Tuesday, November 12, 2013

Acer ကို တည်ထောင်သူ စတန်ရှီးနှင့် ခေါင်းဆောင်မှုအကြောင်း စကားစမြည်


တရုတ်(တိုင်ပေ) အခြေစိုက် Acer ကုမ္ပဏီဟာ ယခုအခါ Dell ကုမ္ပဏီကို ကျော်လွန်ကာ ကမ္ဘာ့ဒုတိယ အကြီး ဆုံး PC ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်လာနေပြီလို့ ဈေးကွက်ကျွမ်းကျင် သူတွေဆိုကြပါတယ်။

ဒါဟာ အလွန်အံ့သြစရာပါပဲ။ ဘာကြောင့်လဲဆိုတော့  လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတော့ Acer ဟာ ကမ္ဘာ့ထိပ်တန်း PC ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးများစာရင်းမှာ ထိပ်တန်း ၁၀ စာရင်းတောင် မဝင်ခဲ့လို့ပါ။

ဒါကြောင့် နာမည်ကြီးဆောင်းပါးရှင် တစ်ဦးဖြစ်တဲ့ ဂျော်ဖရီဂျိမ်းစ်က Acer ဟာ ယခုလိုပိုအောင်မြင်လာ ရခြင်း မှာ Dell ထက်ပိုကောင်းတဲ့ “ရောင်းချရေးဓလေ့ Sales Culture ” ပိုင်းမှာ သာလွန်လို့ပဲ ဖြစ်ရ မယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဂျော်ဖရီဂျိမ်းစ်ဟာ Acer ရဲ့တည် ထောင်သူ စတန်ရှီးကို သူအနားမယူခင် ကာလတွေမှာပဲ တွေ့ဆုံအင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဂျော်ဖရီဂျိမ်းစ်က စတန်ရှီးဟာ Acer မှာ လျင်မြန်အားကောင်းတဲ့ ပူးပေါင်းဆက်ဆံရေးဓလေ့ကို ဖန်တီးပေးခဲ့သူလို့ဆိုပါတယ်။ ဒါ့အပြင် စတန်ရှီးဟာ hi-tech နည်းပညာလောကရဲ့ တန်ဖိုးတွေကို အာရှစီးပွားရေးလုပ်ငန်းတွေနဲ့ အချိုးညီညီ ပေါင်းစပ်ထားခဲ့ တာကိုလည်း သူကကောက်ချက်ချခဲ့ပါတယ်။




မေး။ ။ ကုမ္ပဏီအကြီးကြီးတစ်ခုမှာ စီးပွားရေးကို အားစိုက်လုပ်ကိုင်ချင်တဲ့ဓလေ့ရအောင် လူကြီးမင်း ဘယ်လိုအားပေးခဲ့ပါသလဲ။

ဖြေ။ ။ တိုင်ပေမှာတော့ ဆိုရိုးစကားတစ်ခုရှိတယ်။ “နွားတစ်ကောင်ရဲ့အမြီးဖြစ်ရတာထက်၊ ကြက်တစ်ကောင်ရဲ့ ဦးခေါင်းဖြစ်ရတာက ပိုကောင်းတယ်” တဲ့။ ဒီဆိုရိုးစကားရဲ့အဓိပ္ပါယ်ကတော့ စီးပွားရေးသမားအများစုဟာ ကုမ္ပဏီအကြီးကြီးတစ်ခုမှာလုပ်တာထက်၊ သူတို့ကိုယ်ပိုင်လုပ်ငန်းလေးတွေကို ဦးစီးလုပ်ရတာကို ပိုကြိုက်ကြတဲ့သဘောပါပဲ။ ဒီလိုမျိုးလုပ်ငန်းရှင်တွေကို အားသစ်လောင်းပေးတဲ့ အဓိကအချက်ကတော့ ကုမ္ပဏီမှာ အလုပ်သမားရဲ့ပိုင်ဆိုင်မှုနဲ့ ကုမ္ပဏီနဲ့ လွတ်လပ်အမှီအခိုကင်းစွာရပ်တည်နေမှုကိုလေးစားတဲ့ စီမံခန့်ခွဲမှုဒဿနအမြင် Management Philosophy ပါပဲ။ တကယ်အင်အားကောင်းတဲ့ ကုမ္ပဏီတွေမှာလည်း၊ အလုပ် သမားတိုင်းဟာ ရှယ်ယာရှင်တွေဖြစ်သင့်ပါတယ်။

မေး။ ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲမှာ ကုမ္ပဏီတစ်ခုကို အကောင်းဆုံးအောင်မြင်မှုရအောင် ဘယ်လိုလုပ်ရမလဲ။

ဖြေ။ ။ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတာနဲ့အမျှ ကိုယ့်မှာအစွမ်းအစနဲ့ အရင်းအနှီးမှာ အကန့်အသတ်ရှိလာတာကို တွေ့ရတတ်တယ်။ ဒါကြောင့်ဂလိုဘယ်ဆန်အောင်၊ ကမ္ဘာနဲ့ရင်ပေါင်တန်းအောင်လုပ်ဖို့ အကောင်းဆုံးနည်း ကတော့ ဗဟိုကထိန်းချုပ်မှုတွေကို ဖြေလျော့ပေးဖို့ပါပဲ။ ကိုယ့်ဒေသတွင်း ကုမ္ပဏီတွင်းမှာရှိတဲ့ လူတော်တွေနဲ့ အရင်းအနှီးတွေကို မိခင်ကုမ္ပဏီကြီးနဲ့ ပေါင်းစပ်နိုင်ဖို့ပေါ့။

မေး။ ။ ယနေ့ကာလမှာ အလွန်အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေမှာကျင့်သုံးနေတဲ့ ထိန်းချုပ်မှု Control ဆိုတာရဲ့ သဘောသဘာဝကဘာပါလဲ။

ဖြေ။ ။ အတိတ်ကာလတွေတုန်းကတော့ ကုမ္ပဏီရဲ့ ၅၁ ရာခိုင်နှုန်းကို ပိုင်ထားသူဟာ ထိန်းချုပ်သူပဲပေါ့။ ကုမ္ပဏီထဲမှာရှိနေတဲ့ အများစုရဲ့ဘုံအကျိုးစီးပွားကို စီမံခန့်ခွဲရင်း ကုမ္ပဏီကို ထိန်းချုပ်ဖို့ကြိုးစားတာကတော့ ပိုပြီးအဓိပ္ပါယ် ရှိပါတယ်။ ဒါပေမဲ့ ဒီလိုချဉ်းကပ်နည်းမျိုးကတော့ အခြေတကျဖြစ်ဖို့ အချိန်ပိုယူရတယ်။ အပြန်အလှန်ယုံကြည်မှုတွေ ဆက်သွယ်ညှိနှိုင်းမှုတွေ အများကြီးလိုတယ်။ ဒါမှသာ အားလုံးတစ်စိတ်တစ်ဝမ်းထဲဖြစ်မှုကို တည်ဆောက်နိုင်မယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ဘုံမျှော်မှန်းချက် Common Vision နဲ့ ဘုံဦးတည်ချက်ပန်းတိုင်နည်းဗျူဟာတွေဆီရောက်ပါပြီ။ အဲဒါတွေက ရေရှည်အကျိုးအမြတ်ကို ဖြစ်ထွန်းစေပါလိမ့်မယ်။

မေး။ ။ ခေါင်းဆောင်မှု Leadership ဆိုတာကို ဆရာ့အနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါသလဲ။

ဖြေ။ ။ ခေါင်းဆောင်မှု Leadership ဆိုတာ အိပ်မက်၊ မျှော်လင့်ချက်တစ်ခုကို အတူတကွအောင်မြင်မှု ရအောင် စွမ်းအောင်တဲ့ဖြစ်စဉ်ပါ။ အထူးသဖြင့်တော့ အဲဒီအိမ်မက်ကို အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ရတဲ့အချိန်မျိုးမှာတောင် ရအောင်လုပ်တဲ့ဖြစ်စဉ်ပါ။ ခေါင်းဆောင်တွေဟာ ပွင့်လင်းတဲ့စိတ်ရှိထားရမယ်။ အခြားသူတွေရဲ့အကြံကို လက်ခံနိုင်ရမယ်။ ခေါင်းဆောင်မှုစွမ်းရည်အတွက် အကောင်းဆုံးလေ့ကျင့်မှုကတော့ ကိုယ့်အမှားတွေကနေ ပြန်သင်ယူခြင်းပါပဲ။ ဆိုလိုတာကတော့ ခေါင်းဆောင်တွေ ဟာ ဘယ်တော့မှဆင်ခြေမပေးဘူး။ သူများကိုလည်း အပြစ်တင်ဖို့မ ကြိုးစား ကြပါဘူး။ တစ်ခုခုမှားသွားတယ်မယ်ဆိုရင်တောင်မှ ခေါင်းဆောင်တစ်ယောက်ဟာ “သူတို့ဘာ မှားနေလဲ” လို့မမေးဘူး။ “ငါဘာမှားနေလို့လဲ” လို့ပဲ အမြဲမေးလေ့ရှိကြတယ်။

မေး။ ။ အလုပ်အပေါ်သစ္စာရှိမှု Loyalty ဆိုတဲ့အယူအဆဟာ နှစ်တွေကြာလာတာနဲ့အမျှ ဘယ်လိုပြောင်း လဲလာပါသလဲ။

ဖြေ။ ။ ဒီနေ့ခေတ်ကာလမှာတော့ အလုပ်သမားတွေရဲ့သစ္စာရှိမှု Employee Loyalty ကို ဘုံမျှော်မှန်းချက်၊ မဟာဗျူဟာတွေကနေသာ ဖန်တီးနိုင်ပါတယ်။ “သစ္စာရှိမှု” ကို အများနဲ့ဆိုင်တဲ့ ဘုံအကျိုးစီးပွား Common Interest  ဆိုတာနဲ့ပဲ အားဖြည့်ရမယ်။ ဆိုလိုတာက လူတိုင်းဟာ မက်လုံးရှိနေရမယ်။ ရှယ်ယာပိုင်ဆိုင် ခွင့်တွေရှိနေရမယ်။ သူတို့ရဲ့ကုမ္ပဏီမှာ တာဝန်ယူမှုအပိုင်း ပိုတော်လာအောင် အမြတ်ခွဲဝေမှုတွေလည်း လုပ်ထားပေးရမယ်။ သစ္စာရှိမှု Loyalty ဆိုတာ အမှားလုပ်မိရင်တောင်မှ မန်နေဂျာတွေ အလုပ်သမားတွေ ကို ကာကွယ်ပေးထားရာက ပေါက်ဖွား လာတတ်တယ်။ လူတွေဟာ အမှားလုပ်မိရာက အမှန်ပြင်ဖို့ အခွင့်အရေးရရင် တကယ်လေးလေး စားစား သင်ယူလေ့လာလေ့ရှိပါတယ်။

မေး။ ။ ကုမ္ပဏီရဲ့ရုပ်ပုံလွှာမှာ အလုပ်သမားတွေက ဘယ်နေရာမှာပါဝင်နေပါသလဲ။

ဖြေ။ ။ စားသုံးသူက ပထမပါ။ ပြီးရင်အလုပ်သမားတွေပေါ့။ အဲဒီနောက်မှာမှရှယ်ယာရှင်တွေပါ။ တချို့ကုမ္ပဏီတွေကတော့ ရှယ်ယာရှင်တွေကို ပထမနေရာထားတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူ (ရှယ်ယာရှင်) တွေကို ပျော်ရွှင်စေနိုင်ပေမဲ့။  အဲဒီကုမ္ပဏီတွေဟာ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ခံဖို့တော့ လွယ်မှာမဟုတ်ဘူး။ သူတို့ဟာ လုပ်ငန်းကို ကြီးထွားအောင်လုပ်ဖို့ထက် ရေတိုအမြတ်ကိုပဲ စိတ်ဝင်စားလွန်းတာကြောင့်ပါ။

Ref: Sales Cultre : Interview with Acer’s Stan Shih
Written by maukkha Editor

Subscribe Us