Saturday, August 25, 2018

၂၀၁၈ အောင်မြင်သော လူငယ်စွန့်ဦးလုပ်ငန်းရှင်လေးများ


ဂျွန်နီ ဆင်ကင် (Jonny Simkin)

ဂျွန်နီသည် ဆန်ဒီယာဂိုမြို့တွင် ကြီးပြင်းခဲ့aရသူ တစ်ယောက်ဖြစ်သည်။ မြို့ပြတွင် နေထိုင်သူတစ်ဦးအနေနှင့် သူလည်း ကားကို အားကိုးပြီး သွားလာနေရသည်။ ကာလီဖိုးနီးယားတောင်ပိုင်းတွင် ကားပိတ်ဆို့သည့်ဒဏ်ကို ကောင်းကောင်းခံစားနေရသူတစ်ဦးလည်း ဖြစ်သည်။



အသက် ၃၀ အရွယ် ဂျွန်နီသည် Swiftly ဆိုသည့် လုပ်ငန်းကို ကောက်ပြီး ထူထောင်လိုက်သည်။ မြို့ပြ ကားလမ်းပိတ်ဆို့နေမှုများကို သူကဆော့ဖ်ဝဲဖြင့် မည်သို့ဖြေရှင်းနိုင်မည်နည်းဟု စတင်အဖြေရှာလိုက်ခြင်းဖြစ်သည်။



လက်ရှိ GPS စနစ်များသည် ဘတ်စ်ကားများနှင့် ရထားများတွင် ရှိပြီးဖြစ်သည်။ သူက လက်ရှိ ပကတိ မြေပြင်အနေအထားကို လိုချင်သည်။ ဆိုက်ရောက်၊ ထွက်ခွာနေမှုများကို အတိအကျ ဖော်ပြပေးနိုင်သည့် ဆော့ဖ်ဝဲတစ်မျိုး လိုအပ်နေပြီဟု မြင်သည်။ သူက အမေရိကရှိ မြို့ကြီး ၄၅ မြို့မှ ပြည်သူတွေ လမ်းပိတ်ဆို့နေသည့် နေရာများကို ရှောင်ရှားနိုင်ရန် Google Maps ကဲ့သို့ ပြပေးနိုင်မည့် ဆော့ဖ်ဝဲတစ်မျိုးကို တီထွင်နိုင်ခဲ့သည်။ သူ၏ Swiftly ကို ဘော့စ်တွန်နှင့် ချီကာဂိုတို့တွင် ဖွင့်လှစ်နိုင်သည်အထိ အောင်မြင်သွားသည်။







သူ့နည်းက GPS တိုင်း၏ မှတ်တမ်းများကို စုဆောင်းပြီး လမ်းကြောင်းများကို ဖော်ထုတ်ပြသပေးနိုင်ရန် စီစဉ်ပေးနေခြင်းဖြစ်သည်။ သူတို့ကုမ္ပဏီကိုလည်း မည်သည့်လမ်းကြောင်းက တစ်ဆင့်သွားလျှင် ကောင်းမည်နည်းဆိုသည့် အကြံဉာဏ်တောင်းမှုများအတွက်လည်း ဝန်ဆောင်မှုပေးသည်။



သူ၏ Swiftly လုပ်ငန်းကို Ford နှင့် Samsung ကုမ္ပဏီတို့ကလည်း စိတ်ဝင်စားသည်။ ထို့ကြောင့် သူ့ကို ဒေါ်လာ ၄ ဒသမ ၄၅ သန်း အထောက်အပံ့ ဝိုင်းပေးသဖြင့် လုပ်ငန်းကို ထူထောင်နိုင်ခဲ့သည်။ သူ့လုပ်ငန်းကို ၂၀၁၄ ခုနှစ်က ဆန်ဖရန်စစ္စကိုတွင် စတင်ထူထောင်ခဲ့ပြီး ယခုအခါ ဝန်ထမ်း ၁၁ ဦးနှင့် လုပ်ကိုင်လျက်ရှိသည်။ သူ့ဝင်ငွေမည်မျှရှိသည်၊ ကုမ္ပဏီ မည်မျှအကျိုး အမြတ်တွေ ရှိနေသည်ဆိုခြင်းကို သိုဝှက်ထားသည်။ သို့သော် သူ့လုပ်ငန်းက တိုးတက်နေသည်။ နောက်ဆုံး တစ်နေ့တွင် အစိုးရနှင့် မဖြစ်မနေ ပူးပေါင်းလုပ်ဆောင်မှ ရတော့မည့် လုပ်ငန်းတစ်ခုအသွင်ဆောင်လာပြီဖြစ် ကြောင်းကိုလည်း စီးပွားရေးပညာရှင်များက ထောက်ပြလာသည်။



၂၀၁၂ ခုနှစ်က ဆင်ကင်သည် ဆန်ဖရန်စစ္စကိုသို့ ရောက်လာသည်။ သူကောလိပ်တက်စဉ်က တီထွင်ခဲ့သော ဈေးနှုန်းနှိုင်းယှဉ်မှုဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုကို လိုက်ရောင်းသည်။ ထိုသို့လိုက်ရောင်းစဉ် ကားလမ်းပိတ်မှုများ မကြာခဏကြုံရပြီး ခရီးမတွင်နိုင်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ကားပိတ်သည့်ပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်းဆိုခြင်းကို စတင်စိတ်ကူးမိရာက လမ်းကြောင်းများကို ရှာဖွေရှောင်ရှားသွားနည်းကသာ အဖြေဖြစ်နိုင်ကြောင်း သိလာသည်။ လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီမည်သို့ရရှိနိုင် မည်နည်းဆိုခြင်းမှာ အဖြေတစ်ခုဖြစ်လာနိုင်သည်။



၂၀၁၄ ခုနှစ်တွင် မိုက်ကယ် စမစ်၊ ဝီလျှံဒေတန်တို့နှင့်အတူ Swyft ဆိုသည့် ဆော့ဖ်ဝဲကို တီထွင်ဖြစ်သွားသည်။ ထိုဆော့ဖ်ဝဲလိုမျိုးကို Google ကတီထွင်ခဲ့ပြီး သုံးစွဲနေသူများ အကြိုက်တွေ့ပြီးဖြစ်သည်။ သူတို့ တီထွင်ထားသည့် ဆော့ဖ်ဝဲကို Swiftly ဟု အမည်ပြောင်းသည်။ နောက်တစ်မျိုးကိုလည်း Swiftly Transitime ဆိုပြီး ထပ်ထုတ်သည်။ သွားလိုသည့် ခရီး၊ သွားနိုင်သည့်ယာဉ်၊ သွားနိုင်မည့်လမ်းကြောင်းများကို ဖော်ပြပေးနိုင်သည့် ဆော့ဖ်ဝဲဖြစ်သည်။



သူတို့အားလုံး အချက်အလက်များကို ချက်ချင်း ရရန်အတွက် မြို့တော်များအတွင်းရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းရသည်။ သူတို့အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်မည့်စနစ်တွေကို တီထွင်ရသည်။ သူတို့ကို ယုံကြည်စွာ ဆက်သွယ်မေးမြန်း အကူအညီတောင်းမည့် ဖောက်သည်တွေကို ရှာရသည်။ ထို့ကြောင့် လုပ်ငန်းကို ဆက်သွယ်လာသူများသည် သုံးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။ စကင်အနေဖြင့် လာမည့်ငါးနှစ်အတွင်း မြို့ကြီးပေါင်း ထောင်ချီကာ မိမိတို့ Swiftly စနစ်များအား သုံးစွဲရေးကို တိုးမြှင့်လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။ လူတွေက ကားလမ်းပိတ်ပြီး ကားကိုထားခဲ့မည်လော၊ Swiftly ကို ဆက်သွယ်သုံးစွဲမည်လောဆိုသည့် စိတ်ကူးရလာ စေသည်အထိ သူတို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။



စကင်က လူတို့၏ လူနေမှုဘဝနှင့် အသက်ရှင်နေထိုင်ရေးကို သူသည် အထောက်အကူပြုနေသူ တစ်ဦးဟု ခံယူကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ကားလမ်းတွေမပိတ်ဘဲ သွားလာနိုင်ခြင်းသည် ဖန်လုံအိမ် အကျိုးအာနိသင်သက်ရောက်မှုကိုပါ လျှော့ချနိုင်ခြင်းဖြစ်သည်ဟု သူကဆိုသည်။ သူတို့ဆော့ဖ်ဝဲကြောင့် ကားလမ်းမပိတ် လိုရာခရီးကို အမြန်ရောက်စေသည်ဆိုလျှင် သူတို့ ရည်မှန်းချက် အောင်မြင်ပြီဟုဆိုသည်။



သူ၏ စိတ်ကူးတစ်ချက်သည် ကမ္ဘာကရင်ဆိုင် နေရသည့်ဒုက္ခအား ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ခြင်းဖြင့် အောင်မြင်သူတစ်ဦး ဖြစ်လာခဲ့ရသည်။ စိတ်ကူးတစ်ချက် လင်းလက်လိုက်ခြင်းက သူ့ကိုလည်းပေးထားသည့် Swiftly ဆိုသော ကုမ္ပဏီအမည်အတိုင်း ထိပ်ကို ထိုးတက်အောင် ပို့ဆောင်နိုင်ခဲ့သည်။







မူဂါ အယ်လ်တီဂါနီ (Muhga Eltigani)

မူဂါတစ်ယောက် သူ့ဆံပင်ကို စိတ်တိုင်းမကျ ဖြစ်နေသည်။ ဆံပင်တွေက ခါးလောက်အထိ ရှည်နေသော်လည်း ပါးပြီး ကြွပ်ရွရွဖြစ်နေသည်။ သူက ဆူဒန်မှ ဂါနာကို အလုပ်သင်အဖြစ် ရောက်လာခြင်းဖြစ်သည်။ အာဖရိကသူ အမျိုးသမီးလေးတွေလို ဆံပင်တွေကို စိုနေချင်သည်။ ထို့ကြောင့် ဆံပင်ပျော့ဆေးကို မြေပဲနှင့် ထောပတ်တို့အပြင် ထောပတ်သီး၊ သရက်သီးတို့ကို အသုံးပြုပြီးထုတ်ရန် လေ့လာစူးစမ်းသည်။



သူသည် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှထွက် လာခဲ့သူဖြစ်သည်။ ဆံပင်ပျော့ဆေးကို မည်သို့ထုတ်ရမည်နည်းဆိုခြင်းကို တွေးဆပြီးနေသူ ဖြစ်သည်။ သဘာဝသစ်သီးနှင့် အဆီများမှ ဆံပင်ဆေးကို ထုတ်နိုင်မည်ဟုလည်း သူကယုံကြည်နေသည်။ စမ်းသပ်ရင်းဖြင့် သူ့ဆံပင်တွေ ပျော့ပျောင်း သန်မာလာသည်။ သူက ဆံပင်ကို ပျော့ပျောင်းသန်မာအောင် မည်သို့လုပ်နိုင်သနည်းဆိုသည့် ဗီဒီယိုလေးကို ကိုယ်တိုင်ရိုက်ပြီး YouTube ပေါ်တင်လိုက်သည်။ သူ့ကို အားပေးသူတွေ ၄၀၀၀၀ လောက် ချက်ချင်းဖြစ်သွားသည်။



“ကျွန်မကို ကြည့်ရှုအားပေးသူတွေက အဲဒီဆံပင်သန်ဆေးထုတ်ပါလို့ ပြောကြတယ်။ ဒါပေမဲ့ အိမ်တွင်းမှာ ဒါတွေကို ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ နည်းနည်းလေးထုတ်ရင် ဈေးနှုန်းကလည်း အများကြီးကျသွားမှာဆိုတော့ တွက်ခြေကိုက်မှာ မဟုတ်ဘူး” ဟု သူကဆိုသည်။



သူထုတ်လျှင် ဝယ်မည်ဆိုသည့်သူတွေရှိသည်။ သူ့မိဘတွေက ထိုအချိန်တွင် အမေရိက၌ တရားမဝင် နေထိုင်ရသူတွေ ဖြစ်နေသေးသည်။ သူ အသက် ၅ နှစ် သမီးတွင် ဗီဇာထီပေါက်သဖြင့် ရောက်လာကြခြင်းဖြစ်သည်။ ဥပဒေတန်းကို ၂ နှစ်ခန့်တက်ပြီးချိန်တွင် ဆံပင်သန်ဆေးကို တီထွင်လိုက်မိပြီး ချက်ချင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်ဘဝကို ရောက်ခဲ့ရသဖြင့် ကျောင်းကလည်း ထွက်ခဲ့ရသည်။



ကျောင်းကထွက်လာပြီး လေးနှစ်ခန့်အကြာတွင် ဆံပင်ထိန်းသိမ်းစောင့်ရှောက်ရေးကလပ် NaturAll Club ကို သူဖွင့်လှစ်နိုင်ခဲ့သည်။ ကလပ်က သေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်သည်။ ၂၀၁၈ ခုနှစ်အကုန်တွင် သူထူထောင်ထားသော ကလပ်သည် ဝင်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ခန့်ရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။



၂၀၁၄ ခုနှစ်တွင် သူသည် Venture for America Fellowship နှင့် ဆက်သွယ်မိသည်။ သူ့ကို ထိုအဖွဲ့က ကျန်းမာစေသည့်မုန့်များ ထုတ်လုပ်ရေးကို လေ့လာရန်ဆိုကာ ကလိဗ်လန်းကို ပို့သည်။ ထိုမြို့ကို ရောက်သည့်အခါ သူက ဆံပင်သန်ဆေးကို တီထွင်သည်။ သူ့ထံတွင်ရှိသည့် ဒေါ်လာ ၉၀၀၀ ကို အရင်းအနှီးပြုလုပ်လိုက်သည်။ သူငယ်ချင်းဖြစ်သူ ဓာတုဗေဒအင်ဂျင်နီယာတစ်ယောက်က သူ့ကို ဖော်မြူလာများထုတ်ပေးပြီး ကူညီသည်။ သူ့က သူငယ်ချင်းကို ဘယ်လိုလုပ်၊ ဘယ်လိုကိုင် စသည်ဖြင့် အီးမေးလ်ကတစ်ဆင့် ပို့ပေးသည့်နည်းများအတိုင်း သူစမ်းသပ် လုပ်ကိုင်ရင်းက အောင်မြင်ခဲ့ရခြင်းဖြစ်သည်။



မူဂါနှင့် ဆမ်ရောဘတ်စ်တို့ ပူးပေါင်းပြီး ရေခွက်များ၊ ပိုက်များ၊ အိတ်များနှင့် ရရာပစ္စည်းကို အသုံးပြုပြီး အခန်းထဲတွင် တီထွင်ခဲ့ကြသည်။ နောက်ဆုံး အခဲအဖြစ်လုပ်ရန်အဆင့်သာ ကျန်တော့သည်။ အခဲအဖြစ်ပစ္စည်းတွေကို ခေါင်းလိမ်းဆီပုံစံထုတ်မှ ဈေးကွက်ကို ပို့နိုင်မည်။ သူငယ်ချင်းတွေထံကို အီးမေးလ်တွေပို့ပြီး အနံ့နှင့် အရောင်သွင်းနည်းတွေကအစ အကူအညီတွေ လှမ်းတောင်းရသည်။



ပလတ်စတစ်ဘူးလေးတွေထည့်ပြီး အစမ်းထုတ်သည်။ သူတို့ ဆံပင်ဆေးမှာ ကလေးအစာဘူးလို ဖြစ်နေသည်။ နောက်ဆုံး ရောဘတ်၏ အခန်းကိုပြောင်းပြီး မွှေစက်များ၊ ထုတ်လုပ်သည့်စက်များ တပ်ဆင်ကြသည်။ တစ်လလျှင် ဘူး ၂၀၀၀ ခန့် ထုတ်လုပ်နိုင်သည့် အခြေအနေကို ရောက်လာသည်။ ပင်ဆယ်ဗေးနီးယားတွင် နောက်ဆုံး ထုတ်လုပ်ဖြန့်ချိသူဖြစ်လာပြီး ဆိုင်များနှင့် စာချုပ်တွေချုပ်ပြီး ပို့ပေးရသော အနေအထားကို ရောက်လာသည်။



မူဂါက ထုတ်လုပ်မှုကို အွန်လိုင်းကတစ်ဆင့် ကြော်ငြာ၊ အွန်လိုင်းကတစ်ဆင့် ဖြန့်ချိရေးဘက်ကို ဦးတည်လိုက်သည်။ ၁၀၀ ရာခိုင်နှုန်း အွန်လိုင်းကဖြန့်ချိသည့်စနစ်ကို ကျင့်သုံးသည်။ သူ့ကုန်ပစ္စည်းက နာမည်ရလာသည်။ ဝင်ငွေကလည်း တိုးလာသည်။ သူအောင်မြင်ရသည့်အကြောင်းမှာ ဆိုရှယ်မီဒီယာကို ကောင်းစွာ အသုံးချတတ်သောကြောင့်ဖြစ်သည်။ သူ့အကြောင်း သူ့သမိုင်းများကို လူသိအောင်လုပ်သည်။ သူ့ကြိုးစားအားထုတ်မှုတွေကို လူစိတ်ဝင်စားအောင်လုပ်သည်။ ဤနည်းဖြင့် သူ့ကို လူသိများလာသလို သူ့ထုတ်ကုန်ကိုလည်း လူသိများအောင် လုပ်ဆောင်နိုင်သူဖြစ်သည်။



သူက NaturAll Club ကို ဒေါ်လာဘီလီယံ ချီပြီတန်သည့် ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုဖြစ်အောင် ကြံဆောင်နေသည်။ ဆံပင်သာမက အမျိုးသမီးများအတွက် အသားအရေနှင့် အလှအပဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရန်အထိ ခြေလှမ်းတွေပြင်နေသည်။ မူဂါသည် ဆိုရှယ်မီဒီယာကို ကောင်းကောင်းအသုံးချပြီး တိုးတက်အောင်မြင်စေရန် လုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်သည်။



thevoicemyanmar

(Ref : Fortune)

Subscribe Us