Tuesday, July 31, 2018

ထိုင်းသို့ ဗီဇာအတုဖြင့် ဝင်ရောက်သည့် မြန်မာ ၁ဝဝ ခန့် ဖမ်းမိ




ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ တံဆိပ်တုံးအတုနဲ့ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၉၇ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ရဲ့အပြောကို ကိုးကားပြီး INN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထိုင်းနိုင်ငံထဲ ဗီဇာအတုနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးရမိပြီးတဲ့နောက် လဝကဝန်ထမ်းတွေအားလုံးကို ထိုင်းဗီဇာတံဆိပ်တုံး အစစ်နဲ့ အတု ခွဲခြားပြသပြီး သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာ သေချာစစ်ဆေးစေခဲ့ရာမှာ ဗီဇာအတုနဲ့ ဝင်လာသူတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တာပါ။


ဇူလိုင်လကုန်အထိ စုစုပေါင်း ၉၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အများစုမှာ အလည်အပတ် ဗီဇာတွေ ဖြစ်တယ်လို့  ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး အိတ်သီဖွန်း အစ်သီဆန်ချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီဗီဇာတုတွေ အများဆုံးတွေ့ရှိရတဲ့ နယ်မြေမှာ မြန်မာနဲ့ ထိုင်းနယ်စပ် အဝင်အထွက် ဂိတ်တွေမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံထဲ ဧည့်သည်တွေ အဝင်များတဲ့အချိန် လူအုပ်ကြားထဲ ရောနှောပြီး ဗီဇာအတုတွေ ပါလာကြောင်း၊ နောက်ဆုံးဖမ်းဆီးရမိသူမှာ မကေခိုင်ဦး အမည်ရှိ မိန်းကလေးတဦးဖြစ်ပြီး သူမဟာ ထိုင်းဝင်ခွင့်ဗီဇာကို ရန်ကုန်ရှိ ကုမ္ပဏီ တခုကနေတဆင့် ဝန်ဆောင်ခ ကျပ် ၂ သိန်း ၆ သောင်း (ထိုင်းဘတ်ငွေ ၆ ထောင်ခန့်) နဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် မသမာမှုတွေ ပပျောက်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့၊ ပြည်တွင်းပြည်ပ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းရှာဖွေ အရေးယူသွားမယ်၊ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းဗီဇာအတု လိမ်လည်ဆောင်ရွက်ပေးနေတာကို သတိထားရှောင်ကြဉ်ဖို့၊ ဒီလိုမှမဟုတ်ရင် ကိုယ့်အနေနဲ့ အလိုလိုနေရင်း စာရွက်စာတမ်း တုပမှုနဲ့ အရေးယူခံရနိုင်တယ်လို့ ရဲမှူးကြီး အိတ်သီဖွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေပုဒ်မ ၂၆၉/၁၃ အရ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် အနည်းဆုံး ၁ နှစ်ကနေ ၁၀ နှစ်ထိ၊ ငွေဒဏ် အနည်းဆုံး ဘတ် ၁ သောင်းမှ ၂ သိန်းထိ ခံရနိုင်တယ်လို့ ဆိုပါတယ်။

နန်းမြနဒီ(DVB)

Subscribe Us