Monday, June 26, 2023

အာရမ္မဏပစ္စယော



“အာရမ္မဏ” ဆိုသည်မှာ အာရုံဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အာရုံ အဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အာရုံ ၆- ပါးနှင့် ရှင်သန်နေကြ၏။ အာရုံတို့ကြောင့် စိတ်ဖြစ်လာရကား မည်သည့်စိတ်ဖြစ်ဖြစ် အာရုံနှင့် ကင်းပြီး ဖြစ်သည့် စိတ်ဆိုသည်မှာ မရှိပေ။

မှန်၏။ လောဘဖြစ်ဖို့လည်း အာရုံ ရှိရ၏။ လိုချင်စရာ အာရုံသည် လောဘဖြစ်စရာ အာရုံတည်း။ ဒေါသဖြစ်ဖို့လည်း အာရုံ ရှိရ၏။ စိတ်ဆိုးစရာ အာရုံသည် ဒေါသဖြစ်စရာ အာရုံတည်း။

သဒ္ဓါဖြစ်ဖို့လည်း အာရုံ ရှိရ၏။ ကောင်းမှုပြုစရာ အာရုံသည် သဒ္ဓါဖြစ်စရာ အာရုံတည်း။ မေတ္တာဖြစ်ဖို့လည်း အာရုံ ရှိရ၏။ သတ္တဝါအများသည် မေတ္တာဖြစ်စရာ အာရုံတည်း။

စိတ်ဆိုသည်မှာ အာရုံရှိမှသာလျှင် ဖြစ်ပေါ်လာ၏။ အာရုံ မရှိလျှင် ဖြစ်ပေါ်စရာ အကြောင်း မရှိ။ ထို့ကြောင့် အာရုံ (ရုပ် နာမ် ပညတ်) သည် အကြောင်းတရား၊ စိတ် စေတသိက် ( နာမ်) သည် အကျိုးတရား၊ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " အာရမ္မဏပစ္စည်း" ဟု ခေါ်သည်။

ဟေတုပစ္စယော

ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။

 ဟေတုပစ္စယော

“ဟေတု” ဆိုသည်မှာ အမြစ်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမြစ်သဖွယ် အထောက်အပံ့ ပေးသောအားဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ကျေးဇူးပြုဆိုသည်ကား မဖြစ်သေးသည်ကို ဖြစ်အောင် ပြုလုပ်ခြင်း၊ ဖြစ်ပြီးသည်ကို တည်တံ့အောင် ထောက်ပံ့ခြင်းတည်း။

ရေသာက်မြစ်သည် သစ်ပင်ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြု၏။ ထို့ကြောင့် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဟိတ် ၆-ပါးတရားတို့သည် ရုပ်တရား နာမ်တရားတို့ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြုလျက် ရှိပါသည်။

ထို့ကြောင့် ဟိတ် ၆-ပါးသည် အကြောင်းတရား၊ ရုပ်နှင့် နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို “ဟေတုပစ္စည်း" ဟု ခေါ်သည်။

Monday, June 12, 2023

လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း

 


       ကမ္မဋ္ဌာန်းရှုမှတ်လိုသောယောဂီသည် ကမ္မဋ္ဌာန်းဆရာထံ နည်းခံ၍ တောအရပ်မှာဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ တိတ်ဆိတ်သောနေရာမှာဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ကိုယ်နေဖြောင့်ဖြောင့် ထိုင်ရမည်။ မည်သည့်ကြောင့်ကြမှုမျှမရှိစေဘဲ ထွက်သက်ဝင်သက်ကို သတိဖြင့် မပြတ်ရှုမှတ်နေရမည်။ ဤ၌ ထိုင်လျက်ဆိုသော်လည်း ထိုင်ခြင်း၊ သွားခြင်း၊ လျောင်းအိပ်ခြင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင်း အားထုတ်နိုင်သည်။

       ထို့ပြင် ဆိတ်ငြိမ်ရာအရပ်ဟု သမထအလုပ်ကို ရည်စူး၍ ဆိုခြင်းဖြစ်သည်။ ဝိပဿနာအလုပ်ကား ဆိတ်ငြိမ်သောနေရာမှသာ ပေါက်ရောက်ပြီးမြောက်နိုင်သည် မဟုတ်ပါ။ ပါရမီဉာဏ်သာ အဓိကဖြစ်သည်။ လူထဲသူထဲတရားနာရင်း အိမ်မှာထမင်းချက်ရင်း တရားပေါက်ရောက် ရရှိသွားသော ပုဂ္ဂိုလ်များကို ကျမ်းဂန်တို့တွင် တွေ့မြင်ရသည်။

Friday, May 26, 2023

ဘဝနတ်ထံပျံလွန်တော်မူခြင်း


 မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်မော်ကျောင်းတိုက်ကြီး၏ ပဓနနာယက ၊ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌ ( အဘိဓဇမဟာရဋ္ဌဂုရု ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါ အရ ၁၃၈၅ ခုနှစ် ၊နယုန်လဆန်း (၇)ရက် ၊ (၂၅-၅-၂၀၂၃ ) ကြာသပတေနေ့  ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

Friday, May 19, 2023

CI စာအုပ်ကောက်ရထာသည် (ပျောက်နေသူ အမြန်ဆက်သွယ်ပါ)

 ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်၍လာယူပါရန်။ ကျေးဇူးပြု၍ အမြန် ရှယ် ပေးကြပါ။

Monday, October 17, 2022

အချိန်ကုန်တာစိတ်မချစရာကြုံဖို့ပဲ

 


          တစ်စက္ကန့်ထက် တစ်စက္ကန့် တစ်မိနစ်ထက် တစ်မိနစ် ၊ တစ်နေ့ထက် တစ်နေ့ ဆိုသလို အချိန်တွေ နေ့ရက်တွေ တရွေ့ရွေ့ ကုန်ကုန်လာကြတယ် ၊ ဒီလို အချိန်တွေ ကုန်တာဟာ ••• နေ့ရက်က ကုန်တာမဟုတ်ဘူး ၊ အသက်တမ်း တစ်ရက်ထက် တစ်ရက် လျော့လျော့သွားတာမို့ အသက်တမ်းကသာ ကုန်ကုန်သွားရတာပဲ ၊ ရိပ်မိကြရဲ့လား ၊ နေ့တွေ ရက်တွေက ဘယ်တော့မှ မကုန်နိုင်ပါဘူး ၊ အမှန်ကုန်ဆုံးသွားခဲ့တာ ၊ အမှန်တကယ် ပျောက်ပျက်သွားတာကတော့ ၊ အသက်တမ်းပဲ ၊ ရှင်းကြရဲ့လား ။ 

          ဒကာ ဒကာမတွေ အသက်တမ်း လျော့လျော့ သွားလေလေ ၊ နေဖို့ အချိန်က နည်းသွားလေပဲ ။ သေရဖို့ အချိန် နီးလာလေ ၊ နေဖို့အချိန်က နည်းသွားလေပဲ ။ 


Sunday, October 16, 2022

ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး


                    

နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓသာသနာဝင် အစစ်

ပဋိစ္စသမုပ္ပါဒ်တရားတော်ဟုဆိုလျှင် အခြားဘာသာ သာသနာတို့နှင့်လုံးဝ မသက်ဆိုင်ကြောင်း, ဗုဒ္ဓသာသနာတော်နှင့်သာလျှင် သက်ဆိုင်၍ ဗုဒ္ဓသာသနာတော်တွင်း တရားသာလျှင် ဖြစ်ကြောင်း, မူလပဘဝအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော် ဖြစ်ကြောင်များ ထင်ရှားဖော်ပြလျက် ရှိပေသည်၊ ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓသာသနာတော်၌ အရေးကြီးသော အပိုင်းကဏ္ဍ တခုအဖြစ်ဖြင့် ပါဝင်လျက်ရှိပေ၏၊ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာယောဂီပုဂ္ဂိုလ်တို့သည် ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်သို့ ရောက်သောအခါ ယင်းပဋိစ္စသမုပ္ပါဒ် တရားကို အကျဉ်းအားဖြင့်ဖြစ်စေ, အကျယ်အားဖြင့်ဖြစ်စေ ထိုက်သည်အားလျော်စွာ မုချသိအပ်သောကြောင့်ပင် ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို အကြိမ်တရာမက များစွာပင် ဟောကြားတော်မူခဲ့ပေသည်။