Monday, October 08, 2018

ထိုင်းနိုင်ငံတောင်ပိုင်း၊ပကျွတ်ခရိုင် ရှိ Dole Thailand စက်ရုံ အလုပ်သမားရေးရာကိစ္စ



၁။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ပကျွတ်ခရိုင်၊ DOLE Thailand အလုပ်ရုံမှ အလုပ်သမားများသည် ၂၈-၉-၂၀၁၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိဖုန်း (၀၉-၄၈၈၄၅၄၈၄) သို့ ဆက်သွယ်လာခဲ့ပြီး၊ ၎င်းတို့စက်ရုံမှ မြန်မာအလုပ်သမား ၁၀၀ ကျော်အား၊ စက်ရုံမှ အလုပ်ထုတ်ပစ်ခဲ့ကြောင်း ၊ အလုပ်ပြန် ဝင်ရောက်ရန်အတွက် စမတ် ကြေး ၃၅၀၀ ဘတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ စက်ရုံတွင် အလုပ်လုပ်ခဲ့သည် မှာနှစ်အတော် များများ ကြာပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့ပါသည်။





၂။ ဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ သက်ဆိုင်ရာစက်ရုံသို့ကနဦး ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး၊ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် MOEAF မှ တာဝန်မှုး ဦးဆောင်သည့် အဖွဲ့အား ၂၉-၉-၂၀၁၈ ရက်နေ့တွင် စေလွှတ်ခဲ့ပါသည်။ MOEAF အဖွဲ့နှင့် ကနဦးညှိနှိုင်း ဆောင်ရွက်မှု အဆင်မပြေသဖြင့် ၁-၉-၂၀၁၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးမှ ဆဝါဒီကန် (ရုံးချုပ်) ၊ DOE (ရုံးချုပ်) ဒေသအာဏာပိုင်တို့နှင့်ဆက်သွယ်ပြီး၊ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။







၃။ ၂-၁၀-၂၀၁၈ ရက်နေ့တွင် သက်ဆိုင်ရာ စက်ရုံသို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ ၊ အလုပ်သမားသံအရာရှိနှင့် MOEAF မှ တာဝန်ရှိသူများမှ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။



၄။ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်ရှင်ဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေခြင်း၊ အလုပ်ဖြုတ်ခံရသော အလုပ်သမား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး၍ ဖြစ်စဉ် အား အောက်ပါအတိုင်း သုံးသပ်တွေ့ရှိရပါသည်-


(က) စက်ရုံသည် နိုင်ငံတကာအဆင့်မှီတည်ဆောက်ထားသော စက်ရုံကြီးဖြစ်ပြီး၊ ယခင်က ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာသော အလုပ်သမားများနှင့် ရပ်တည်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် တွင် အလုပ် သမားများအား CI စာအုပ်များပြုလုပ်ပေးခြင်း၊ အချို့ သောအလုပ်သမားများအား MOU –U turn စနစ်ဖြင့် ပြန်လည် ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးထားပြီး၊ ၂၀၁၇ ခုနှစ်အတွင်း MOU လူသစ် ၂ ကြိမ် ခေါ်ယူခဲ့ပါသည်။



(ခ) စက်ရုံအနေဖြင့် သစ်သီးမျိုးစုံနှင့်ပတ်သက်စားကုန်များထုတ်လုပ်သည့်သည့်စက်ရုံဖြစ်ပြီး၊ တစ်နှစ်လျှင် ရက် ၃၀ ခန့် အလုပ်နားသည့် အချိန်များ ရှိပြီး၊ ယခင်နှစ်များတွင် အလုပ်သမားများမှ ခွင့်ပြန် လိုသည့်အချိန်များကို ယင်းရက်များတွင် ပြန်လေ့ပြီး၊ ယခုနှစ်တွင် အလုပ်နားချိန်ခွင့်ပြန်သည့် အလုပ်သမား များခွင့်ပြန် ( Reentry တုံးထုပေးရမည့်အစား) ဆောင်ရွက်ရမည့်အစား ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန ပုဒ်မ ၁၃ အရ ၁၅ ရက်ထက်ကျော်လွန်၍ အလုပ်ရုံမှ ကင်းကွာသော အလုပ်သမားများအား အလုပ်ထုတ်စာ (ဘိုင်ကျန့်အော်)ထုတ်ပေး၍ ၊ အလုပ်သမားများ ပြန်လည် ရောက်ရှိချိန်တွင်နောက် တစ်ကြိမ် ထပ်မံ၍ အလုပ်အသစ်လျှောက်ခြင်းကဲ့သို့ ဆောင်ရွက်စေကြောင်း တွေ့ရှိရသည်။



(ဂ) ယခုအလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် ၎င်းစက်ရုံတွင် ၄ နှစ်ခန့်အနည်းဆုံးအလုပ် လုပ်ကိုင်လျက်ရှိကြသည့် ၎င်းစက်ရုံ၏ လူဟောင်းများပင်ဖြစ်ပြီး၊ အများစုမှာ CI ဖြင့် နေထိုင်သူများဖြစ်သည်။ ။ ယခုဖြစ်စဉ်တွင် အလုပ်ရုံ၏ မန်နေဂျာ အသစ်ဖြစ်သူမှ အလုပ်သမားအဟောင်းများအား စမတ်ခအား တရားမဝင်သော နည်းလမ်းဖြင့် ရရှိအောင် အလုပ်ရုံ၏ Management ပိုင်းမှ ပူးပေါင်းကြံစည် ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သိရှိရပါသည်။


၅။ စက်ရုံအနေဖြင့်အလုပ်သမားများအား ကုန်ကျစရိတ်မရှိပဲ အလုပ်ပြန်လည် ခန့်ထားနိုင်ရေး ညှိနှိုငိးဆောင် ရွက်ရာတွင် ၊ အလုပ်သမားများမှ ကုန်ကျစရိတ်များ ကျခံရမည်ဖြစ်သဖြင့် ၎င်းအခြေအနေအား သက်ဆိုင်ရာ ဆဝါဒီကန်၏ ပုဒ်မ ၁၉၉ အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


၆။ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ၎င်းစက်ရုံအား အလုပ်သမားအခွင့်အရေးချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် Black List ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီး ဌာနမှ ဆက်လက်အရေးယူနိုင်ရေး ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


၇။ ဆဝါဒီကန်နှင့် တရားစွဲဆိုထားစဉ်ကာလအတွင်း အလုပ်သမားများ အခက်အခဲမရှိ အစဉ်ပြေ ချောမွေ့စေရေးအတွက် ပကျွတ်ခရိုင်ရှိ QPP နှင့် လပ်ပူရီ Thaitan စက်ရုံများသို့ အလုပ်ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။



အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us