Wednesday, May 30, 2018

MOEAF (ထိုင်း)၏ သဘောထားထုတ်ပြန်ချက်



၃၀.၅.၂၀၁၈ ဘန်ကောက်

၁။MOEAF (Thai) မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(ထိုင်း)သည် ထိုင်းနိုင်ငံရှိ အလုပ်သမား ကူညီစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံဥပဒေများကိုလေးစားလိုက်နာ၍ ဖြေရှင်းဆောင် ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

၂။အလုပ်ရှင်၊ အလုပ်သမား ပြဿနာတို့ကိုဖြေရှင်းရာတွင် မြန်မာသံရုံး၊ မြန်မာအလုပ်သမားသံအရာရှိများ၊ အခြားအလုပ်သမားရေးရာဆောင်ရွက်နေသော မဟာမိတ်အဖွဲ့အစည်းများနှင့် အမြဲတစေပူးပေါင်းဖြေရှင်း ဆောင်ရွက်လေ့ရှိပါသည်။

၃။အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို ဖြေရှင်းသည့်အခါ အလုပ်ရှင်၊ အလုပ်သမား အေဂျင်စီတို့ သုံးဦးသုံးဖလှယ်မျက်နှာစုံညီ ညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းဖြင့် မိမိတို့မြန်မာနိုင်ငံသား အလုပ်သမားများအား နစ်နာမှုမရှိစေရန် အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးလေ့ရှိပြီး ၎င်းဖြေရှင်းထားချက်များအား သက်ဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိထံ အချိန်နှင့်တပြေးညီ အစီရင်ခံတင်ပြလေ့ရှိပါသည်။


၎။ထိုင်းနိုင်ငံတွင် မြန်မာသံအမတ်ကြီးဦးဆောင်သော ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ မြန်မာအလုပ်သမား သံအရာရှိ(၅)ဦးနှင့်အတူ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းများစွာရှိကြပါသည်။ အခြားအဖွဲ့အစည်းများမှာ အလုပ်သမားရေးဖြေရှင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံဥပဒေ စည်းမျဉ်း၊ စည်းကမ်း များကိုလိုက်နာလေ့ရှိပြီး စည်းကမ်းရှိစွာ စနစ်တကျ ဖြေရှင်းလေ့ရှိကြပါသည်။ မိမိအဖွဲ့အစည်းနာမည်ကြီးမှု တစ်ခုတည်းကိုသာ ရှေးရှုလုပ်ကိုင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အလုပ်သမားများ အပေါ်တွင် နစ်နာမှုမရှိစေရန် စေတနာထားပြီးဆောင်ရွက်ခြင်းမျိုးကိုသာတွေ့ရှိရပါသည်။ သို့သော် အဖွဲ့အစည်းတစ်ခုသည် မိမိတို့သာ အလုပ်သမားရေးကိစ္စများကို ဆောင်ရွက်နေသယောင် အသားယူ၍လည်းကောင်း၊ Media စိုးမိုးမှုကို အသုံးချ၍လည်းကောင်း၊ ယင်းတို့နှင့်သဘောထား မတိုက်ဆိုင်သော အခြားအဖွဲ့အစည်းများနှင့် နိုင်ငံဝန်ထမ်းများကို ပုတ်ခတ် စော်ကားနှိမ့်ချလေ့ရှိကြောင်း တွေ့ရှိရပါသည်။

၅။ဖြစ်စဉ်တိုင်းတွင် ဖြစ်ပွားသည့်ပြဿနာများကိုသာ အသားပေးသတင်းဖော်ပြ၍ ယင်းပြဿနာများကို အမှန်တကယ်ဖြေရှင်းပေးသူများနှင့် အခြားအဖွဲ့အစည်းများကို ချန်လှပ်ကာ မိမိတို့အဖွဲ့အစည်းတစ်ခုတည်း၏ ဖြေရှင်းပေးမှုကြောင့် အဆင်ပြေသွားသကဲ့သို့ အသားယူဖော်ပြလေ့ရှိကြပါသည်။

၆။ယင်းအဖွဲ့အစည်း၏ လုပ်ကွက်များအား ပုံဖော်ကြည့်မည်ဆိုပါက -
(က)​အလုပ်သမားများကို Social Media ကိုအသုံးချပြီး စည်းရုံးလှုံ့ဆော်သည့်နည်းလမ်းကို အသုံးပြုခြင်း၊

(ခ)​အလုပ်သမားတစ်ဦးမှ ဆက်သွယ်လာပါက ၎င်းအလုပ်သမား၏ ပြောကြားချက်တစ်ခုထဲအပေါ်မှာ 
မူတည်ဖော်ပြလေ့ရှိပြီး အလုပ်ရှင်၊ အေဂျင်စီနှင့်သံအရာရှိများကို ပူးပေါင်းဆောင်ရွက်လေ့မရှိခြင်း၊

(ဂ)​ဆက်သွယ်လာသည့် အလုပ်မားများအား ဖုန်းဖြင့်ညွှန်ကြားပြီး ဓါတ်ပုံ၊ ဗွီဒီယိုများကို Viber (သို့မဟုတ်) Line ကဲ့သို့သော Application များဖြင့် ပို့ခိုင်းလျှက် ဦးစွာဖော်ပြလေ့ရှိခြင်း၊

(ဃ)​အလုပ်သမားများအား လုပ်ငန်းခွင်မှခေါ်ထုတ်ရာတွင် ဖုန်းဖြင့်ဆက်သွယ်စီစဉ်ပြီး သွားရောက် ခေါ်ယူကာ ၎င်းတို့ရုံးတွင် နေရာချထားလေ့ရှိခြင်း၊ (အဆိုပါဖြစ်စဉ်တွင် အမှန်အားဖြင့် သက်ဆိုင်ရာ အလုပ်သမားသံအရာရှိများနှင့်တာဝန်ရှိအေဂျင်စီတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ၎င်းတို့၏ အစီအစဉ်ဖြင့်သာဆောင်ရွက်လေ့ရှိသည်ကိုတွေ့ရှိရပါသည်။)

(င)​အလုပ်သမားများကို မေးမြန်းရာတွင်  နမိတ်ပြမေးခွန်းများကို အသုံးပြုလေ့ရှိပြီး လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးခေါင်းစဉ်အောက်တွင် အမှန်တရားအား ဖုံးကွယ်ချန်လှပ်လျှက် ၀င်ရောက် ကြည့်ရှု့သူများ မျက်ရည်ကျလောက်အောင်(တစ်နည်း)၊ ဇာတ်နာအောင် ဓါတ်ပုံ၊ ဗွီဒီယို၊ စာအရေးအသားများဖြင့် ဖော်ပြလေ့ရှိခြင်း၊

(စ)​အလုပ်သမားများအား အသုံးချပြီးနောက် အမှန်တကယ်ဖြေရှင်းပေးနိုင်သော မြန်မာသံရုံး(သို့မဟုတ်) အလုပ်သမားသံအရာရှိရုံးအနီးတွင် ရောက်ရှိစုဝေးစေခြင်း (သို့မဟုတ်) MOEAF Thai Call Center သို့ ပို့ဆောင်ဖြေရှင်းစေခြင်း၊

(ဆ)​အကယ်၍ ထိုလုပ်ရပ်ဖြင့်မအောင်မြင်ပါက နောက်ဆုံးနည်းလမ်းအားဖြင့် အလုပ်သမားများကို တရားမ၀င်နည်းလမ်းဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင်ကာ သတင်းစာရှင်းလင်းပွဲခေါင်းစဉ်ဖြင့် ပိုမိုရှုပ်ထွေး စေရန် စီစဉ်လေ့ရှိခြင်း စသည့်လုပ်ဆောင်ချက်များအားအခြေခံအားဖြင့်တွေ့ရှိရပါသည်။
(ဇ)​ယင်းတို့၏ လုပ်ရပ်များအား ယခင်ဖြစ်ပွားခဲ့ဖူးသော အေဂျင်စီနှင့်အလုပ်သမားပြဿနာများအပေါ် အခြေခံလျှက် အဆင့်(၄)ဆင့်ဖြင့် အောက်ပါအတိုင်းထင်ရှားစွာ တွေ့မြင်နိုင်ပါသည် -
အဆင့်(၁)​-အလုပ်သမားများအားစည်းရုံးခြင်း၊
အဆင့်(၂)​အလုပ်သမားများအားအသုံးချလျှက် Social Media တွင် ၎င်းတို့အကျိုးစီးပွား အတွက်အသုံးချခြင်း၊
အဆင့်(၃)​-​အလုပ်သမားများအား အမှန်တကယ်ဖြေရှင်းပေးနိုင်သည့် ဌာနဆိုင်ရာနေရာ အနီးတွင်
 တိတ်တဆိတ်နေရာချထားခြင်း(သို့မဟုတ်)ပို့ဆောင်ခြင်း၊
အဆင့်(၄)​-​၎င်းတို့မှ ဖြေရှင်းပြီးမြောက်အောင်မြင်သွားသကဲ့သို့ Social Media တွင်ဖော်ပြပြီး အခြားသောဌာနဆိုင်ရာများနှင့် အေဂျင်စီများအပေါ်တွင် ပုတ်ခတ်ရေးသားဖော်ပြခြင်း စသည့်အချက်များကို ထင်ရှား
စွာမြင်တွေ့ရမည် ဖြစ်ပါသည်။

၇။၂၄-၅-၂၀၁၈ ရက်နေ့ ဖစ်ဖူရီဖြစ်စဉ်တွင် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း၏ ခွင့်ပြုချက်ကို သေချာစွာရရှိထားခြင်းမရှိဘဲ အခမဲ့စတိတ်ရှိုးဟုခေါင်းစဉ်တပ်ကာ ဦးထုတ်တစ်လုံးကို ဘတ် ၁၅၀ နှင့်အော်ဟစ် ရောင်းချခဲ့ခြင်း၊ စတိတ်ရှိုးပွဲရောက်မှဆိုလျှင် ဘတ် ၃၀၀ ပေးရမည်ဟု ပြောဆိုခဲ့သော ဗွီဒီယိုမှတ်တမ်းများကို ကနဦးတွေ့ခဲ့ရသော်လည်း ဦးထုပ်အခမဲ့ဖြန့်ဝေခဲ့ပါသည်ဟု လိမ်ညာရှင်းလင်းခဲ့ခြင်းများကို တွေ့ရှိရပြန်ပါသည်။

၈။ထိုင်းဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွားမှုမဖြစ်မီ မြန်မာလုပ်သားများကို သိမ်းသွင်းကာ မိမိတို့အဖွဲ့အားကူညီရန် အသံချဲ့စက်ဖြင့်လှုံ့ဆော်ခြင်း၊ အလုပ်သမားများကိုအသုံးချ၍ တစ်ဖက်အဖွဲ့အားစိန်ခေါ်ခဲ့ခြင်း၊ မြန်မာနိုင်ငံသား အချင်းချင်းဖြစ်ပွားသည့် ပြဿနာတွင် တိုင်းရင်းသားအချင်းချင်းသွေးကွဲစေသည့် အသုံးအနှုန်းများဖြင့် စော်ကားခဲ့ခြင်းများ တွေ့ရှိရပါသည်။

၉။နေ့ညမပြတ်စည်ကားနေပြီး ထိုင်းဒေသခံများနှင့် ရွှေ့ပြောင်းမြန်မာလုပ်သားများ သူ့စည်း သူ့ကမ်းဖြင့် အဆင်ပြေစွာယှဉ်တွဲနေထိုင်နေသည့် ဖစ်ဖူရီနယ်မြေအား ထိုင်းမာဖီးယားအဖွဲ့များကြီးစိုး၍ မိမိတို့အဖွဲ့က သွားရောက်ကာကွယ်နေရဟန် အသားယူသတင်းဖြန့်ဝေနေမှုများကိုလည်း တွေ့ရှိရပါသည်။

၁၀။ထိုပဋိပက္ခဖြစ်စဉ်ကြောင့် ထိုင်းသတင်းများနှင့် ထိုင်းဒေသခံများ၏ ဖိအားဒဏ်ကို တကယ်ခံစားနေရသူများမှာ ယင်းဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းတစ်နိုင်ငံလုံးရှိ မြန်မာလုပ်သားများ၊ မြန်မာနိုင်ငံသားများ သာဖြစ်ပြီး ရရှိထားသောအခွင့်အရေးများနစ်နာဆုံးရှုံးမည်ကို စိုးရိမ်နေရပြီဖြစ်ပါသည်။

၁၁။ယင်းတို့အဖွဲ့စတင်ဖွဲ့စည်းစဉ်ကတည်းက အလုပ်သမားသံအရာရှိအဆက်ဆက်နှင့် MOEAF တို့သည် အလုပ်သမားရေးခေါင်းစဉ်နှင့်အကူအညီတောင်းခံလာတိုင်း လိုအပ်သော ကူညီပံ့ပိုးမှုများပေးခဲ့ပြီး နှစ်နိုင်ငံဥပဒေများကို လေးစားလိုက်နာဖြေရှင်းရန် လမ်းတည့်ပေးခဲ့သော်လည်း ယင်းတို့အလိုမကျသည်နှင့် အလုပ်သမားသံအရာရှိကိုလည်းကောင်း၊ MoU စနစ်ကိုလည်းကောင်း ပုတ်ခတ်စော်ကားမှုများပြုခဲ့ပါသည်။ သို့သော် ယင်းတို့ဒုက္ခကြုံလာသည့်အခါတိုင်း စော်ကားမိခဲ့သမျှ သံအရာရှိအား ပြန်ရှိခိုးတောင်းပန်ခဲ့မှုများ အကြိမ်ကြိမ်ရှိခဲ့ပါသည်။ MOEAF အနေဖြင့်လည်း အလုပ်သမားသံအရာရှိများနှင့် သဘောတူညှိနှိုင်း၍ ယင်းအဖွဲ့အား ထောက်ပံ့ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်ခဲ့မှုများရှိခဲ့သော်လည်း ၎င်းတို့အဖွဲ့၏ စည်းကမ်းဘောင်နှင့်ကျော်လွန်ပြီးဖြေရှင်းခဲ့မှုများကြောင့် အကြိမ်ကြိမ်သတိပေးခဲ့ရပါသည်။ နောက်ဆုံး စည်းမဲ့ကမ်းမဲ့ ဥပဒေဘောင်ကျော်လွန်စွာ ဖြေရှင်းအားထုတ်မှုများ၊ ရှေ့တွင်တစ်မျိုး ကွယ်ရာတွင်တစ်မျိုး သဘောထားမမှန်မကန်မှုများကြောင့် အလုပ်သမားသံအရာရှိနှင့်အတူ MOEAF တို့မှ အဆက်အသွယ်ဖြတ်ခဲ့ရ ခြင်းသာဖြစ်ပါသည်။

၁၂။ခြုံငုံသုံးသပ်ရသော် ယခုဖြစ်စဉ်တွင် မိမိတို့အချင်းချင်းဖြစ်ပွားသည့်ပြဿနာကို အချင်းချင်းမဖြေရှင်းဘဲ မမှန်သတင်းဖြန့်ကာ အလုပ်သမားများကို လှုံ့ဆော်သိမ်းသွင်းခြင်း၊ မီဒီယာကိုအသုံးချ၍ ထိုင်းနှင့်မြန်မာ လူမျိုးရေးပြဿနာဖြစ်ပွားစေသည်အထိဦးတည်လာခြင်း၊ တိုင်းရင်းသားအချင်းချင်းသွေးကွဲစေသည့် အသုံး အနှုန်းများသုံးစွဲခြင်းတို့အား ပြင်းထန်စွာ ရှုံ့ချပါသည်။

၁၃။ထို့အပြင် အလုပ်သမားသံအရာရှိ ဦးသန်းနိုင်အမည်တပ်၍ (၂၇-၅-၂၀၁၈)ရက်နေ့တွင် Facebook မှတဆင့် Live လွှင့်၍ မိုက်ရူးရဲဆန်စွာ စိန်ခေါ်ခဲ့ခြင်း၊ နှစ်နိုင်ငံဥပဒေများနှင့်အညီမဖြေရှင်းခဲ့သည့် မိမိတို့ ထင်သလိုပြုမူသည့် စရိုက်များကြောင့် အလုပ်သမားသံအရာရှိများ၏ ကူညီအားပေးမှုများ၊ ဆက်ဆံမှုများ ရပ်တန့်ခဲ့ရသည့်ဖြစ်စဉ်ဖြစ်ရပ်များ ကိုမျက်ကွယ်ပြုပြီး မိမိတို့ပဲ အမြဲမှန်နေသယောင် ပြောဆိုစိန်ခေါ်မှုများ၊ ဂုဏ်သိက္ခာချ စော်ကားမှုများအား MOEAF (Thai) အနေဖြင့် ပြင်းထန်စွာရှုံ့ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

MOEAF (Thai)

Subscribe Us