Wednesday, September 30, 2015

လူငယ်နှင့် ဝီရိယ


ဝီရိယဆိုတာ
ဝီရိယဆိုတဲ့ ထကြွ နိုးကြားမှု၊ လုံ့လ ဥဿာဟ ရှိမှု၊ အမြဲတမ်း တက်ကြွ နေမှုဟာ လူငယ်မှာသာ ရှိရမှာ မဟုတ် ဘူး။ လူတိုင်းမှာ ရှိနေရမှာ ဖြစ်တယ်။ အောင်မြင်တဲ့ လူတိုင်းဟာ ဝီရိယအရာမှာ သာမန်ထက် သာလွန်နေ တတ်တယ်။ အချိန်မှန်တယ်၊ အချိန်တိကျတယ်။ ပျင်းရိခြင်း အကြောင်း ခြောက်ပါးမှ ကင်းလွတ် နေတတ် တယ်။ စောသည်၊ ဆာသည် ၊ ပြည့်အင့်သည်နှင့်။ ပူသည်၊ အေးသည်၊ မိုးချုပ်သည်နှင့်လို့ သဘာဝဖြစ်စဉ်ကို ယိုးမယ် မဖွဲ့တတ်ဘူး။

ဝီရိယဆိုတိုင်း ဝီရိယစစ် ဖြစ်ဖို့ လိုပြန်တယ်။ ဝီရိယနဲ့ လောဘဟာ ပါးပါးလေးပဲ ခြားနေတယ်။ ဝီရိယကို
 လောဘနဲ့ ရောထွေး တတ်ကြတယ်။ လောဘကို အလိုကြီးခြင်း၊ ရတာထက် ပိုပိုင်ဆိုင်လိုခြင်း၊ သူတစ်ပါး ပစ္စည်း၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် မှန်သမျှ ကိုယ်သာ ပိုင်ဆိုင်လိုခြင်း၊ လုပ်ကိုင်ခွင့် ရလိုခြင်းတွေ ဟာ လောဘတွေပဲ။ မျှေ၀ ပေးလိုစိတ် မရှိခြင်းဟာလည်း လောဘပဲ။ ရထားပေါ်မှာ ခြေထောက် ဆန့်ထိုင်ပြီး မိမိတစ်နေ ရာ စာထက် ပိုယူထားတာ။ ကားပေါ်မှ နှစ်ယောက် ထိုင်ခုံပေါ်မှာ တစ်ယောက်တည်း ထိုင်တာ။ ဒါတွေဟာလောဘတွေ ဖြစ်တယ်။ ငွေသိန်းသန်းချီပြီး လိုချင် တပ်မက်တာကိုမှ လောဘလို့ မဆိုလိုဘူး။ အသေးအမွှား ကိုပဲ မတရား လိုချင်နေရင် အဲဒါ လောဘ တက်တာပဲ။


ထားတော့။ လူငယ်တွေဟာ အခြာ းအရွယ်တူတွေထက် ဝီရိယရှိရမယ်။ အလုပ်လုပ်တဲ့ နေရာမှာဖြစ်ဖြစ်၊ စာ ကြိုးစားတာဖြစ်ဖြစ် အိမ်မှုကိစ္စတိုင်း လုပ်ရာမှာဖြစ်ဖြစ်၊ ဝီရိယထည့်ပြီး အားစိုက် လုပ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာ အခြားအရွယ်ထက် စိတ်ဓာတ်၊ ခွန်အား၊ ဉာဏ်ရည်ပိုမိုလတ်ဆတ် လို့ဖြစ်တယ်။

လူငယ်တစ်ယောက်ဟာ လုပ်ငန်းမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရဖို့ ဝီရိယထား လုပ်ရမယ်။ မိမိကိုပေး ထားတဲ့ တာဝန်နဲ့ လုပ် ပိုင်ခွင့်ကို သတ်မှတ်ကာလထက်စောပြီး ပြီး စီးနေတာဟာ လူငယ်ရဲ့ ဝီရိယကိုပြနေ တာပဲ။ အလုပ်ပမာဏချင်းအတူတူ မိမိရဲ့မကြိုးစားမှုကြောင့် နောက်ကျမှပြီးတာ၊ လူကြီးက သတိပေးမှ လုပ်
ဖြစ်တာဆို လူငယ် တစ်ယောက်အတွက် ကျရှုံးမှု တစ်ခုလို့ မှတ်ယူရမယ်။


ယုန်နဲ့လိပ် ပုံပြင်ဟာ လူပြောများတဲ့ ဝီရိယ ရှိမှုရဲ့ အောင်ပွဲကို ဖော်ပြတဲ့ ပုံပြင် ဖြစ်တယ်။ တကယ် ရိုးရှင်းတဲ့ ပုံပြင် ဖြစ်တာကို သေသေချာချာ ဖတ်ကြည့်မှ သတိပြုမိတယ်။ လိပ်ဟာ ပုံမှန် သွားရိုးသွားစဉ် လမ်းအတိုင်း၊ သွားရိုးသွားစဉ်နှုန်းနဲ့ သွားတယ်။ လောဘနွယ်တဲ့ အနိုင်ကို ဇောထည့်ပြီး မပြေးနိုင်တာကို လိပ်ကပြေးဖို့ ကြိုး စားပြီး မပြေးဘူး။သူ့ရဲ့ ပုံမှန်ပြေးနှုန်း (သွားနှုန်း) အတိုင်း မနားမနေ သွားတယ်။ အဲဒီ မနားမနေ ဆိုတာဟာ ဝီရိယကို ဖော်ပြတာ။ ခရီးပန်းတိုင်မှ မရောက်သေးရင် မနားရဘူးဆိုတဲ့ သင်ခန်းစာကို လိပ်က ပြလိုက်တာ။ လုပ်ရမယ့် အလုပ်တာဝန်ကို မကျေပွန်မချင်း၊ မပြီးဆုံးမချင်း မနားမနေ လုပ်ရမယ်။ အခြားသူ (ပြိုင်ဘက် ဖြစ်ကောင်းဖြစ်မယ်) ကို လိုက်တုပနေစရာ မလိုဘူး။ မနာလို ဖြစ်စရာမလိုဘူး။ ဖျက်လို ဖျက်ဆီး လုပ်စရာ မလို ဘူး ။ ကိုယ့်အလုပ်ကို ဝီရိယ အပြည့်နဲ့ အကောင်းဆုံး လုပ်ဆောင်ခြင်းဟာ အောင်မြင်ခြင်းကို ယူဆောင်ပေး လိမ့်မယ်။

စင်စစ် လူငယ်တစ်ယောက်ရဲ့အောင်မြင်မှုဟာ အပြေးပြိုင်ပွဲလို ပထမဦးဆုံး ပန်းဝင်မှ အောင်မြင်တာမဟုတ် ဘူး။ ထို့အတူ ပထမရလို့ ကျရှုံးတာမျိုးလည်း မဟုတ်ဘူး။ မိမိအလုပ်ကို မိမိအကောင်းဆုံး လုပ်ဆောင်နေခြင်း နဲ့ သေသပ်လှပစွာ လုပ်ပြနိုင်ခြင်းဟာ ပန်းတိုင်မရှိတဲ့ အောင်မြင်မှု ဖြစ်တယ်ဆိုတာ လူငယ်တို့ နှလုံးသွင်းရ မယ်။


 ကိုယ်ပိုင်လုပ်ပိုင်ခွင့်နှင့် ဝီရိယ
လူငယ် အတော်များများဟာ သူတစ်ပါးရဲ့ သြဇာအောက်မှာ အလုပ် မလုပ်ချင်ကြဘူး။ ဒါဟာလည်း  ကောင်း တဲ့ စိတ်ဓါတ်လို့ ဆိုရမယ်။ ကိုယ့်လက်ကိုယ့်ခြေ၊ ကိုယ်အစီအမံနဲ့ ကိုယ့်ဘာသာ Manage လုပ်ရတာဆိုတာ လွတ်လပ်တာပေါ့။ ငွေကြေး တတ်နိုင်တဲ့ လူငယ်ဖြစ်ရင် ပိုအဆင်ပြေတယ်။ အခု ဆောင်းပါးက ဝီရိယကို အဓိကထား ရေးချင်လို့ ကျန်တဲ့ နည်းပညာ၊ ဉာဏ်ရည်၊ အတွေ့အကြုံ စတာတွေကို ကြုံမှ ဆက်ရေးပါ့မယ်။


လူငယ်ဟာ ကိုယ်ပိုင်လုပ်ငန်း စတင် အကောင်ထည် ဖော်ခါစမှာ တက်ကြွနေတယ်။ စိတ်ကူးနဲ့ အကောင် အထည် ဖော်နေရတာ အနာဂတ်ဟာ ပျော်စရာတွေ အပြည့်ပဲ။ မိုဘိုင်းဖုန်းဆိုင် ထောင်လိုက်တဲ့ လူငယ် ကလည်း ဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်နဲ့။ ဝယ်သူကို ဆွဲဆောင်မှု အပြည့်နဲ့ပေါ့။ မိတ္တူကူးစက်၊ ကွန်ပျူတာ စာစီစာရိုက် လုပ်ကိုင်သူကလည်း အစပိုင်းမှာ အလွန်တက်ကြွ နေတယ်။ ကိုယ်ပိုင် အငှားကား မောင်းသူ ကလည်း ကားစရောက်တဲ့ နေ့မှစလို့ တသသနဲ့။ ဒါတွေက အစပိုင်း လပိုင်းရဲ့ လူငယ်အချို့ရဲ့ အပြု အမူတွေဖြစ်တယ်။

နောက်တစ်လခန့်ကြာသော်။ ကိုရီးယား ရုပ်ရှင်တွေ အားကျလို့ပဲ ဆိုကြစို့ရဲ့။ မိုဘိုင်းဖုန်း ပိုင်ရှင်က ဝန်ထမ်း အချို့ကို အလုပ်တွေ လွှဲပေးပြီး သူကိုယ်တိုင် လုပ်ငန်းနဲ့ မဆိုင်တဲ့ အခြားတစ်နေရာ ရောက်နေတယ်။ မိတ္တူ ကူးစက် ပိုင်ရှင်လူငယ်ကလည်း မိတ္တူကူးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း မရှိတာကြောင့် မိတ္တူကူးပြီး စာရွက်တွေ အရည်အသွေး ကျလာတယ်။ စာစီစာရိုက် လုပ်ရတာလည်း စိတ်ပါလက်ပါ မရှိတော့ဘူး။


မိမိကိုယ်ကိုယ် စီမံခန့်ခွဲတတ်ခြင်း
ကိုယ်ပိုင် လုပ်ငန်းလုပ်သူ လူငယ်တွေမှာ မိမိကိုယ်ကိုယ် စီမံ ခန့်ခွဲတတ်ခြင်း (Self Management) ဟာ အလွန် အရေးကြီးတယ်။ အထက်က အမိန့်ပေးမှ လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်မှ အမိန့်ပေးသူမရှိလို့ ကိုယ့် ကိုယ် ကိုယ် အမိန့်ပေး စေခိုင်းရတာဟာ လက်တွေ့မှာ အလွန်ခက်ခဲတဲ့ ကိစ္စဖြစ်တယ်။ အိပ်ရာမှ ထချိန်ကို နှိုးသူ မရှိဘဲ နေ့စဉ် အချိန်မှန် ထနိုင်ဖို့ဆိုတာ မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် လေ့ကျင့်ယူရမယ်။ ထို့အတူအလုပ် ခွင်ကို အချိန်တိတိကျကျ ရောက်တာ။ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာကို တက်တက်ကြွကြွ ဆောင် ရွက်တာ။ ကိုယ်ဦးဆောင်လုပ်ပြမှ  ကိုယ့်ဝန်ထမ်းတွေ နောက်က လိုက်လုပ်ကြမှာကို သတိရှိ ထားရမယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူဟာ လူငယ်ပင် ဖြစ်သော်လည်း လူကြီးစိတ်(ရင့်ကျက်တဲ့စိတ်-Maturity Mind)ထား မျိုး မွေးမြူနိုင်ရမယ်။ တွက်ကတ်တဲ့ စိတ်ဟာလည်း လူငယ်တွေကို မကြီးပွားအောင် ဟန့်တားနိုင်တယ်။ စုပေါင်း လုပ်ရမယ့် အကြောင်းကိစ္စတွေမှာ လူငယ်တချို့ဟာ အချောင် ခိုလိုစိတ်နဲ့ အသက်သာ ခိုလိုစိတ်တွေကြောင့် တွက်ကတ်တဲ့စိတ် ပေါ်လာတတ်တယ်။


စိတ်ရှည်ရမယ်
သာမန်အားဖြင့် လူငယ်တွေဟာ တဒင်္ဂ အောင်မြင်မှုကိုသာ လိုလားကြပြီး ရေရှည်အောင်မြင်ဖို့ စိတ်မရှည် ကြဘူ။ ဝီရိယ မထားကြဘူး။ စိတ်ရှည်တာနဲ့ ဝီရိယရှိခြင်းဟာ တစ်ခုကိုတစ်ခု ခွဲထားလို့မရဘူး။ စိတ်မရှည် ရင် ဝီရိယထားဖို့ သိပ်မလွယ်ဘူး။ စိတ်မရှည်တာ၊ စိတ်တိုတာဟာ ဝီရိယရှိခြင်း စိတ်ကိုဖျက်ဆီး တတ်တယ် ။ ရေးပေါင်းများ၊ ပေးပေါင်းများတဲ့ ဥပမာပဲ ပြန်ပေးရရင် သောမတ်အယ်ဒီဆင် အကြောင်းပဲ။ သောမတ် အယ်ဒီဆင်ဟာ တီထွင်မှု တစ်ခုအတွက် အမှားပေါင်း ထောင်ချီ ဖြစ်နေတာကို စိတ်မပျက်ဘဲ စိတ်ရှည်စွာ အမှန်ဖြစ်အောင် ပြန်ပြင်ခဲ့တယ်။ အဲဒီ စိတ်ရှည်မှုက ဝီရိယကို ဖြစ်ထွန်းစေတယ်။ သူတီထွင်လိုတဲ့ ပစ္စည်း တစ်ခု မရမချင်း စိတ်ရှည်တယ်။ ဝီရိယ ထားတယ်။ ဒီနည်းနဲ့ ကမ္ဘာမှာ မပေါ်ပေါက်ဖူးသေးတဲ့ မီးလုံးတွေ၊ ရုပ်ရှင်ပြစက်တွေ အမျိုးအမည်ပေါင်းရာချီ တီထွင် နိုင်ခဲ့တယ်။ သူ့ကို ယနေ့ထိ ဂုဏ်ပြုကြတုန်းပဲ ။ မြန်မာနိုင်ငံ မှာလည်း အယ်ဒီဆင်ကို မကြာခဏ ဂုဏ်ပြုကြတယ်။ မီးခဏခဏပျက်လို့။ အမေရိကန်မှာတော့ တစ်နှစ်မှ တစ်ခါပဲ။ ဒါတောင် တမင်တကာ လုပ်ယူတဲ့ မီးပျက်ပွဲ ဖြစ်တယ်။ အယ်ဒီဆင်သာ မီးလုံးတွေ မတီထွင်ခဲ့ရင်မှောင်ကြီးမည်းမည်း ထဲ နေကြ ရမယ် ဆိုတာကို သတိရစေခြင်းဖြင့် ဂုဏ်ပြုကြတယ်။ 

အယ်ဒီဆင်ရဲ့အောင်မြင်မှုတွေမှာ သူ့ရဲ့ပင်ကို ဉာဏ်ရည်အပြင် မအောင်မြင်တာကို အလွယ်တကူ စိတ် မ ပျက်ဘဲ စိတ်ရှည်ခြင်း၊ အောင်မြင်သည်အထိ ဝီရိယအားကို အပြည့်အ၀ စိုက်ထုတ်ခြင်းတို့ပါ ထည့်သွင်း ရ မယ်။

ဒီနေရာမှာ စိတ်ရှည်ခြင်း၊ ဝီရိယရှိခြင်းတို့ကို ဖြစ်စေမယ့် ပတ်ဝန်းကျင် ရဲ့အားပေးခြင်း ကလည်း သွယ်ဝိုက် အရေးပါနေပြန်တယ်။ လူငယ်ဆိုတာ တစ်ခါတစ်ရံ စိတ်ဓာတ် ကျတတ်တယ်။  စိတ်ဓာတ် ကျလွယ်တက်
လွယ် တဲ့ အရွယ်ပေါ့။ ဒါကို လူငယ်ရဲ့ ပတ်ဝန်းကျင်နေသူတွေက သတိပြုမိရမယ်။ စိတ်ဓာတ် ကျနေတဲ့လူ ငယ် ကို စိတ်ဓာတ်မကျအောင် ရုပ်ပိုင်း၊ စိတ်ပိုင်း အားပေးကူညီရမယ်။ မအောင်မြင်တိုင်း အပြစ်တင်တာ ၊ ဝေဖန်ရှုတ်ချ တာဟာ လူငယ်ရဲ့ စိတ်ရှည်မှုကိုရော၊ ဝီရိယကိုပါ ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲ။ မြန်မာ လူမှု ပတ်ဝန်းကျင်ဟာ လူငယ်ကို အထင်ကြီးလွယ် သလောက်၊ အထင်သေး လွယ် တတ်ကြတယ်။ အဲဒီ မရင့် ကျက်တဲ့ ပတ်ဝန်းကျင်မှာ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို ထိခိုက်စေတယ်။

ဒါ့ကြောင့် လွယ်လွယ်ကူကူူ အောင်မြင်တာကိုပဲ စိတ်မဝင်စားကြနဲ့။ ဒါဟာ ယနေ့လူငယ်တွေရဲ့ အဓိက အား နည်းချက်ဖြစ်သလို အောင်မြင်မှုကို ခြိမ်းခြောက်နေတာလည်း ဖြစ်တယ်။ အောင်မြင်မှုဆိုတာဟာအောင်မြင် မှု ကို ဆာလောင် မွတ်သိပ်သူထံကိုသာ ဆိုက်ရောက်တတ်တယ်။ ဝီရိယမရှိ။ လိုချင်စိတ် မပြင်းပြ။ စိတ် မ ရှည်ရင် အောင်မြင်မှု ရောက် မလာဘူး။ ရောက် လည်း ခဏတာမျှသာ ဖြစ်တယ်။

 တကယ်တော့ အောင်မြင်လိုသော ပြင်းပြတဲ့ ဆန္ဒနဲ့ ဝီရိယကို တားဆီးနိုင်တဲ့ အရာဆိုတာ ဤလောက မှာ မရှိဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်လိုက်ပါ။ သင်တစ်နေ့ အောင်မြင်သော လူငယ်တစ်ယောက် ဖြစ်လာမှာ အသေ အချာပါ။

Writer: မောင်တင်ဦး(မြောင်းမြ) Eleven Media Group

Subscribe Us