Sunday, August 18, 2013

ဆရာဆိုသည်မှာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကြင်ကြင်၊
အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့။ 

(မဃဒေ၀၊ ၂၆၇)

ဆရာဆိုသည်မှာ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်ကြပါသည်။ မြန်မာ့ယဉ်ကျေးမှု့တွင် ဆရာ၏ဂုဏ်ကျေးဇူးကို အလွန်တန်ဖိုးထားကြပါသည်။ ဆရာသမားကို မိမိတို့၏အမိအဖကဲ့သို့ ခံယူထားကြပါသည်။

အမိအဖ ကိုပင် လက်ဦးဆရာ ဟုသတ်မှတ်ကြပါသည်။ လက်ဦးဆရာဖြစ်သော မိဘကောင်းပါလျှင် သားသမီးများထွန်းပေါက်ကြသည်ဟုဆိုပါသည်။

မြတ်စွာဘုရားမှလွဲ၍ လူသားတိုင်းသည်ဆရာရှိကြသည်ဟုကြားဘူးပါသည်။ ဆရာကူမှလူဖြစ်သည်ဟုလည်း ဆိုကြပါသေးသည်။

“ဆရာ”များသည် “ပညာကိုလည်းသင်၊လူကိုလည်းပြင်” ဆိုသကဲ့သို့ စိတ်ပိုင်း၊ရုပ်ပိုင်း ဆိုင်ရာများကို ပြုပြင်ပေးကြပါသည်။

“ဆရာ” များသည်သူတို့၏ကရုဏာတရား၊အကြင်နာတရား၊ မေတ္တာတရားများကိုပေးစွမ်း သူများဖြစ်ကြပါသည်။

“ဆရာ” များသည်ထာဝရတည်ရှိနေမည့်အရာဖြစ်ပါသည်။

“ဆရာ” များသည်လူ့ဘ၀တွင် မြင့်မြတ်သောတာဝန်ဝတ္တရားများကို ဆောင်ရွတ်နေကြသူများဖြစ်ပါသည်။

“ဆရာ” များ၏ဘ၀ကို ဂုဏ်ရည်အမြင့်ဆုံးသောဘ၀သခင်ကျေးဇူးရှင်ဥယျာဉ်မှုး၊ ဘ၀လမ်းကြောင်း မတိမ်းစောင်းရအောင်အမှောင်ခွင်းသည့်အလင်းရှင်၊ ဘ၀ပဲ့ကိုင်ဆီးမီးတိုင်၊ပန်းကိုမြတ်နှိုး ပန်းပျိုးလက် စသည်ဖြင့်တင်စားခေါ်ဆိုကြသဖြင့် ဆရာဂုဏ်၊ဆရာကျေးဇူး ဖော်ကျုး၍မကုန်နိုင်ပါ။

မိမိ၏၀ါသနာအလျောက်ဆရာအဖြစ် ခံယူကာ မိမိတပည့်များအား စာပေပညာ တက်မြောက် ထူးချွှန်ရုံ သာမကလူ့ဘ၀တစ်လျောက်လုံး ရပ်တည်နိုင်အောင် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာကိုပါ မိမိဘ၀ကို အရင်းတည်ကာပြုစုပျိုးထောင်ပေးလျက်ရှိကြသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆရာအားလုံးတို့အား ဦးခိုက်ဂုဏ်ပြုလိုက်ရပါသည်။
“ပညာရွှေစင်အလင်းရောင်(ပညာ) သင်တန်းကျောင်း” အပတ်စဉ် ၂ ၌ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပေးမည့် ဆရာများအား ဤစာစုဖြင့် ဂုဏ်ပြု လိုက်ပါသည်။

Subscribe Us