Thursday, October 16, 2014

ဖမာ့တို့ ဦးမော့ချိန်တန်




Wednesday, 15 October 2014



ကော့တောင်ကျွန်း ဖြစ်စဉ်မှာ ဈေးဦးပေါက် မဟုတ်သလို နောက်ဆုံးလည်း ဖြစ်ဖို့မသေချာလှပါ။ ထိုင်းရောက် မြန်မာအလုပ်သမားများ ဥပဒေ၏ အကာအကွယ်မရဘဲ တရားလက်လွတ် ဆက်ဆံခံနေရ သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

ထိုင်းမှာ အမှုအခင်း ဖြစ်လေ့ရှိတိုင်း မြန်မာအလုပ်သမားများ ထိုးကျွေးခံရခြင်းမှာ အစဉ်အလာလို ဖြစ်နေပြီ။ ထိုင်းနိုင်ငံတောင်ပိုင်း ရေငုပ်ဒိုက်ထိုးသမား ခရီးသွားများ အကြိုက်တွေ့ရာ ကော့တောင် အမည်ရ လိပ်ကျွန်း ၌ ဗြိတိန် စုံတွဲ အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သည်ဟုဆိုကာ မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ စွပ်စွဲလိုက် ပြန်သည်။ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားဘဲ ဖမ်းဆီးလာသည်ဟု ဆိုကာ ဆိတ်ဖမ်းလာ သည်ဟု ထိုင်းမီဒီယာများက သရော်ကြလေသည်။

လိပ်ကျွန်းက ဆိတ်ဖမ်းပွဲ


ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (Koh Tao) သို့ လာရောက် လည်ပတ်သည့် ဗြိတိန်စုံတွဲ အသတ်ခံ ရမှု တွင် အဓိက သံသယရှိသော လိပ်ကျွန်းသူကြီးသား အပါအဝင် ထိုင်းနိုင်ငံသား အချို့နှင့် နိုင်ငံခြားသား တစ်ဦးကို စစ်ဆေးခြင်း မပြုဘဲ လွှတ်ထားပြီး မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားမှုကြောင့် ဝေဖန်မှုများ ပွက်လောရိုက် နေသည်။


ခိုင်လုံမှု မရှိသည့် စွပ်စွဲချက်များဖြင့် မြန်မာနှစ်ဦးကို ဖမ်းဆီးလာခြင်းကို Scapegoats (ထိုးကျွေးခံရသည့် ဓားစာခံ) ဖမ်းလာသည်ဟုဆိုကာ မြန်မာနှစ်ဦး မျက်နှာတွင် ဆိတ်မျက်နှာဖုံး တပ်ထားသည့် ပုံများနှင့် ထိုင်းမီဒီယာနှင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ထိုင်းအစိုးရကို သရော်ခဲ့ကြသည်။

အခင်းဖြစ်ပွားသည့် ညတွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် နေရာအနီးတွင် အဆိုပါ မြန်မာနှစ်ဦးနှင့်အတူ ဂစ်တာတီး၊ ဘီယာအတူ ထိုင်သောက်ခဲ့သည့် မြန်မာတစ်ဦးကိုလည်း ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားသည်။ အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိသည် L&M အမှတ်တံဆိပ် စီးကရက်တိုပေါ်က မျိုးရိုးဗီဇ (DNA)၊ ဗြိတိန် အမျိုးသမီး ကိုယ်တွင်းရရှိသည့် သုက်ပိုး DNA တို့မှာ မြန်မာနှစ်ဦးဖြစ်သည့်   ဇော်လင်း၊ ဝင်းဇော်ထွန်းတို့၏ DNA နှင့် တူညီနေသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။


ထိုင်းရဲတပ်ဖွဲ့ဝင်များအပြင် ဘာသာပြန်ပေးသူက ဝင်ရောက် ရိုက်နှက်မှု၊ အတင်းအကျပ် ဝန်ခံခိုင်းမှု၊ လျှပ်စစ်ဓာတ်အားဖြင့် ရှော့တိုက်ရန် ခြိမ်းခြောက် ခံရမှုများကြောင့် ဗြိတိန်စုံတွဲကို သတ်သည်ဟု ဝန်ခံခဲ့ ရသည်ဟု ဖမ်းဆီးခံ မြန်မာနှစ်ဦးက မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်   ပြောဆို ခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ရှင်းပြသည်။

လိပ်ကျွန်း လူသတ်မှုတွင် အဓိက ပြစ်မှုကျူးလွန်သူများ မဟုတ်ဘဲ ထိုးကျွေးခံ ဓားစာခံများကိုသာ ဖမ်းဆီးလာသည့် ထိုင်းရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု လုံးဝပျက်စီးသွားပြီ ဖြစ်ပြီး ယင်းဖြစ်စဉ်ကနေ ရဲတပ်ဖွဲ့၏လုပ်ရပ် ဆိုးဝါးမှုကို ကမ္ဘာကို ပြလိုက်ခြင်း ဖြစ်ကြောင်း Bangkok Post သတင်းစာ၏ အယ်ဒီတာ Sanitsuda Ekachai က Opinion ကဏ္ဍတွင် ရေးသားထားသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုတို့ဖြင့် တရားစွဲဆိုရန် ဥပဒေ အရာရှိထံသို့ တင်ပြထားသည့် စွဲဆိုချက်မှာ အထောက်အထား ပြည်စုံမှု အားနည်းသည်ဟုဆိုကာ ဥပဒေအရာရှိက လက်မခံဘဲ အောက်တိုဘာလ ၈ ရက်နေ့ ရဲတပ်ဖွဲ့ထံ ပြန်ပေးလိုက်သည်။
ထိုသို့သော ထိုးကျွေးခံဘ၀များ ယခင်ကတည်းက ရှိခဲ့သည်။

#အထိုးကျွေးခံ ဘဝလား

မြန်မာ အလုပ်သမားများ ထိုးကျွေးခံရသည့် ဖြစ်စဉ်များတွင် ယခုလိပ်ကျွန်း လူသတ်မှုမှာ ကမ္ဘာသိ မှုခင်းတစ်ခု ဖြစ်လာသဖြင့် လူသိလာခြင်း ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ လူသိထင်ရှား မဟုတ်ဘဲ မထင်မရှား ထိုးကျွေးခံခဲ့ရသည့် ဖြစ်စဉ်များကလည်း မရေတွက်နိုင်အောင် ဖြစ်ပွားခဲ့ဖူးသည်။

ထိုးကျွေးခံရသည့် ဖြစ်စဉ်တစ်ခုမှာ လိပ်ကျွန်းတွင်ပင် ဖြစ်သည်။ ၁၉၉၈ ခုနှစ်က ဖြစ်သည်။ ဘန်ဂလိုများတွင် ပစ္စည်းများ အခိုးခံရမှုနှင့် ပတ်သက်၍ မြန်မာ ရှစ်ဦးကို ကျွန်းပေါ်က ထိုင်းရဲနှင့် လူမိုက်များက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ရှင်းပြသည်။
 ယင်းသို့ နှိပ်စက် သတ်ဖြတ်ပြီးနောက် အမှန်တကယ် အမှုပေါ်ပေါက်ချိန်တွင် ပစ္စည်းခိုးသူများမှာ ဂရိနိုင်ငံ သားများ ဖြစ်နေကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။ ထိုးကျွေးခံရမှု၊ ဥပဒေအရ အကာအကွယ် မရမှုများကြောင့် မြန်မာအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ မူဝါဒကို ဝေဖန်မှုများ တစ်စထက်တစ်စ ပွက်လော ရိုက်လာသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ချင်းမိုင်မြို့တွင် ထိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့် ခံရသည့် အမှုတွင် မြန်မာအလုပ်သမားများကို စွပ်စွဲကာ ရိုက်နှက်၊ နေအိမ်များ ဖျက်ဆီးခံရကြောင်း၊အမှုမှန်ပေါ် ချိန်တွင် လာအို နိုင်ငံသား ဖြစ်နေကြောင်း မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်က အသက် ၂၃ နှစ်အရွယ်ရှိ ဗြိတိသျှ အမျိုးသမီး ဂျုံးကို မုဒိန်းကျင့် လူသတ်မှုဖြင့် မြန်မာနိုင်ငံ မှ ကရင်တိုင်းရင်းသား တစ်ဦးကို ရိုက်နှက် စစ်ဆေးပြီး အတင်းဝန်ခံ ခိုင်းခဲ့ဖူးသည်။နောက်ဆုံး ကျူးလွန်သူ လက်သည် ရှာမရဘဲ ဖြစ်ခဲ့ရဖူးသည်။

အမိုးမဲ့သူများ

အမှုအခင်း ပြဿနာဖြစ်တိုင်း စုံစမ်းစစ်ဆေးမှု တစ်စုံတစ်ရာ မလုပ်မီ မြန်မာများ စွပ်စွဲခံရခြင်းမှာ ထိုင်းတို့၏ ထုံးတမ်းသဖွယ် ဖြစ်နေပြီ။ အခြားတစ်ဖက်တွင်လည်း မြန်မာအလုပ်သမားများ အသတ်ခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှု များတွင်လည်း လက်သည်ရှာပြီး အရေးယူ ဆောင်ရွက်မှု ယနေ့အချိန်အထိ ဆိတ်သုဉ်းနေဆဲ။ ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွင့်အရေးကို မြန်မာအလုပ်သမားများ မရရှိသည့်အပြင် ယင်းသို့ ပြဿနာများ ဘာကြောင့် ဆက်ဖြစ်ခွင့် ပေးနေရပါသနည်း။ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို မြန်မာအစိုးရက ဆယ်စုနှစ်ချီ အလေးအနက်ထား ဆောင်ရွက်ခြင်း မရှိဘဲ ဥပေက္ခာ ပြုထားသည့် အကျိုးဆက် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဟာချိုင်တွင် နေထိုင်ပြီး မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူ ဦးဖြိုးသစ်ဆန်းက ပြောကြားသည်။ “မိဘက စွန့်ပစ်ထားတဲ့ သားသမီးကို သူစိမ်းတွေ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းက ဥပမာပေးသည်။ “မြန်မာဆို ခွေးတစ်ကောင်လောက် တန်ဖိုးမထားတော့တာလေ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကို မြန်မာအစိုးရက ယခင်ကပင် အရေးတယူ လုပ်ဆောင်ခဲ့ပါက ယခုကဲ့သို့ လုပ်ရပ်များကို ထိုင်းအစိုးရက ပြောင်ပြောင်တင်းတင်း လုပ်ရဲမည်မဟုတ်ဟု ဆိုသူများလည်း ရှိသည်။ “အစိုးရက ကူညီစောင့်ရှောက်မှု ပေးရင်တော့ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့။ အခုက ဘယ်သူမှ လည်း မရှိန်ဘူး။ အဲဒါကြောင့် မြန်မာအလုပ်သမားတွေက အမြဲတမ်းခံရတာ” ဟု MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

၎င်းနည်းတူ ပြောဆိုသူက ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်။
“ကိုယ့်အစိုးရ အနေနဲ့ ကိုယ့်လူမျိုးတွေကို လျစ်လျူရှုမှုဟာ ထိုင်းအစိုးရနဲ့ ထိုင်းလူမျိုးတွေအတွက် မြန်မာ လူမျိုးတွေကို ကြိုက်သလို လုပ်လို့ရသလို ဖြစ်နေတယ်” ထိုင်းနိုင်ငံတွင် နေ့စဉ်နှင့်အမျှ ဆိုသကဲ့သို့ြ ဖ စ် ပွားနေသည့် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများတွင် ထိုင်းအစိုးရက အရေးယူ ဆောင်ရွက်မှု အားနည်းနေဆဲ။ မြန်မာ အစိုးရကလည်း အမှုမှန် ဖော်ထုတ်ပေးရေးအတွက် ဖိအားပေးမှု အားနည်းနေဆဲ။

မလေးရှားနိုင်ငံတွင်လည်း အလားတူ ပြဿနာမျိုး ရှိသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဖြစ်ပွားခဲ့ သည့် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုတွင် လက်သည် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသည့် အပြင် မကြာခဏ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ကွာလာလမ်ပူ အခြေစိုက် ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ပြောဆိုထားသည်။

“အဲဒါကြောင့် မြန်မာနိုင်ငံသားတွေအတွက် လုံခြုံမှုက ဘာမှမရှိဘူး။ လုံခြုံမှုရှိအောင် မြန်မာအစိုးအရ အနေနဲ့ ဒီမှာရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့၊ ရဲစခန်းတို့ သက်ဆိုင်ရာတွေကို ဖိအားပေး ဆောင်ရွက်ပေးဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။ “အမှုမှန်တွေ ပေါ်ပေါက်မှ မြန်မာနိုင်ငံသားတွေအတွက် နေရေးထိုင်ရေး အဆင်ပြေမယ်” ဟု ဦးဆန်းဝင်းက ထပ်မံပြောဆိုသည်။

#အနာအချို့

ထိုင်းနိုင်ငံတွင် မြန်မာ အသတ်ခံရမှု စသည့် အကြမ်းဖက် ဖြစ်စဉ်များအပြင် ထိုင်းအစိုးရ သတ်မှတ်ထားသည့် အနည်းဆုံး လုပ်အားခ မရခြင်း၊ နားရက် မရှိခြင်း၊ အလုပ်ထုတ် နစ်နာကြေး မရခြင်း၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု မရှိခြင်း၊ အလုပ်ရှင်များက လူမှုဖူလုံရေး မလုပ်ပေးခြင်းတို့ကြောင့် ဆေးကုခွင့်နှင့် အခြားအခွင့်အရေးများ မရရှိခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရသည်။

ထိုင်းတွင် လူကုန်ကူးခံရမှု အများဆုံး လုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းတွင် မြန်မာများ နှိပ်စက်၊ သတ်ဖြတ်၊ အဓမ္မ ခိုင်းစေမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများစွာနှင့် ရင်ဆိုင်နေရသော်လည်း အစိုးရ အကူအညီမရဟု ထိုင်းရောက် မြန်မာများက ဆိုသည်။ ရေလုပ်ငန်းတွင် မြန်မာ အလုပ်သမားများကို သတ်ကာ ရေထဲပစ်ချသည့် သတင်းများ မကြာခဏ ဆိုသလို ကြားနေရပြီး နောက်အရေးကြီး ပြဿနာတစ်ခုမှာ မြန်မာ ရေလုပ်သားများမှာ မူးယစ်ဆေးဝါး၏ သားကောင် ဖြစ်နေခြင်းပင် ဖြစ်ကြောင်း ဦးထူးချစ်က ရှင်းပြသည်။ “ရေလုပ်ငန်းနဲ့ ပတ်သက်ရင် လက်ရှိအစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်သမားအရေး တာဝန်ခံ အနေနဲ့ ဘာလုပ်ရမှန်းတောင် သိပုံမရဘူး” ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရ အနေနှင့် အလုပ်သမားများ ရှိသည့် ပြည်နယ်တိုင်းတွင် ခန့်အပ် တာဝန်ပေးသူ မရှိခြင်း၊ အလုပ်သမားများ ပြဿနာ ပေါ်ပေါက်၍ အလုပ်သမား သံအရာရှိကို ဆက်သွယ်ပါကလည်း အဆက်အသွယ် မရခြင်းက များနေကြောင်း ဦးထူးချစ်က ဆိုသည်။ “လှေပေါ်မှာ လူကုန်းကူးခံနေရတဲ့ အလုပ်သမားတွေက အလုပ်သမား တာဝန်ခံကို ဖုန်းဆက်မယ်ဆိုရင် သူ့အနေနဲ့ စနစ်တကျ မြန်မြန်ဆန်ဆန် ကယ်တင်ဖို့လိုမယ်။ လူကုန်ကူးခံရတဲ့ သူတွေဆိုတာ ကမ်းပြန်ကပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး” ဟု ၎င်းကပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ လူမသိသူမသိ ထိုးကျွေးခံရမှုများမှာ ယခင်ကပင် ရှိနေသော် လည်း မြန်မာအစိုးရ အကူအညီ မရခဲ့။ ယခုကမ္ဘာ စာမျက်နှာများတွင် ဟိုးလေးတကျော်ကျော်ဖြစ် မှ မြန်မာသံရုံးက ကိုယ်စားအဖွဲ့ဖွဲ့ပြီး လုပ်ဆောင်ခြင်းအပေါ် အားမရမှုလည်း ရှိကြသည်။ လိပ်ကျွန်းတွင် လူသတ်မှု ဖြစ်ပွားပြီးနောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေ ချိန်တွင် မြန်မာအစိုးရက တုံ့ပြန်မှု အားနည်းခဲ့ကြောင်း ထိုင်းရောက် မြန်မာများက ပြောဆိုသည်။ “မြန်မာနိုင်ငံသားတွေက ခွဲခြားဆက်ဆံ ခံခဲ့ရတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာတွေ က နေ့စဉ်နဲ့အမျှ ဖြစ်နေတာ။ မီဒီယာမှာပေါ်မှ လုပ်တာမျိုး မဟုတ်ဘဲနဲ့ ရေရှည်လုပ်ရမယ်။ ဒီအမှု တစ်ခုတည်းနဲ့ ပျောက်သွားလို့ မရဘူး” ဟု MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက မှတ်ချက်ပေးသည်။

မြန်မာအလုပ်သမားများ ဥပဒေပါ ခံစားခွင့်များ ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာအစိုးရ အကြီး အကဲများ တွေ့ဆုံစဉ် အထူးညှိနှိုင်းပေးရန် MWRN က နိုင်ငံတော်သမ္မတရုံးနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ အောက်တိုဘာလ ၈ ရက်နေ့တွင် စာတင်တောင်းဆို လိုက်သည်။

မြန်မာ ရွှေ့ပြောင်းလုပ်သားများ ပြဿနာ အမျိုးမျိုး ရင်ဆိုင်ရသော်လည်း ရွေ့ပြောင်း အလုပ်သမားများ နစ်နာမှု မရှိစေရေး၊ အခကြေးငွေ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များအတွက် နိုင်ငံခြားရောက် မြန်မာ အလုပ်သမားများအတွက် ဥပဒေတစ်ရပ် အလျင်အမြန် ပြဋ္ဌာန်းနိုင်ရန် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ အဆိုမှာ ထောက်ခံသူငါးဦးသာ ရှိသဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ဖူးသည်။

စာမေးပွဲသစ်

အရပ်သား အစိုးရသစ်အတွက် ဖြေရှင်းရမည့် စိန်ခေါ်မှုများအနက် ရွှေ့ပြောင်း အလုပ်သမားအရေး မှာ   နိုင်ငံကို ဝင်ငွေရှာပေးနေသူ သန်းနှင့်ချီ ပြည်သူ ဘဝလုံခြုံရေး၊ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ နိုင်ငံ့ ဂုဏ်သိက္ခာ အရေးဖြစ်သည်။ လိပ်ကျွန်း အရှုပ်တော်ပုံသည် အစိုးရအတွက် အစမ်းသပ်ခံရမည့်ပွဲ တစ်ပွဲဖြစ် လာမည်လော။ ထိုင်းရောက် မြန်မာများကမူ လိပ်ကျွန်း လူသတ်မှုကို မြန်မာအလုပ်သမား နှစ်ဦး မကျူး လွန်ကြောင်း တစ်ထစ်ချ ပြောဆိုနေကြသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာအစိုးရက တရားခံ အစစ်ပေါ်အောင် ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း အလုပ်သမားများက ဝေဖန်လျက်ရှိသည်။

“မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ မြန်မာအစိုးရ ဘယ်လောက်အထိ ကာကွယ်ပေးလဲဆိုတာ အဖြေပေါ်မယ့် ပွဲပဲ” ဟု လိပ်ကျွန်းပတ် သင်္ဘောမောင်းသူ ကိုအောင်လွင်က ဆိုသည်။
ကိုအောင်လွင်နည်းတူ ထပ်တူပြောဆိုသူမှာ ထိုင်းနိုင်ငံ အခြေစိုက် စာရေးဆရာ မင်းဒင် ဖြစ်သည်။ “လက်ရှိ လိပ်ကျွန်း ပြဿနာဟာ မြန်မာနိုင်ငံမှာ ခေတ်စနစ်တွေ တကယ်ပဲ ပြောင်းနေပြီလား ဆိုတာကို   သွေးတိုးစမ်း မေးခွန်းထုတ်လိုက်တာပါပဲ” ဟု မင်းဒင်က သုံးသပ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍   မြန်မာအစိုးရ ဆောင်ရွက်ရာတွင် အတွင်းကျကျ၊ အသေးစိတ်ကျကျ လုပ်ဆောင်ရန် လိုအပ်ပြီး အခြား အခွင့်အရေး ချိုးဖောက်ခံရမှု များကိုလည်း ယင်းနည်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။


လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် မြန်မာများကို အကူအညီပေးရန် တာဝန်သိသိဖြင့် မြန်မာအစိုးရ ပူးပေါင်းပါဝင် ဆောင်ရွက်လာပါက အနာဂတ်တွင် ထိုင်းလူမျိုးနှင့် ထိုင်းအစိုးရတို့က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအပေါ် လက်လွတ်စပယ် ဖိနှိပ်၊ အနိုင်ကျင့်မှုများ လျော့နည်းလာမည် ဖြစ်ကြောင်း ဦးထူးချစ်က ဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေးကို ဆောင်ရွက်ရာတွင် အလုပ်သမားအရေး ဆောင် ရွက်နေ သည့် လူမှုအဖွဲ့အစည်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် အလုပ်သမား အရေးကို အမှန်တကယ် စိတ်ဝင်စားပြီး ကျွမ်းကျင်သည့် ဝန်ထမ်းများကို ခန့်အပ် တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောကြားသည်။ “ပြဿနာတွေက အများကြီး။ ကိုယ့်နိုင်ငံသားတွေကို အလေး ထားရင် အရင်က ပုံစံအတိုင်း လုပ်နေလို့ မရတော့ဘူး။ တကယ့်ကို အားသွန်ခွန်စိုက်လုပ်ဖို့ လိုပါတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

ထိုင်းရှိ မြန်မာ သံအမတ်သည် အလုပ်သမားများ အရေးကို လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး ၎င်းကို ကူညီရန် ကျွမ်းကျင်သည့် ဝန်ထမ်းများ လိုအပ်ကြောင်း၊ အလုပ် သမားရေး ဌာနကိုလည်း ကျွမ်းကျင် ဝန်ထမ်းများနှင့် စနစ်တကျ ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ဦးထူးချစ်က ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သုံးသန်း ဝန်းကျင်ရှိပြီး ယင်းအလုပ်သမား အရေးကို ဆောင်ရွက်ရန် အလုပ်သမားသံအရာရှိတစ်ဦးကို ခန့်အပ် တာဝန်ပေးထားသည်။ မြန်မာသံရုံး အနေနှင့် ပြည် ပရောက်   မြန်မာအလုပ်သမားများ ကိစ္စကို ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခြေအနေကို နားမလည်ဘဲ လုပ်ဆောင်နေမှုများ ရှိနေပြီး ထိထိရောက်ရောက် ဖြစ်စေရန် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းကာ အကြံဉာဏ် ယူသင့်ကြောင်း ဦးဖြိုးသစ်ဆန်းက ဆိုသည်။မြန်မာ အစိုးရ ဝန်ထမ်းများ သံတမန် နည်းလမ်းကျကျ ဖြေရှင်းသည့် နည်းလမ်းများသုံးပြီး ဖြေရှင်းသည့် လုပ်ရည်ကိုင် ရည်များကို မြှင့်တင်ရန် သင်တန်းပေးမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာ သံတမန် Mr. Luis CdeBaca က မီဒီယာများကို ပြောဆိုထားသည်။ “ဒါဆို ထိုင်းနိုင်ငံ မှာ ရှိတဲ့   မြန်မာ လုပ်သားတွေအတွက် အကူအညီ ပိုဖြစ်မယ်။ ဒီကိစ္စကို အစိုးရဘက်က အားစိုက်လုပ်ဖို့ တိုက် တွန်းချင်တယ်” ဟု ၎င်းက ပြောကြားသည်။ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံရသည့်   မြန်မာများ အရေး အပါအဝင် ထိုင်းရောက် အလုပ်သမား အရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ် ဆွေးနွေးမည်ဟု ပြောဆိုထားသည်။

အမိမဲ့သား ရေနည်းငါး၊ မြေနှိမ့်ရာ လှံစိုက်ခံရသည့် မြန်မာ ရွှေ့ပြောင်းသမားများဘဝ။ ခွဲခြားဆက်ခံရခြင်း၊ အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ သတ်ဖြတ်ခံရမှုတို့ကို နေ့စဉ်အမျှ ခံနေရသည့်   မြန်မာ   ရွှေ့ပြောင်းလုပ်သားများ၏ ဘဝကို ကယ်တင်ရန် လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်က ထပ်ဆင့် သတိပေးနေလေပြီ။ “မြန်မာအစိုးရအနေနဲ့ နိုင်ငံရပ်ခြားရောက် မြန်မာအလုပ်သမားကို ကာကွယ်   ပေးနိုင်တဲ့ အထူးဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြနေပါပြီ” ဟု စာရေးဆရာ မင်းဒင်က သုံးသပ်သည်။

ဖမာ့ဟု အခေါ်ခံရလေ့ရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများ အဖို့တော့ ခေတ်အဆက်ဆက် အနှိမ်ခံ၊ အမိုးမဲ့၊ အထိုးကျွေးခံများ ဖြစ်ခဲ့သည်။ ယခုထိလည်း ဖြစ်နေဆဲ။ ပြောင်းလဲနေပါပြီဆိုသော ဦးသိန်းစိန် အစိုးရအနေနှင့် ထိုင်းရောက် ဖမာ့တို့၏ အခွင့်ရေး ပြန်ယူပေးချိန် တန်လေပြီ။ ဖမာ့တို့ ဦးမော့ချိန် တန်လေပြီ။


ထိုင်းရောက် မြန်မာတို့ တရားမဲ့ ပြုကျင့်ခံခဲ့ရမှုအချို့
 ထိုးကျွေးခံရမှုအချို့
- လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ချင်းမိုင်မြို့တွင် ထိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရသည့် အမှုတွင် မြန်မာအလုပ်သမားများကို စွပ်စွဲကာ ရိုက်နှက်၊ နေအိမ်များ ဖျက်ဆီးခံရကြောင်း၊ အမှုမှန် ပေါ်ချိန်တွင် လာအိုနိုင်ငံသား ဖြစ်နေကြောင်း မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

- ၂၀၀၈ ခုနှစ်က ဖန်ငခရိုင် ကိုလပူရီမြို့တွင် မြန်မာတစ်ဦး အသတ်ခံရရာ ယင်းဖြစ်စဉ်တွင် တရားခံ ရှာမရသည့် အဆုံးတွင် အိမ်နီးနားချင်း မြန်မာများကို လူသတ်မှုနှင့် ဖမ်းကာ ဝန်ခံခိုင်းခဲ့သည်။ ဖမ်းဆီးခံရသူများမှာ သုံးလဝန်းကျင် အချုပ်ကျခဲ့ပြီး ရှေ့နေငှားရမ်းမှုကို လုပ်ဆောင်ပေးမှသာ ပြန်လည် လွတ်မြောက်လာကြောင်း ဦးထူးချစ်က ပြောကြားသည်။

- ၂၀၀၆ ခုနှစ်တွင် ဆူနာမီ ဖြစ်ပြီးနောက်ပိုင်း ပျက်စီးနေသည့် အဆောက်အအုံများ၊ လမ်းပေါ်ရှိ တန်ဖိုးရှိပစ္စည်း၊ ထိုင်းလူမျိုးများက ၎င်းတို့ ပစ္စည်းပါဟုဆိုကာ မြန်မာလုပ်သားများကို နေ့စားခပေးပြီး ပစ္စည်းသယ်ခိုင်းကြောင်း၊ ပစ္စည်းသယ်သည့် မြန်မာ ကိုးဦးတစ်ဖွဲ့၊ ခြောက်ဦးတစ်ဖွဲ့ကို သူခိုးဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၁ လကြာ အချုပ်တွင် နေခဲ့ရကာ ရှေ့နေငှား လုပ်ဆောင်သဖြင့် ပြန်လွတ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ထိုင်းသူဌေးက တောခုတ်ခိုင်းလို့ တောခုတ်တာကို မြန်မာအလုပ်သမားတွေက အစိုးရမြေ ခိုးတယ်ဆိုပြီး တရားစွဲထားတာလည်း ထောင်ထဲမှာ အများကြီးပဲ” ဟု ဦးထူးချစ်ကို ပြောဆိုသည်။

အရေးမယူနိုင်သေးတဲ့ အမှုအချို့
-၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံတွင် ကရင် မိန်းကလေးငယ်တစ်ဦးကို အိမ်ရှင်က ခွေးလှောင်အိမ်ထဲ ထည့်ကာ ရေနွေးပူလောင်း နှိပ်စက်ခဲ့သဖြင့် အရေပြား၊ ကြွက်သားများ ပျက်စီးခြင်း၊ အရေပြားတွဲဆက်ကာ လက်နှစ်ဘက်လုံး မြှောက်မရသည့်အထိ ဖြစ်ပွားခဲ့သည့်။ အိမ်ရှင်ဇနီးမောင်နှံကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

- ထိုင်း စူရတ်ဌာနနီ နယ်မြေအတွင်း ယခုနှစ် နှစ်ဆန်းပိုင်းက ရော်ဘာခြစ်သည့် မြန်မာဇနီးမောင်နှံ နှစ်ဦး ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့် လာစဉ် လမ်းတွင် ထိုင်းလူငယ်က ဆိုင်ကယ်ကိုတားရာ မရပ်ပေးသဖြင့် လမ်းဘေးတွင် စောင့်နေ့သည့် ထိုင်းလူငယ်က သေနတ်ဖြင့် ပစ်ခဲ့ရာ အမျိုးသားမှာ သေဆုံးခဲ့သော်လည်း ပြစ်မှုကျူးလွန်သူ ကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

- ထိုင်းနိုင်ငံ မဟာချိုင်တွင် ၂၀၀၆ ခုနှစ်က မြန်မာ အမျိုးသမီးတစ်ဦးကို ကားပေါ်တင်ပြေးကာ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့ရာ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ။ ၂၀၁၂ ခုနှစ်ကလည်း အလားတူ ဖြစ်ပွား ခဲ့ရာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ။

- မလေးရှားနိုင်ငံတွင် ၂၀၁၄ခုနှစ် ဇူလိုင်လ အတွင်းက ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင် အပါအဝင် မြန်မာလေးဦးထက်မနည်း အသတ်ခံရမှု၊ စက်တင်ဘာလအတွင်း ပီနန်ပြည်နယ် တွင် မြန်မာနှစ်ဦး အသတ်ခံရမှုတို့တွင် တရားခံ မဖမ်းနိုင်သေးပေ။
အောင်မြင့်ထွန်း

  The Voice Weekly
 

Subscribe Us