Monday, September 03, 2018

ကားမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇ဦးဆေးရုံမှဆင်းနိုင်ပြီ


၁.၉.၂၀၁၈ မဲဆောက်

ယမန်နေ့က မဲဆောက်မှဘန်ကောက်သို့ထွက်ခွာရာလမ်းတွင် ကားတိမ်းမှောက်မှုကြောင့် တာ့ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အလုပ်သမား၁၂ဦးအနက် ၇ဦးမှာ ဒဏ်ရာများသက်သာသဖြင့်ဆေးရုံကြီးမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ မဲခေါင်ကျေးရွာ နေ မောင်အောင်ဆန်းဝေ၊ မွန်ပြည်နယ် မုပ္ပလင်မြို့နယ်၊ ကင်စမ်းရွာနေ မောင်စန်းမြင့်သောင်းနှင့် မောင်လှမျိုး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နေ မခင်လေးမွန်၊မဆွေဆွေအောင် တို့၅ဦးသာ တာ့ခ်ခရိုင် ဆေးရုံကြီးတွင် လိုအပ်သော ဆေးကုသမှုများ ဆက်လက်ခံယူ နေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းသိရသည်။






ထိခိုက်ဒဏ်ရာ မရရှိသော ကျား ၆ဦးနှင့် (အနည်းငယ် ပွန်းပဲ့ဒဏ်ရာရသူနှင့် ထိခိုက်မှုမရှိသူ)မ ၃၃ဦး၊စုစုပေါင်း၃၉ ဦးတို့သည် မူလ လုပ်ငန်းခွင်ရှိရာ ဘန်ကောက်မြို့ Chanthaburi Food Co.ltd သစ်သီးစည်သွပ်ဗူးစက်ရုံသို့ ယနေ့ညနေက ဆက်လက်ထွက်ခွာသွားပြီဖြစ်သည်။

အလုပ်သမားများမထွက်ခွာစဉ် မဲဆောက်မြို့အလုပ်သမား သံအရာရှိဦးအောင်မင်း၊မြန်မာအေဂျင်စီနှင့်ထိုင်းအေဂျင်စီများမှတာဝန်ရှိသူများက ဆေးရုံသို့သွားရောက်ခဲ့ပြီး လိုအပ်သောဆေးကုသမှုများခံယူစေခြင်း၊အားပေးခြင်း၊လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခြင်း၊နှစ်သိမ့်အားပေးခြင်း၊စိတ်ဓာတ်ခွန်အားပေးခြင်းများပြုလုပ်ခဲ့ပြီး စိတ်ချရသော လုပ်ငန်းခွင်သို့ အလုပ်သမားများ၏ဆန္ဒအရ ဆက်လက် ပို့ဆောင် ပေးစေ
ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAFမှ အမှုဆောင်နှင့် ဘန်ကောက် Call Centre တာဝန်မှူးလည်း တာ့ခ်ခရိုင်သို့ရောက်ရှိနေပြီး လိုအပ်သော ပံ့ပိုးမှုများကို ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် လူ့အသက်ဆုံးရှုံးရသည်အထိ မဆင်မခြင် မောင်းနှင်ခဲ့သော ထိုင်းယာဉ်မောင်းအား ဖမ်းဆီးထားပြီး အရေးယူနိုင်ရန် ထိုင်းအာဏာပိုင်များကစစ်ဆေး နေကြောင်း သိရသည်။
ယင်းမဲဆောက်၊ ဘန်ကောက် လမ်းကြောင်းသည် တောင်ဆင်းတောင်တက်များသော်လည်း လမ်းများကောင်းမွန်
သော ကြောင့် ယာဉ်မောင်းသူများကြောင့်သာ ကားတိမ်းမှောက်မှုများမကြာခဏ ဖြစ်ပေါ်ရလေ့ရှိသည်။မနှစ်က ထိုင်းလူမျိုး ၃၉ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယခုနှစ်ထဲတွင် ကားမတော်တဆမှု ဖြစ်စဉ်နှစ်ခုတွင် မြန်မာလူမျိုး ၁၆ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

တာ့ခ်မြို့ အာဏာပိုင်များအနေဖြင့် ကြံ့ခိုင်ကောင်းမွန်သည့် ယာဉ်များသာ ပြေးဆွဲရန်၊ ကျွမ်းကျင်မှုရှိသည့်ယာဉ်မောင်းများ သာ အသုံးပြုရန်၊ MoU လုပ်သားများအား ကားကြီးတစီးတွင် ၄၅ဦးသာတင်ခွင့်ပြုရန်၊ အသက်အာမခံပြုလုပ်ထားရန် ဆော်သြပြီးစစ်ဆေးအရေးယူမှုများပြုလုပ်လျှက်ရှိသည်။
ယခုကားသည် နှစ်ထပ်ကားကြီး အမျိုးအစားဖြစ်ပြီး အောက်ထပ်တွင် MOUလုပ်သား၄၀ကျော်နှင့် အပေါ်ထပ်တွင် အခြားခရီးသည် ၂၀ကျော် တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ။

MOEAF ပြန်ကြားရေး ကော်မတီ

Subscribe Us