Wednesday, September 11, 2013

ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်



အားလပ်ချိန်မှာ ပညာရှာပါ


“ ပညာဟူသမျှ ကို လွတ် လပ် စွာ သင်ယူနိုင်၏”

အလုပ်လာလျှောက်သူတစ်ဦး အား အလုပ်ရှင်က မေးတက်သည့် မေးခွန်း တစ်ခုမှာ “ မောင်ရင် ပညာ အရည် အချင်း ဘယ်လောက်ရှိလဲ၊ဘာသင်တန်း တွေ တက် ခဲ့ဖူးလဲ “ဟူ ၍ ဖြစ်သည်။ပညာအရည် အချင်း မရှိသူနှင့် ပညာအရည်အချင်းရှိသူ တို့၏ ကြားတွင် ကွာဟ ချက် သည် အလွန် ကြီးမား သည်။ ယင်းကွာဟ ချက်ကြီး ကို ဆက်စပ် ပေါင်းကူး ပေးနိုင်သည့် တစ်ခု တည်းသော အရာ မှာလည်း ပညာအရည်အချင်း သာဖြစ်သည်။



ပညာအရည်အချင်း ဟူသည်မှာ ဗဟုသုတ အကြားအမြင် ဖြစ်သည်။ ဗဟုသုတ အကြား အမြင်ဟူသည်မှာ တန်းခိုး စွမ်းအားဖြစ်သည်။ ကမ္ဘာ့ သမိုင်းတွင် ယနေ့ခေတ်လောက်မည့်သည့် ခေတ်က မှ ပညာအရည် အချင်း အရေးမပါခဲ့ ၊ အရာမရောက်ခဲ့ ။ 

အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ် သည် အပြိုင် အဆိုင် အလွန်များသည်၊ အလွန်ကြီးမားသည်၊ အလွန် ပြင်းထန်သည်။ ဘဝရုန်းကန်မှု့သည်လည်း အလွန်ခက်ခဲ ကြမ်းတမ်း သည် ။

ထို့ကြောင့် ဘဝတွင် လူတစ်လုံး သူတစ်လုံး ဖြစ်နိုင်ဖို့ အတွက် ပညာအရည်အချင်းသည် မရှိမဖြစ် လိုအပ်သည်။

ထို့ကြောင့် လည်း လူများစုကြီးသည် ကျောင်းပညာ သို့မဟုတ် တက္ကသိုလ်ပညာကို အလွန်အမင်း အရေးထား ကြခြင်း ဖြစ်သည်။ သို့သော် လူတိုင်းသည် ကျောင်း ပညာကို ရနိုင် မည် မဟုတ် ။ ပိုက်ဆံ မတက်နိုင်သော ကြောင့်၊မိသားစုဝမ်းရေးကြောင့် ၊ကျန်းမာရေးကြောင့် ငယ်ငယ် ရွယ်ရွယ် နှင့် ကျောင်း ထွတ် လိုက်ရသူများ ၊ပညာ တစ်ပိုင်းတစ နှင့်အလုပ်ဝင် လုပ်ရသူများ အများကြီး ရှိ သည်။

သူတို့ သည် ပညာ ပြ ည့် စုံအောင် မသင်ခဲ့ရ သည့် အတွက် တစ်ချိန်ချိန် တွင် အလွန် စိတ် မချမ်း သာဖြစ်တက် ကြသည်။ နောင်တ ရတက်ကြသည် ။ “ငါ့ ဘဝတော့ သွားပါပြီ ၊တစ်သက်လုံး လူစဉ်  မှီတော့မဟုတ်ဘူး”ဟု ယူဆတက်ကြသည်။ တကယ်တော့ ထိုအယူအဆသည် အလွန်မှားသည်။

ကမ္ဘာ့သမိုင်း အကြောင်းကိုပြန်လှန် ကြည့် လျှင်ပညာတက်ပုဂ္ဂိုလ် ပေါင်း မြောက် မြား စွာ တို့ သည် တက္ကသိုလ် ပညာကို မသင်ခဲ့ဖူးကြောင်း တွေ့ရပေလိမ့်မည် ။အများစု မှာလည်းအထက်တန်း ပညာကို ပင် မသင်ဖူးခဲ့ကြေင်း တွေ့ရလိမ့် မည်။

အမှန်ဆိုသော် ပညာကို တက္ကသိုလ်မှာသာ ရနိုင်သည် မဟုတ် ၊ပညာလိုချင်သူ အတွက် ပညာသည်
 နေရာတိုင်းတွင် ရှိသည်။ပညာကို နေရာတကာတွင် ရနိုင်သည်။အဓိက အချက်မှာလိုအင်ဆန္ဒဖြင့် ကြိုးစား ရှာဖွေဆည်းပူးဖို့သာ အရေးကြီးသည်။

တစ်ခါက လူငယ်တစ်ယောက်သည် ပန်းပဲဖိုတွင် အလုပ်လုပ်သည် ၊အလုပ်ချိန် တစ်နေ့  ၁၂ နာရီ ဖြစ်သည် ။သို့သော် သူသည် အလုပ်ပြီးသောအခါ ဘာသာစကားများကိုကိုယ့်အားကိုယ်ကိုး လေ့လာရာ တစ်နှစ်အတွင်း ခုနှစ်ဘာသာ အထိ ကျွမ်းကျင် တက်မြောက်လာခဲ့သည်။ ၎င်း သည် ကား ပြင်းပြသော ဆန္ဒ ဖြင့် ကြိုးစားမှု့ တို့၏ ရလဒ်ပင်ဖြစ်သည်။

ယခုခေတ် တွင် အထက်တန်း ပညာ မသင်နိုင်သူ များအတွက် ပညာဆည်း ပူရေး အခွင့်အလမ်းတွေ အများကြီး ရှိသည် ။ဘာသာရပ် အလိုက် ညနေသင်တန်းတွေ ၊စနေတနင်္ဂနွေ သင်တန်းတွေ ရှိသည်။ သင်တန်းမတက်နိုင်လျှင်လည်း လက်စွဲ စာအုပ်ကောင်းများ ၏ အကူအညီဖြင့် ကိုယ့်အားကိုယ်ကိုး လေ့လာဆည်းပူး နိုင်သည်။

ယခုခေတ်တွင် စာအုပ်စာတမ်းများနှင့် ညနေသင်တန်းများသည် ကျောင်းပညာ မသင်နိုင်သူများ အနေဖြင့် အလွတ် သင်ပညာ ရရှိရေး အတွက် အကောင်းဆုံး နည်းလမ်း များပင် ဖြစ်သည်။

ထို့ကြောင့် မည်သူမဆို စာဖတ်တက် လျှင် ကိုယ့်အားကိုယ်ကိုး နည်းဖြင့် ပညာ ဆည်းပူး နိုင် သည်။

ထို့ကြောင့် မိမိ ကိုယ် ကို စာ ဖတ်အလေ့အကျင့် စွဲမြဲ အောင် ပျိုးထောင် ပါ။ အကျိုးပြု စာအုပ်ကောင်း များကို ရွေးချယ်ပြီး တစ်နေ့လျှင် အနည်းဆုံး ၁၀ မိနစ်ခန့် မျှလေ့လာ ပါ။ နောက် ဆယ်လခန့် အတွင်း မိမိ ၏ အသိပညာ စက်ဝန်း သည် သိသိသာသာ ကျယ်ပြန့် တိုးတက်လာပါလိမ့်မည်။

မိမိ တွင် စာအုပ်ကောင်းများ မရှိလျှင် ရှိသော မိတ်ဆွေ များထံမှ သော်လည်းကောင်း၊ စာကြည့် တိုက်များ   နှင့် အငှား ဆိုင် များ မှ သော်လည်းကောင်း ငှားရမ်း လေ့လာပါ။

ထို့ကြောင့် မိမိတွင် သိသမျှ စာအုပ် များနှင့် ပထမ ဦးစွာ စတင်ပါ ။ ရည်ရွယ်ချက်ဖြင့် ပန်းတိုင် ထား၍ အချိန်မှန်မှန် စွဲစွမြဲမြဲ လေ့လာ လျှင် မိမိ ၏ ဗဟုသုတ နယ်ပယ် သည်နှစ်ကာလ အနည်းငယ်အတွင်း သိသိ သာသာ ကျယ်ပြန့် လာပါလိမ့် မည်။ကျယ်ပြန့်လာသော ဗဟုသုတ ရှိသူ အဖို့ ဘ၀ တိုးတက်ရေးအခွင့် အလမ်း များသည် အမြဲ ပွင့်လင်းနေမည် သာတည်း။

မောင်ပေါ်ထွန်း ၏
ငါ့ ဘ၀ ငါသာ သခင် ငါသာဘုရင် စာအုပ် မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

Subscribe Us