (CI) ထုတ်ယူရန် အတွက် ငွေသွင်း ထားသော Payment Slip ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအား Certificate of Identity (CI) ထုတ်ပေးရန် အတည်ပြုချက်ရသည့် ကာလအထိ အကာအကွယ်ပေးထား မည်ဟု နှစ်နိုင်ငံ အစည်း အဝေး တွင် သဘောတူထားသည်။ ထို့ကြောင့် CI ထုတ်ပေးမှု ပြီးဆုံးမည့် အချိန်ကာလကို မြန်မာဘက်မှ ခန့်မှန်းတွက်ချက်ကာ အကျုံးဝင်သည့် မြန်မာအလုပ်သမားများအားလုံး ထုတ်ပေးရမည်ဖြစ်သည်။One- Stop-Services Centers များ၏ တည်နေရာ သတ်မှတ်ပေးပြီးပါက ထိုနေရာများတွင်ပင်မြန်မာနိုင်ငံ ကူး လက်မှတ်နှင့် CI တို့ ထုတ်ပေးရန်အတွက် နိုင်ငံသားစိစစ်ရေး အချက်အလက်များကို တစ်ပါတည်း ကောက် ခံရန် ထိုင်းနိုင်ငံဘက်မှ မေတ္တာရပ်ခံထားသည်။


■ ပြန်လည် သုံးသပ်သင့်
၂၀၀၃ ခုနှစ်မှစကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို နှစ်နိုင်ငံ တာဝန်ရှိသူများ က စတင် ကိုင်တွယ်ခဲ့ကြသည်။ သို့ကြောင့်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး မဆုံး ရှုံးစေရန်နှင့် လူကုန်ကူး မခံရရန်တို့အတွက် ၂၀၀၉ ခုနှစ်မှ စတင်၍ နိုင်ငံသားစိစစ်ပြီး ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခဲ့ကြသည်။ ထို့နောက် မြန်မာဘက်မှ သာမန် နိုင်ငံကူးလက်မှတ် ထပ်မံထုတ်ပေး
ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သို့သော် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ဦးရေလောက် များ များစားစား ထုတ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ထပ်မံ၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်
ပေးရန် စီစဉ်ကြပြန်သဖြင့် မြန်မာအလုပ်သမားများအကြား တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး လုပ်ငန်း စဉ်များကို ရှင်းရှင်းလင်းလင်းသိရန် လိုအပ်သည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်
ပေးသည့်အခါ မြန်မာအလုပ်သမားများအားလုံး နှစ်နိုင်ငံ ညှိနှိုင်းထားသည့် အချိန်ကာလအတွင်း အချိန် မီ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်သည်။ ထို့ကြောင့် လတ်တလော ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ခြောက်နှစ်
ကျော် အလုပ်သမားများ၊ လေးနှစ်ကျော် အလုပ်သမားများ တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံဘက်မှ ထုတ်ပေးထားသော ပန်းရောင်ကတ် (ဘတ်ကတ်) ကိုင်ဆောင်ထားသော အလုပ်သမားများ တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက် နှစ်နိုင်ငံ ချမှတ်ထားသည့် မူဝါဒများကို ပြန်လည်သုံးသပ်သင့်သည်။

Writer: ဝင်းနိုင်ထွန်း

Subscribe Us