Thursday, December 04, 2014

ကျေးဇူး သိတတ် စေချင်ပါသည်


Written by  ကေတု

ကျေးဇူးဆိုသည်မှာ ကောင်းသော အကျိုးတရားဖြစ်သည်။ တစ်စုံတစ်ယောက်ကြောင့် အခြားသူ တစ်ဦးမှာ ကောင်းကျိုးဖြစ်ထွန်းသော်  ကျေးဇူး ရှိသည်ဟု ဆိုနိုင်လေသည်။

လူသည် တစ်ဦးတစ်ယောက်တည်း သီးခြား နေထိုင်၍ မရဘဲ တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခို ကျေးဇူးပြုကြခြင်း အားဖြင့် မိမိဘဝ မိမိအသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစား အားထုတ် ကြရမည်သာ ဖြစ်ပေသည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးပြု၍ ဆက်ဆံ နေထိုင်ကြမှသာလျှင် အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။

လူမှုကျင့်ဝတ်တွင် ကျေးဇူး သိတတ်ခြင်းသည် အရေးကြီးသော ကျင့်ဝတ်ဖြစ်သည်။ ကျေးဇူးပြုရန် လွယ်ကူသော်လည်း ကျေးဇူးသိရန်မှာ မလွယ်လှပါ။ သိတတ်သော ကျေးဇူးကို ကျေပွန်အောင် ပေးဆပ်ရန်ငှာ ပိုမို၍ မလွယ်ကူပါ။ ကျေးဇူးပြုဖူးသူအား ပြန်လည် ကူညီခြင်း၊ အကျိုး ဆောင်ရွက်ပေးခြင်း တို့သည် ကျေးဇူးသိခြင်း မည်၏။ ကျေးဇူးတရားကို မမေ့ခြင်း ၊ ပြန်လည် ကျေးဇူးဆပ်ခြင်း တို့သည် မြင့်မြတ်သော အမှု သို့မဟုတ် ကောင်း မှုပြုခြင်း ဖြစ်ပေသည်။

ကျေးဇူးတရားနှင့် ပတ်သက်၍ ကျေးဇူး သိတတ်မှုရှိသော ''ငခင်ညို''အကြောင်းသည် မှတ်သား နာယူ ဖွယ် ဖြစ်သည်။ သူသည် ပင်းယဘုရင်အား လုပ်ကြံရန် လာခဲ့သည်။  အခြေအနေ အချိန် အခါကောင်း ကို စောင့်ရင်း အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ ဆာလောင် မွတ်သိပ်မှု ဖြစ်ပေါ် လာသည်။ ပင်းယဘုရင် တင်ထားသော မင်းမဟာဂီရိ နတ်ပွဲမှ ထမင်းတစ်လုတ်ကို ယူစားမိ သည်။ ဘုရင်အား လုပ်ကြံရန် အခွင့်သာ ခဲ့သော်လည်း စားခဲ့ဖူးသော ထမင်းတစ်လုတ်  ကျေးဇူးကြောင့် မသတ်ဘဲ   ပြန်လာခဲ့သည်။

ငခင်ညိုသည် တစ်လုတ်မျှသော ထမင်း စားဖူးကာမျှဖြင့် ကျေးဇူးကို သိတတ်ခဲ့သည်။

ကျေးဇူးရှင်ကို ကျေးမစွပ်သော သိတတ်မှုကြောင့် ငခင်ညိုမှာ ရာထူးတိုးတက် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယနေ့တိုင် ကျေးဇူး သိတတ်မှုတွင် မင်းမှုထမ်း ငခင်ညိုသည် မြန်မာရာဇဝင်တွင် နာမည်ကောင်း ကျန်ရှိနေလေသည်။

(၃၈) ဖြာ မင်္ဂလာ တရားတော်တွင် ''ကတညုတ'' မည်သော တစ်ပါးသူ၏ ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်ဟု ရှင်တော်မြတ်ဘုရား ဟောကြားတော် မူသည်။

ကျေးဇူးရှင် ဆိုသည်မှာ မိမိကလွဲလျှင် ကျေးဇူးရှင်ဟု ဆိုနိုင်သည်။ ကျေးဇူးတရားကို မသိတတ်၊ မဆပ်တတ်၊ နားမလည်တတ် သူများသည် သူမိုက်များသာ ဖြစ်ပေသည်။

ကျေးဇူးမသိတတ်ဘဲ ကျေးဇူးကန်း တတ်သူများမှာ ဝက်သတ္တဝါနှင့် တူပေသည်။ ဝက်များသည် အစာကို စားပြီးလျှင် စားခွက်ကို ထိုးကော်ကြသည်။ ထို့ကြောင့် ကျေးဇူးမဲ့သူ၊ ကျေးဇူးမသိတတ်သူကို ''ဝက်စားကျင်းကော်'' ပြုသည်ဟု သတ်မှတ်ပေးကြသည်။

ကျွန်ုပ်တို့သည် သူတစ်ပါး၏ ကျေးဇူးကို တစ်လုတ်မျှသော ပမာဏပင် စားဖူးစေ ကာမူ စောင့်သိရိုသေ ရမည် ဖြစ်ပေသည်။ ကျေးဇူးတရားကို သိတတ်မှသာလျှင် ယခုမျက်မှောက် ပစ္စုပ္ပန်တွင် သာမက သံသရာ ခရီးတွင်လည်း အစစ အောင်မြင်ချောမွေ့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။

မြ၀တီ

Subscribe Us