Monday, August 07, 2017

ဘန်ကောက်တွင် မြန်မာလုပ်သား တစ်ဦးက လာအိုနိုင်ငံသူကို ဓားဖြင့်ထိုး



ဘန်ကောက်၊ သြဂုတ် ၆ ၂၀၁၇| အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ် ဘန်ဘောရပ်ကွက် လမ်းနံပါတ် ၈၃/၉တွင်သြဂုတ်လ  ၅ရက် ည၉နာရီ ခန့်က မြန်မာအလုပ်သမားတစ်ဦးက  လာအိုနိုင်ငံသူကို ဓားဖြင့်ထိုးခဲ့ကြောင်း အမှုနှင့်ပက်သက်၍ လုပ်ပါကူညီဆောင်ရွက်ပေးနေသည့် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ကပြောသည်။

ချွန်ဘူရီခရိုင် ခေါင်ဒန်းလှေဆိပ်တွင် အလုပ်လုပ်ကိုင်သော ငါးဖမ်းလှေ လုပ်သား ကိုရဲဝဏ္ဏထွန်း

( ၂၀နှစ်)က ၎င်း၏ သူငယ်ချင်းများ ရှိရာ ဘန်ကောက် မြို့နယ် ဘန်ဘောရပ်ကွက် လမ်းနံပါတ် ၈၃/၉သို့
လာရောက် လည်ပတ်ခဲ့သည်။

ကိုရဲဝဏ္ဏထွန်းက ဘီယာသောက်ပြီး သူငယ်ချင်းအခန်းသို့ လာခဲ့ကြောင်း၊ ယင်းနောက် ရေချိုးကာ ဘီယာ ထပ်သောက်ချင်သောကြောင့် နောက်တစ်ကြိမ် အပြင်သို့ထွက်ကာ ဘီယာဝယ်ခဲ့ပြီး  အခန်းသို့ ပြန်လာ ကြောင်း ၊ ယင်းနောက် သူငယ်ချင်းမှာ တံခါးပိတ်ကာ အိပ်နေသဖြင့် ထိုအခန်း၏ နှစ်ခန်းကျော်တွင်  ၎င်း၏သူငယ်ချင်းတစ်ဦးလည်း နေထိုင်သဖြင့် ၎င်းအခန်းသို့ သွားအိပ်ရန် လာရောက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်ဘ၀မှာအခုလို တစ်ခါမှမဖြစ်ဘူးတော့ ကျွန်တော်လည်းအမတန်ကြောက်လန့်ပြီး ပြန်ခုခံရာက အခုလိုဖြစ်သွားတာပါ၊ဒါပေမယ့် ကျွန်တော်မထွက်ပြေးခဲ့ပါဘူး၊မမျှော်လင့်ပဲ အခုလိုဖြစ်သွားရတာ ကျွန်တော်နောင်တရမိတယ်”

အခင်းဖြစ်ပွားရာ အခန်းကို သူငယ်ချင်းအခန်းဟု ထင်မှတ်ပြီး အခန်းတံခါး လည်း သော့မခတ်ထားသဖြင့် အခန်းထောင့်တွင် ဝင်ရောက် အိပ်စက်ခဲ့ကြောင်း၊ ည ၉နာရီလောက်မှာ လာအိုအမျိုးသမီးကအလန့် တကြား ထအော်က အခန်းရှိ ဓားဖြင့်ပြေးထိုးသဖြင့် ၎င်းက ပြန်ထွက်ရန်ပြင်နေစဉ် ကြောက်လန့်ပြီး လာအိုအမျိုးသီးလက်ထဲတွင် ကိုင်ထားသော ဓားကိုဝင်လုပြီ ပြန်ထိုးခဲ့ကြောင်း ဓားဖြင့်ထိုးသူက ရှင်းပြသည်။


အဆိုပါ အမှုကို  ထိုင်းရဲတပ်ဖွဲ့က မုဒိမ်းမှု ၊လူသတ်မှုတို့ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကြောင်း၊ဓားထိုးခံရသူမှာ စမွတ်ဆာခွန် ဆေးရုံတွင် ဆေးစစ်ရာ မုဒိမ်းကျင့်ထားသော လက္ခဏာ မတွေ့ရကြောင်း၊ ဓားထိုးခံရသူကို ဆေးကုသနေပြီး သတိပြန်ရလာသဖြင့် ကနဦး မုဒိမ်းမှု ၊ လူသတ်မှုအစား ဓားထိုးမှုဖြင့်သာ စွဲချက်တင်ခံ ရမည့် အခြေအနေတွင် ရှိကြောင်း ယင်းအမှုအတွက် မြန်မာလုပ်သားဘက်မှ လိုက်ပါ ဆောင်ရွက်နေ

သော အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်က ပြောဆိုသည်။

ယင်းအမှုကို သံအရာရှိ ဦးအောင်မိုးခိုင်က အမှုမှန်အတိုင်းဖြစ်စေရေး၊ တရားမျှတစွာ ဖြစ်လာစေရန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Subscribe Us