Saturday, November 12, 2016

မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ မူဝါဒရေးရာ အကြံပြုစာတမ်း

            


ဦးထူးချစ်၊ ဦးအောင်သူငြိမ်း  
အောက်တိုဘာ၊၂၀၁၆-ခုနှစ်၊

“ မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုစနစ်တကျ ကူညီပါ ”
ဒီမိုကရေစီရေး ဆိတ်သုဉ်းခဲ့မှု ၊လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံခဲ့ရမှု လယ်ယာမြေသိမ်းဆည်းခံခဲ့ရမှု၊ပြည်တွင်းစစ်မီးတောက်လောင်ခံခဲ့ရမှုများနှင့်မြန်မာနိုင်ငံအတွင်းအလုပ်
အကိုင်ရှားပါးခဲ့မှု၊အခြေခံလုပ်အားခလစာများနည်းပါးမှု၊ဆူနာမီဆိုင်ကလုန်းနာဂစ်နှင့်တစ်ခြားသဘာဝဘေး
အန္တရယ်များ၊ဘာသာရေးအဓိကရုန်းများခံခဲ့ရမှုများကြောင့်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကမြန်မာနိုင်ငံသားများရေကြည်ရာမြက်နုရာ အရပ်များသို့ရွှေ့ပြောင်းသွားလာလုပ်ကိုင်စားသောက်ခဲ့ကြရ၏ ။မြန်မာပြည် နယ် စပ်ဒေသများ၏ အိမ်ထောင်စုတိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများ ရှိခဲ့၏။ မြန်မာပြည်တွင်းမှ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များ၊ရွှေ့ပြောင်းအလုပ်သမားများ၏လုပ်ခလစာများကိုမှီခိုနေကြရ၏ ။မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ပြည်တွင်းသို့ပြန်ပေးပို့သည့်ငွေကြေးပမာဏသည်လွန်စွာများပြားခဲ့၏။ရွှေ့ပြောင်းအလုပ်သမားများ၏ကူညီပံ့ပို့မှုကြောင့်ပြည်တွင်း၌ကျန်ရစ်ခဲ့သည့်မိဘဆွေမျိုးများအသက်ရှင်ရပ်တည်နိုင်ခဲ့၏။



၎င်းတို့၏သားသမီးများပညာဆက်လက်သင်ကြားနိုင်ခဲ့၏။ မြန်မာရွေ့ပြောင်းအလုပ်သမားများအနေနှင့်
တိုင်းပြည်အတွက်၊ဝင်ငွေရှာဖွေပေးယုံသာမက၊နည်းပညာနှင့်ဗဟုသုတများပါ၊ယူဆောင်ပေးနေခဲ့ကြ၏။။
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်၊တစ်ဖက်တစ်လမ်းကအလုပ်အကြွေးပြုနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား
များအား စနစ်တစ်ကျ ကူညီမှုများ ပေးနိုင်ရန်ယခုအစီရင်ခံစာကိုရေးသားခဲ့ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများနျင့် သက်ဆိုင်သည့်မူဝါဒများရေးဆွဲ ပါက ထည့်သွ င်းစဉ်းစားသင့်သည့်အချက်အလက်များကိုမိမိတို့အတွေ့အကြုံ၊နိုင်ငံတကာပညာရှင်များ၏
အကြုံပြုချက်၊နှင့်ရွေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသည့်ပြသနာများကိုပေါင်းစပ်ပြီး၊ရိုးသားစွာတင်ပြ
ထားပါသည်။ မိမိတို့၏အစီရင်ခံစာသည်နိုင်ငံခြားရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်စုံတစ်ရာ အကျိုးရှိပါက မိမိတို့အနေနှင့် အပင်ပန်းခံရ ကြိုးနပ်မည်ဖြစ်ပါကြောင်း၊
“ နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအား တရားဥပဒေအရ စနစ်တကျ ဝိုင်းဝန်းကူညီနိုင်ကြပါစေ”

(ထူးချစ်)
အမှုဆောင်ဒါရိုက်တာ
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(ထိုင်းနိုင်ငံ)



ရည်ရွယ်ချက် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများအရေး၊ စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုအစီစဉ်ခံစာကို ရေးသားပါသည်။ မိမိတို့ အနေနှင့် ထိုင်းနိုင်ငံတွင်း နှစ်ပေါင်းများစွာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးကိစ္စများအပေါ် ထဲထဲဝင်ဝင် လုပ် ကိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများမှ ဖော်ပြခဲ့ကြသည့် သူတို့၏ စိုးရိမ် ပူပန်မှုများ၊ လိုလားချက်များ၊ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အဲန်ဂျီအို) များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းချက်များအပေါ် အခြေခံရေး သားတင်ပြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့်  ၎င်းတို့မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား အခွင့်အရေးနှင့် လူမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်၊ စနစ်တစ်ကျကူညီ ပေးနိုင်ရေးကို ရည်ရွယ်ပါသည်။ 

နိဒါန်း 
လွန်ခဲ့သည့် ဆယ်စုနှစ် ၃-ခုမှစ၍ နယ်စပ်ဒေသ ပြည်နယ်များရှိ မြန်မာနိုင်ငံသားများသည် ရေကြည်ရာ၊ မြက်နုရာထိုင်း နိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင် စားသောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ပြည်တွင်းစစ်ဒဏ် ခံစားကြရသည့် လူထုများ၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ မြေယာသိမ်းဆည်းမှု အပါအဝင် အထွေထွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ နာဂစ်ကဲ့သို့သော သဘာဝကပ်ဘေးဒဏ်၊ အလုပ်အကိုင်ရှားပါးမှုနှင့် အခြေခံ လစာနည်းပါးမှုများကြောင့် အခြားဒေသ အသီးသီးမှသာ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ သို့ ပို၍ပြောင်းရွှေ့လုပ်ကိုင်လာခဲ့ကြသည်။ အခြားနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ကြသည်လည်း ရှိပါသည်။ သို့သော် နယ်စပ်ဖြတ်ကျော်မှု လွယ်ကူ သည့်  ထိုင်းနိုင်ငံတွင်းသို့၊ လာရောက်လုပ်ကိုင်သူများမှာ ခန့်မှန်းခြေစာရင်းများအရ (မှတ်တမ်းအထောက်အထားရှိသူနှင့် မှတ်တမ်းမဲ့ မြန်မာအလုပ်သမား ၄ သန်းကျော် ရှိမည်ဟု ဆိုကြပါသည်။

 ယင်းတို့တွင် တရားမဝင်ရောက်လာသူများ၊ ပွဲစား များ၏ အဆက်အသွယ်ဖြင့် ရောက်ရှိလာသူများ၊နှစ်နိုင်ငံ သဘောတူညီမှုစာချွန်တော် Memorandun of Understanding (MOU) အရနှင့် မြန်မာနိုင်ငံအစိုးရနှင့် ပူပေါင်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များမှ ပေးပို့နေသည့် အလုပ်သမားများ ပါဝင်ပါသည်။

တစ်ကမ္ဘာလုံး အနေအထားဖြင့် ယနေ့နိုင်ငံတကာတွင် ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁၈၅ မှ
၁၉၂ သန်းရှိပြီး၊ ၂၀၀၃ ခုနှစ်၊ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (UN Convention on Migrant Rights) အရ ၎င်းရွှေ့ပြောင်းလုပ်သားများနှင့် သူတို့၏မိသားစုဝင်များကို ကာကွယ်မှုပေးရန် နိုင်ငံတကာအစိုးရ များတွင် တာဝန်ရှိပါသည်။

ထိုမျှမက ရွှေ့ပြောင်းလုပ်သားများသည် ခက်ခဲသောအခြေအနေများအောက်မှပင် တိုင်းပြည်သို့ပြန်ပို့ငွေများဖြင့် တစ်ဖက် တစ်လမ်းမှ နိုင်ငံတော်အတွက် ဝင်ငွေရှာဖွေပေးနေကြသူများ ဖြစ်ပါသည်။ အနည်းငယ်နောက်ကျနေပြီဖြစ်သော သုတေ သနစစ်တမ်းတစ်ခုအရ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ ၂၀၀၂/၀၃ ခုနှစ်အတွက် အိမ်ပြန်ပို့ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိပါသည်။ ယင်းပမာဏမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှံမှုအတွက် ယင်းနှစ်အတွက်ရငွေ၏ ၂ ဆ ဖြစ်ပြီး၊ ဂျီဒီပီ (နိုင်ငံ၏စုစုပေါင်းထွက်ကုန်တန်ဖိုး) ၏ ၅% ရှိပါသည်။  စာရေးသူ ရှောင်တာနဲ (Sean Turnell) ၏ တင် ပြချက်အရ ဤအိမ်ပြန်ပို့ငွေများသည် တစ်နည်း'ဖွံ့ဖြိုးရေးရန်ပုံငွေများ' ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါသည်။ လေ့လာမှုများအရ ဤအိမ်ပြန်ပို့ငွေများကို မြန်မာနိုင်ငံ တွင် ကျန်ရှိနေသူ မိသားစုများက ရှင်သန်ရေးအတွက်၊ လူသုံးကုန်စားရိတ်များ ချောင်လည်စေရေးအတွက် ဖြည့်စွက်သုံးစွဲ ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နှင့် ကြွေးမြီများဆပ်ရန် သုံးစွဲနေကြရပါသည်။

ရွှေ့ပြောင်းလုပ်သားများအရေးနှင့်အတူ မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်းများ ပြိုကွဲနေမှုအနေအထားသည်လည်း အကျယ် အပြန့် အလေးထားရမည့် ကိစ္စဖြစ်ပါသည်။ များစွာသော အထောက်အထားများအရ အချို့ဒေသကျေးရွာများတွင် လူငယ် များမှာ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားရောက် အလုပ်လုပ်ကိုင်နေကြရာ၊ သက်ကြီးရွယ်အို အဖိုးအဖွားများနှင့် ပြည်ပရောက်မိဘများမှ ပြန်ပို့ထားသည့် ကလေးလူမမယ်များသာ ကျန်ရှိသည်ဟူသော အထောက်အထားကို တွေ့မြင်နေ ကြရပါသည်။ ဤသို့သော အလုပ်လုပ်နိုင်သည့်လူငယ်ထု အများအပြားထွက်ခွာသွားနေခြင်းသည် နိုင်ငံဖွံ့ဖြိုးမှုလုပ်ငန်းများ အတွက် ပြဿနာကြီးတစ်ရပ်ဖြစ်သကဲ့သို့၊ လုပ်သားရှားပါးမှုပါ နောက်ပိုင်းတွင် ကြုံတွေ့နိုင်ပါသည်။ အခြားတစ်ဖက်တွင် လည်း ရွှေ့ပြောင်းလုပ်သားမိဘများနှင့်အတူ ပါသွားသော ကလေးငယ်များ၏ ပညာရေးကိစ္စများလည်း တစ်ဖက်နိုင်ငံတွင် ပြဿနာကြုံတွေ့ကြရပါသည်။ တစ်ဖက်နိုင်ငံတွင် ဖွားမြင်လာသောကလေးများ၏ မွေးစာရင်းကိစ္စများသည် အရေးတစ် ကြီး ဖြေရှင်းရမည့်ပြဿနာတစ်ခုဖြစ်သကဲ့သို့၊ ဤကလေးငယ်များအနေဖြင့် မိခင်နိုင်ငံနှင့် မည်သို့မည်ပုံပြန်လည်ပေါင်း စည်းပေးနိုင်မည်ကိုလည်း ဆက်လက်အဖြေရှာသင့်ပါသည်။
  

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အဓိက ပြဿနာများ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်၊ အဓိက ရင်ဆိုင်နေရသည့် ပြသာနာများမှာ မိခင်နိုင်ငံ အစိုးရထံမှ တရားဝင်ကာကွယ်ပေးမှု နည်းပါးခြင်း (စနစ်တကျမရှိ) ပင် ဖြစ်ပါသည်။ သာဓကအားဖြင့်၊ အလုပ်သမားများ ကို တရားဝင် အလုပ်သမားများ ဖြစ်လာစေရန် နှစ်နိုင်ငံအစိုးရတို့က ဆောင်ရွက်ပေးနေသော်လည်း၊ ယင်းသို့ ယာယီနိုင်ငံ သားကဒ်ပြားများ ထုတ်ပေးနေမှုတွင် အခက်အခဲပေါင်းမြောက်များစွာ ကြုံတွေ့နေကြရဆဲ ဖြစ်ပါသည်။ ကနဦး ထုတ်ပေးပြီး ဖြစ်သည့် (၄) နှစ် နှင့် (၆) နှစ် သက်တမ်းကုန်ဆုံးခဲ့သည့် နိုင်ငံကူးလက်မှတ်များကို ပြန်လည်လဲလှယ်ထုတ်ပေးရာ၌၊ နှစ် နိုင်ငံ အစိုးရတို့အနေနှင့် စနစ်တကျ၊ ကြိုစီစဉ်ထားမှု မရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ လုပ်ငန်းမကျွမ်းကျင် ခြင်းတို့ကြောင့် အလုပ်သမားများ အခက်အခဲ ရှိခဲ့ပါသည်။

လက်ရှိတရားဝင် နေထိုင်လုပ်ကိုင်ဆောင်ရွက်နေသည့် အလုပ်သမားများဘဝမှ တရားမဝင်သည့် အနေအထား၊ ရက် ကျော်နေထိုင်ခြင်း (Overstay) နေထိုင်ရသည့် အလုပ်သမားများဘဝသို့ ရောက်ခဲ့ရပါသည်။ ကုန်ကျစားရိတ်များတွင် လည်း နှစ်ဖက်အစိုးရက တရားဝင် သက်မှတ်ထားသည့်နှုန်းထားများထက်၊ အဆမတန် ပေးခဲ့ကြရပါသည်၊ နှစ်နိုင်ငံ နားလည်မှု စာချွန်တော် [Memorandum of Undrestanding (MOU)] အရ မြန်မာနိုင်ငံတွင်းမှ လာရောက်လုပ်ကိုင် သည့် မြန်မာအလုပ်သမား အချို့သည်လည်း နှစ်ဖက်နိုင်ငံရှိ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ကြုံတွေ့ကြရပါသည်။

ထိုမျှမက ရွှေ့ပြောင်းလုပ်သားမိဘများမှ မွေးဖွားလာသည့် ကလေးသူငယ်များ၏ မွေးစာရင်း၊ နိုင်ငံသားဖြစ်မှု၊ ပညာသင် ကြားရေး အခက်အခဲများပါ ကြုံတွေ့နေကြရပါသည်။ 

နိုင်ငံတော် မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်သည်များ 
အထက်ဖော်ပြပါ အခြေအနေများအပေါ် မူတည်၍၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော ပြဿနာဒုက္ခ များ ဖြေရှင်းနိုင်ရန် နည်းလမ်းများကို အောက်ပါအတိုင်း အကြံပြုတင်ပြလိုပါသည်။

    ပြည်ထောင်စုအစိုးအနေနှင့် ရွေ့ပြောင်းအလုပ်သမားများအရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ကူညီနိုင်မည် ဟူသော မဟာဗျူဟာတစ်ရပ် (Comprehensive strategy for migrant workers) ချမှတ်ထားရန် လိုအပ်ပါ သည်။ ဤသို့ချမှတ်ရာတွင်လည်း သက်ဆိုင်ရာ အင်အားစုအသီးသီး (stakeholders) ဖြစ်ကြသည့်၊ လုပ်သား ကိုယ်စားလှယ်များ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အလုပ်သမားများအရေး ကူညီပေးနေကြသည့် လူမှု ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (နိုင်ငံတကာအဲန်ဂျီအို) များနှင့် အကျယ်အပြန့်တိုင်ပင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဤနေရာတွင် နယ်စပ်ဖြတ်ကျော်မည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကာကွယ်မှုပေးရေးစနစ် ယန္တယားကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ပါ သည်။   

    ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနိုင်ရန် နှစ်စဉ် နိုင်ငံတော်ဘတ်ဂျက် လျှာထားရန် အကြံပြုပါသည်။ ၎င်းရွှေ့ပြောင်းအလုပ်သမားများသည် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်ဝင်ငွေရှာဖွေပေးနေကြသူများဖြစ်ရာ၊ ထိုသူ များအတွက် သတ်မှတ်လျာထားသည့် ဘတ်ဂျက်ရှိသင့်ပါသည်။

    ရွှေ့ပြောင်းလုပ်သားများအရေးအတွက် စီမံဆောင်ရွက်မှု ဌာနများ၏ စွမ်းဆောင်ရည်နှင့် ပြည်ထောင်စုလွှတ်တော် ဖက်မှ ခိုင်မာသည့် ဥပဒေ အခြေခံမူဘောင်များ (Legal framework) များ ပြဌာန်းပေးနိုင်ရန် အကြံပြုပါသည်။  

    ယခင်အစိုးရလက်ထက်တွင် အလုပ်သမားရေးရာ ကောင်စစ်ဝန်ရုံး နှင့် ဝန်ထမ်များ ထားရှိခဲ့ပါသည်။ ဤသည်မှာ တိုးတက်လာမှုဖြစ်သော်လည်း၊ များပြားလှသော ပြဿနာထုထည်ကြောင့် လုံလောက်သည်ဟု မဆိုနိုင်ပါ။ ထို ကောင်စစ်ဝန်ရုံးကို ပံ့ပိုးပေးမည့် ယန္တယားစနစ် ဖြည့်ဆည်းသင့်ပါသည်။ ဝန်ထမ်းများတိုးချဲ့ ခန့်ထားခြင်းနှင့် တည်ရှိနေပြီး အစိုးရမဟုတ်သည့် အဲန်ဂျီအိုများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း စဉ်တစ်ရပ် ဖော်ဆောင်သင့်ပါသည်။  

    ထိုင်း၊ မြန်မာ ဥပဒေပညာရှင်များနှင့် အလုပ်သမားအရေး ကျွမ်းကျင်သူများပါဝင်သည့် ဥပဒေအထောက်အကူပြု ကော်မီတီတစ်ရပ် ဖွဲ့စည်းထားရှိသင့်ပါသည်။ ထိုမျှမက၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းများ ပါဝင်သည့် နယ်လှည့် ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရေး ကော်မီတီတစ်ရပ် တည်ထောင်သင့်ပါသည်။ နိုင်ငံခြားရပ်ခြားတွင် မွေးဖွားသော ကလေးများအတွက် မွေးစာရင်း များထုတ်ပေးနိုင်ရန် ဤကော်မီတီက ဆောင်ရွက်နိုင်ပါလိမ့်မည်။ ဤသည်မှာ ရွှေ့ပြောင်းလုပ်သားများနှင့် သူတို့ ၏ မိသားစုဝင်များအတွက် လူမှုရေးကာကွယ်ပေးမှု တိုးမြင့်လာစေရန် ဖြစ်ပါသည်။

    မည်သို့ပင်ဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့၏ နိုင်ငံသားပြည်သူများပင် ဖြစ်ရာ အိမ်ပြန်လာရေး နှင့် လူမှုအသိုင်းအဝိုင်းသို့ ပြန်လည်ပေါင်းစည်းရေး (reintegration) လိုအပ်ပါသည်။ ဤသို့ဖြစ်ပေါ်စေရန် တတ်နိုင် သမျှ ပံ့ပိုးမှုများလည်း လိုအပ်ပါသည်။ 

    ရွှေ့ပြောင်းအလုပ်သမားများထံမှ အိမ်ပြန်ပို့ငွေများကိုလည်း ထိရောက်စွာအသုံးပြုနိုင်ရန် နည်းလမ်းများ ရှာဖွေ စေလိုပါသည်။  

အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်သော အကြံပြုချက်များ
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တိုးတက်ဖြစ်ပေါ်မှုတစ်ရပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်ဖြစ်စေ ရေး၊ ယာယီ သို့မဟုတ် ပုံမှန်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ထုတ်ပေးသည့်အတွက် မြန်မာ လူထုများ မည်မျှလုံခြုံမှုရှိလာသည်၊ အခွင့်အရေးတိုးတက် ရရှိလာသည်။ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများ မည်မျှ လျှော့နည်းသွားသည်မှာ သိသာသော အချက်ဖြစ်ပါသည်။ သို့တိုင်အောင် သန်းနှင့်ချီသော မြန်မာလူထုများအတွက် အခက်အခဲများ ရှိနေပါသေးသည်။ တောင်တန်းဒေသတွင် မွေးဖွားနေထိုင်လာသူများ၊ ပဋိပက္ခစစ်ပွဲများဖြစ်ပွားနေရာ ဒေသများမှလူထုများနှင့် နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းလာသူ ကလေးများမှာ နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံ ကူးလက်မှတ် ရရှိရေးအတွက် အခက်အခဲများ ကြီးစွာရင်ဆိုင်နေကြရဆဲ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလစာရင်းများအရ တရားဝင်မှတ်ပုံတင်ထားသူ ရွှေ့ပြောင်းအလုပ်သမားမှာ ၁၅၅, ၈၃၅ ဦးသာ ရှိနေပါသေးသည်။  ကျန်သူများမှာ တရားမဝင် နေထိုင်သူများသဖွယ် သက်ရောက်နေပါသည်။ (ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉-ခုတွင် နေထိုင်သူ အရေအတွက် တစ်သိန်းကျော်သော မြန်မာလူထုများ ရှိနေပါသေးသည်။)  

မြန်မာအစိုးရအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ပုံမှန်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဆိုပါက အောက် ဖေါ်ပြပါ အချက်အလက်များအတိုင်း အကြံပြုလိုပါသည်။ 

    အလုပ်သမားများအနေနှင့် အလွယ်တကူနှင့် အမြန်ဆုံး လုပ်ဆောင်နိုင်ရန်

    ဈေးနှုန်းချိုသာစေလိုပါသည်။ 

    အစိုးရအနေနှင့် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကော်မီတီများနှင့် ညှိနှိုင်းမှုများ တိုး၍ ဆောင် ရွက်စေလိုပါသည်။ 

    အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ (ပွဲစားများ) ၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ပြီး၊ အလုပ်သမား များ အနေဖြင့် တိုက်ရိုက်လုပ်ကိုင်နိုင်သည့် နည်းလမ်းများကို ရှာဖွေစေလိုပါသည်။ 

    အဆိုပါ နိုင်ငံကူးလက်မှတ်များ၊ အထောက်အထား၊ စာရွက်စာတမ်းများကို ထိုင်း-မြန်မာနယ်စပ်မြို့များ တွင် သက်တမ်းတိုးခြင်း၊ နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပါက များစွာ ချော မွေ့လွယ်ကူစေမည် ဖြစ်ပါသည်။ (ဥပမာအားဖြင့်- ကော့သောင်၊ မြဝတီ၊ တာချီလိတ်၊ ထီးခီးနှင့် ဘုရား သုံးဆူ.. ဒေသများ)  

လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ကူညီပေးစေလိုသည်များ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ယခင်ရည်ရွယ်ချက်ဖြစ်သည့်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအားလုံး တရားဝင် အလုပ်သမားများ ဖြစ်စေရေး နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား အခွင့် အရေးနှင့် ဖက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရေရှည်၊ ရေတိုဆောင်ရွက်နိုင်ရန်အတွက် အောက်ဖေါ်ပြပါလုပ်ငန်းစဉ်များကို အကြံပြုလိုပါသည်။ 

    ရွှေ့ပြောင်းအလုပ်သမားများ၊ အများဆုံးလုပ်ကိုင်စားသောက်နေသည့် ထိုင်းနိုင်ငံမြို့ကြီးများ၊ (အဓိက အားဖြင့် စက်မှုနှင့် အနီးပတ်ဝန်းကျင်များတွင် အလုပ်သမား ကူညီစောင့်ရှောက်ရေးရုံးများ ထားရှိပေးပါ ရန်၊ (ဥပမာ-ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ ဖူကတ်နှင့် စုံခလာ (ထိုင်းတောင်ပိုင်း)။

    မြန်မာနိုင်ငံတော် အစိုးရအနေနှင့် ထိုင်းနိုင်ငံအတွင်း အမှန်တကယ် အလုပ်သမားအရေး ဆောင်ရွက်နေ သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင်များ ပါဝင်သည့် အလုပ်သမားများ ကာကွယ် စောင့်ရှောက်ရေးကော်မီတီများကို စနစ်တကျဖွဲ့စည်းရန်။

    နိုင်ငံတော်အစိုးရ အနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ အား ၎င်းတို့ သွားရောက်လုပ်ကိုင်မည့် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အလုပ်သမားဥပဒေများကို အခြေခံသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပါရန်။ 

    နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား၊ ၎င်းတို့ သွားရောက်လုပ် ကိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် နည်းပညာများနှင့် အခြေခံ ဘာသာစကားကို သင်ကြားပေးပါ ရန် (ဥပမာ- လက်သမား၊ သန့်ရှင်းရေး၊ ပန်းရံ၊ စက်ချုပ်… စသည်ဖြင့်) 

    အစိုးရအနေနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများ၊ လူကုန်ကူးမှု ခံခဲ့ရသူများကို အမှု ရင်ဆိုင်နေစဉ်ကာလအတွင်း အသက်မွေးဝမ်းကြောင်းမှု၊ ပညာ၊ ဘာသာစကားနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် အကြံပေးမှုများ ပြုလုပ်ပေးနိုင်ရန်။

    လူကုန်ကူးမှုနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်သူ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အပစ်ပေးအရေးယူပါရန်။ 

    မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေသည့် အလုပ်ရုံ၊ စက်ရုံများသို့ မြန်မာအစိုးရ တာဝန်ရှိသူများက ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါရန်။

    ရွှေ့ပြောင်းအလုပ်သမားများ၏ အထွေထွေကိစ္စရပ်များ၊ အရေးပေါ်လိုအပ်သည့် စာရွက်ရွက်စာတမ်းများ ကို အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ရုံးခန်းတစ်ခုသီးသန့်ထားရှိပါရန်။ (ဥပမာ- One-Stop Service Centres)

    လက်ရှိ သက်တမ်းကုန်ဆုံးခဲ့သည့် (သို့မဟုတ်) သက်တမ်း ကုန်ဆုံးတော့မည့် (၄- ၆ နှစ်) နှစ်နိုင်ငံကူး လက်မှတ်များကို ထိုင်းနိုင်ငံတွင်း (သို့မဟုတ်) ထိုင်း-မြန်မာနယ်စပ်မြို့များတွင် အသစ်ပြန်လည်ထုတ် ပေးနိုင်ရေးအတွက် ထိုင်းအစိုးရနှင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးပါရန်။

    အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး၊ အလုပ်သမားများထံမှ အမြတ်ထုတ် ဂုတ်သွေးစုတ်နေသည့် အကျင့်ပျက် နိုင်ငံရပ်ခြား အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင့် (MOU) ပွဲစားများကို ထိရောက်စွာ အပစ်ပေး အရေးယူမှုများ ပြုလုပ်ပါရန်။ 


ပြည်ပ အလုပ်အကိုင်ရှာဖွေပေးရေး အေဂျင်စီများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား စည်းမျဉ်း ထိန်းသိမ်း ကြပ်မတ် ခြင်း

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၊ အသင်းအဖွဲ့များ (ဘာသာရေး အသင်းအဖွဲ့များ အပါအဝင်) နှင့် လူပုဂ္ဂိုလ် များကို၊ လေ့လာစောင့်ကြည့်နိုင်ရန်နှင့် လိုအပ်ပါက အရေးယူမှုများပြုလုပ်နိုင်ရန်အတွက် "စီမံအုပ်ချုပ်ရေးကော်မီတီ" ကို အလုပ်သမားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းလုပ်ဆောင်စေသင့်ပါသည်။

ဤနေရာတွင် ရွှေ့ပြောင်းလုပ်သားများအတွက် ဒက္ကာ ထုတ်ပြန်ကြေညာချက် (Dahka Declaration for Migration with Dignity) ပါ ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းအလုပ်လုပ် ကိုင်မှုနှင့် ပတ်သက်၍ မူဝါဒ (၁၀) ချက်ကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ လူစုဆောင်းသိမ်းသွင်းမှုအတွက် အခကြေးငွေ မရှိစေရေး 
၂။ အလုပ်စာချုပ်၏ ရှင်းလင်းမှုနှင့် ပွင့်လင်းမြင်သာမှု
၃။ ပတ်စ်ပို့၊ မှတ်ပုံတင်များ ထိန်းသိမ်းထားမှု မရှိစေရေး။ 
၄။ ပြည့်စုံသော ကျင့်ထုံးများ (Inclusive code of conduct) 
၅။ ခွဲခြားဖိနှိပ်မှု မရှိစေရေး 
၆။ မျှတလျော်ကန်၍ တိုက်ရိုက်ပေးသည့် အခကြေးငွေများ
၇။ အလုပ်သမားများ၏ ကိုယ်စားပြုခွင့်
၈။ နစ်နာမှုများအတွက် တိုင်ကြားနိုင်မည့် လုပ်ငန်းစဉ်
၉။ လုံလောက်သော ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁၀။ လုံခြုံ၍ အချိန်မီအိမ်ပြန်နိုင်ရေးကို အာမခံချက် ရှိစေရမည်။ …စသည့်မူများသည် ယခု စီမံခန့်ခွဲမှုကော်မီတီက တိုက် ဆိုင်စစ်ဆေးသင့်သည့် အခြေခံမူများ ဖြစ်သင့်ပါသည်။ ဤနည်းအားဖြင့် ကျင့်ဝတ်လျော်ညီသော အလုပ်သမားစုဆောင်း ရေးနှင့် အလုပ်အကိုင်နေရာချထားရေး (Ethical recruitment and employment) ဖြစ်ပေါ်လာစေပါမည်။  

အကျင့်ပျက်ခြစားသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ တွေ့ရှိပါက အေဂျင်စီများ၏ လုပ်ပိုင် ခွင့် လိုင်စင်များ ကို ခေတ္တဆိုင်းငံထားခြင်း (သို့မဟုတ်) အပြီးတိုင် ဖျက်သိမ်းခြင်းနှင့် ရာဇဝတ်ကြောင်းအရ အရေးယူခြင်း၊ တရားစွဲဆိုခြင်း များ လုပ်ဆောင်သင့်ပါသည်။ လက်ရှိအခြေအနေတွင် အချို့ ပြင်ပအ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ အနေနှင့်လိုင်စင် မရှိဘဲ အေဂျင်စီရုံးများ ဖွင့်လှစ်ထားခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ဝန်ဆောင်ခများ ပိုယူခြင်း၊ အလုပ်အကိုင်၊ လုပ်ငန်းခွင် အခြေအနေနှင့် အလုပ်သမားများနှင့် နေထိုင်စားသောက်ရေးနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အမှားများ ပေး ခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ သဘောတူစာချုပ် အတုများနှင့် စာချုပ်များ ချုပ်ဆိုနေခြင်း၊ အလုပ်ရှင်နှင့် အလုပ် သမား သဘောတူညီထားသည့် စာချုပ်ပါအတိုင်း မလိုက်နာခြင်း နှင့် လူကုန်ကူးမှုတွင် အချို့သော အေဂျင်စီများ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ 

တစ်ပြိုင်နက်တည်းတွင်၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ စီမံအုပ်ချုပ်ရေးကော်မီတီက ဆိုက်ရောက်နိုင်ငံများ နှင့် ချုပ်ဆိုထားပြီးသည့် စာချုပ်များ၊ အသစ်ထပ်မံချုပ်ဆိုမည့် စာချုပ်များကို ပြန် လည်စီစစ်သင့်ပါသည်။ နှစ်နိုင်ငံနားလည် မှု စာချွန်လွှာတွင် ဆိုက်ရောက်နိုင်ငံများ၏ အလုပ်သမား အ ခွင့်အရေး ဥပဒေများကို အခြေခံပြီး၊ အောက်ဖေါ်ပြပါ အချက် အလက်များကို ပါဝင်အောင် ရေးဆွဲသင့်ပါ သည်။

    ပေးဆောင်ရမည့် ငွေကြေးကန့်သတ်ချက်များ (ဥပမာ- အလုပ် လုပ်ပိုင်ခွင့်လက်မှတ် (Work permit)၊ အခွန်ပေးဆောင်မှု နှုန်းထားနှင့် ကျန်းမာရေး အာမခံ)

    အခြေခံ လစာ သတ်မှတ်ချက်များနှင့် အချိန်ပိုလုပ်ခများ၊ (လုပ်ကိုင်ရမည့်ဒေသနှင့် အလုပ်အကိုင်ပေါ် မူတည်ပြီး လစာသတ်မှတ်ချက် ကွဲလွဲနိုင်ပါသည်။)

    လုပ်ငန်းခွင်ထိခိုက်မှုများ (သို့မဟုတ်) အထွေထွေ မတော်တဆဒဏ်ရာ ရရှိမှု (သေဆုံးမှု) များအတွက် လျော်ကြေးငွေသတ်မှတ်ချက်များ။

    လူမှုဖူလုံရေးနှင့် ကျန်းမာရေး အာမခံ ပြဌာန်းချက်များ

    နာမကျန်းခွင့်၊ မီးဖွားခွင့်နှင့် အရေးပေါ် (သို့မဟုတ်) သာမန်ခွင့် ခံစားမှုများနှင့် နှစ်စဉ် အားလပ်ရက် များ။

    အလုပ်သမားများ အနေနှင့် ဆိုက်ရောက်နိုင်ငံများတွင် ပြဿနာ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက ပြဿနာ ဖြေရှင်းပုံ အဆင့်ဆင့်နှင့် ကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များ… စသည်တို့ ဖြစ်ပါသည်။

သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိနိုင်ရေး 
လုံခြုံသော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု (Safe migration) ဖြစ်စေရန် အရေးကြီးပါသည်။ ရွှေ့ပြောင်းလူထုအများမှာ မထွက်ခွာမီ မိမိသွားရောက်မည့်နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ မသိရှိကြခြင်း၊ မှားယွင်းသောသတင်းများ ရရှိကြ ခြင်းတို့ကြောင့် လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ခေါင်းပုံဖြတ်ခံရမှုများ၊ လူကုန်ကူးရောင်းချခံရမှုများ ကြုံတွေ့ကြရပါ သည်။ ထို့အပြင် မိမိ ၏ အခွင့်အရေးများ ချိုးဖောက်ခံရသော်လည်း တိုင်ကြားနိုင်ရန် သင့်လျော်သော လိပ်စာ၊ ဆက်သွယ် မှုများကို မသိရှိကြ၍ ဆက်လက်နစ်နာခံစားနေကြရပါသည်။ သို့ဖြစ်ရာ ရွှေ့ပြောင်းလူထုများအနေဖြင့် သတင်းအချက် အလက်များ ကောင်းမွန်စွာ သိရှိစေရန် (knowledgement management mechaism) အတွက် အောက်ပါအချက် အလက်များကို အကြံပြုလိုပါသည်။

    မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မြန်မာအစိုးရနှင့် ထိုင်းအစိုးရမှ ပုံမှန်ထုတ်ပြန်နေသည့်သတင်း အချက်အလက်များ၊ အလုပ်သမားဥပဒေများ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အလုပ်ခေါ်သည့် ကုမ္မဏီများမှ အလုပ်ခေါ်စာများ၊ ရွှေ့ပြောင်းအလုပ်သမားများ သိသင့်သိထိုက်သည့်အလုပ်အကိုင် အခွင့် အလမ်းများ၊ နှင့် ထိုင်းနှင့် အခြားနိုင်ငံများတွင် ဖြစ်ပျက်နေသည့်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝဘေး အန္တရာယ် ကျရောက်နေမှု၊ ကျရောက်နိုင်ခြေများကို အလွယ်တကူသိရှိနိုင်ရန်အတွက်၊ မြန်မာအစိုးရ အနေ နှင့် သတင်းများကို အလွယ်တကူ ရရှိနိုင်မည့် အနေအထားတစ်ခုကို ဖန်တီးပေးထားသင့်ပါသည်။ (ဥပမာ- ဖေ့ဘုတ်စာမျက်နှာ၊ မိုဘိုင်းဖုန်း app ၊ ဝက်ဆိုက်၊ အွန်လိုင်း၊ ဖုန်းလိုင်းများ)

    ရွေ့ပြောင်းအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင်း နေထိုင်စဉ်အတွင်း လိုက်နာရန်၊ ဆောင်ရန်ရှောင်ရန် အသေးစိတ်အချက်အလက်များ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ လက်ကမ်းစာစောင်နှင့် သတင်းစာများတွင် ဖော်ပြပေးရန် လိုအပ်ပါသည်။

    ထို့အပြင် ၂၄ နာရီ ဆက်သွယ် အကူညီတောင်းခံနိုင်မည့် အွန်လိုင်းများ၊ ဖုန်းများ တပ်ဆင်ထားသင့်ပါ သည်။ 

    မြန်မာရွှေ့ပြောင်း အလုပ်သမားအနေနှင့် တရားဝင်၊ အလုပ်လုပ်ကိုင်နိုင်သည့် အထောက်အထား စာရွက် စာတမ်းများရှိပါက ရရှိခံစားရမည့် အောက်ဖေါ်ပြပါ အခွင့်အရေးများကိုလည်း သိရှိပညာပေးထားသင့်ပါ သည်။ 

o    ဒေသတွင်း လွယ်ကူစွာ ခရီးသွားလာနိုင်ခြင်း။ 
o    ကလေးများ ပညာသင်ကြားခွင့် အခွင်အလမ်းများ ပိုမိုရရှိနိုင်ခြင်း။
o    ဆေးကုသခံယူမှု နှင့် ဆေးရုံလက်မှတ်များ ပြုလုပ်ပေးခြင်း။
o    လူမှုဖူလုံရေးကဒ်များ ထုတ်ပေးခြင်း။
o    ထိုင်းနိုင်ငံအတွင်း အလုပ်လုပ် လုပ်ကိုင်ခွင့်လက်မှတ် (Workpermit) များ ထုတ်ပေးခြင်း။
o    အလုပ်သမားမှတ်ပုံတင် ရရှိနိုင်ခြင်း။
o    ယာဉ်မောင်းလိုင်စင် (ကား၊ မော်တော်ဆိုင်ကယ်) များ လျှောက်ထားနိုင်ခြင်း။
o    ယာဉ် (ကား၊ မော်တော်ဆိုင်ကယ်) များ ဝယ်ယူခွင့်ရနိုင်ခြင်း။
o    ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် အလုပ်သမား အခွင့်အရေးအတိုင်း အကျိုးခံစားခွင့်။ 

ရွှေပြောင်းမိသားစု ကလေးများ၏ မွေးစာရင်းနှင့် ပညာရေး
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရွှေ့ပြောင်းမိသားစုများကို ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အသက် ၅-နှစ်မှ ၁၂ နှစ် အကြားကလေးများ၏ ၄၀.၈% မှ ၄၆% သာ ကျောင်းတက်နိုင်ကြပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကျောင်း တက်နှုန်း ကျဆင်းသွားပါသည်။ အကြောင်းမှာ အလုပ်ခိုင်းစေ၍ ရပြီဖြစ်သောကြောင့် ကျောင်းမှနှုတ်လိုက်ကြခြင်း ဖြစ်ပါ သည်။  ကလေးများ ကျောင်းမတက်နိုင်ရသည့်အကြောင်းမှာ ကျောင်းနှင့်ဝေးခြင်း၊ အလုပ်လုပ်ကိုင်ရခြင်း ဖြစ်သကဲ့သို့၊ ကလေး၏မွေးစာရင်း (ဂဏန်း ၁၃-လုံးပါ နံပါတ်) ရှိမနေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေ့ပြောင်းမိသားစုများမှ ကလေးများ၏ ပညာရေးအတွက် ပုံမှန်မဟုတ်သည့် သင်ကြားပေးမှုများ (informal education) ဆောင်ရွက်ပေးနိုင်ရန် စဉ်းစားစေလိုပါသည်။ ကလေးများ၏ မွေးစာရင်း (နိုင်ငံသားဖြစ်မှု ရရှိရေး) သည်လည်း အလေးပေးသင့်သည့်ကိစ္စတစ်ခု ဖြစ်ပါသည်။   

ရွှေ့ပြောင်း နိုင်ငံသား အလုပ်သမားများနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်

နောက်ဆုံးမှ တင်ပြသော်လည်း၊ အရေးမကြီးသည့် အကြောင်းအရာ မဟုတ်ပါ။ နိုင်ငံသားများအားလုံး၏ ရပိုင်ခွင့် မဲပေး ပိုင်ခွင့်နှင့် သက်ဆိုင်နေ၍ အရေးကြီးပါသည်။ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တွေ့ကြုံခဲ့ရသည့် အခြေအနေများအပေါ် အခြေခံတင်ပြခြင်း ဖြစ်ပါသည်။ ပြီးခဲသည့်ရွေးကောက်ပွဲတွင် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ကြရပါသည်။ မြန်မာနိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတကာရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားများအား၊ နောင်လာမည့် ရွေးကောက်ပွဲများတွင်အဆင်သင့်မဲပေးခွင့် များ ရရှိရန် ကြိုတင်ထည့်သွင်းစဉ်းစား၍ ပြင်ဆင်ထားစေလိုပါသည်။ 

    ရွှေ့ပြောင်းလူထုများအကြား ကြိုတင်၍ ရွေးကောက်ပွဲပညာပေးလုပ်ငန်းများ လုပ်ဆောင်ပါရန်၊
    အလွယ်တကူ မဲပေးနိုင်ရေးအတွက် မိုဘိုင်းမဲရုံများ ထားရှိရန်၊
    နည်းပညာများ အသုံးပြုပြီး၊ အွန်လိုင်းစနစ်များနှင့် မဲပေးနိုင်ရန် စီစဉ်ပါရန်၊ 
    သက်ဆိုင်ရာအစိုးရများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားအနေနှင့် ရွေးကောက်ပွဲကာလ တွင် ဆန္ဒမဲပေးနိုင်ရန်၊

နိဂုံး
ရွှေ့ပြောင်းအခြေချ လုပ်သားများ၏ ပြဿနာကို ယေဘုယျအားဖြင့် အမျိုးသားလုံခြုံရေးရှုထောင့်မှသာ ချည်းကပ်ကြပြီး၊ ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်စေမည့် ရှုထောင့်၊ လူသားအခွင့်အရေးရှုထောင့်တို့မှ ချည်းကပ်မှုမရှိခဲ့ကြပါ။ အကယ်၍ ရွှေ့ပြောင်းလုပ်သားများ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ နားလည်သဘောပေါက်ပါက၊ ရွှေ့ပြောင်းအခြေချမှုအပေါ် အမြင်နှင့် စီမံခန့်ခွဲပုံများလည်း အခြေခံကျကျ ပြောင်းလဲသွားလိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ရွှေ့ပြောင်း လုပ်သားများ အရေအတွက် မနည်းလှဘဲ ရှိနေပြီး၊ ထိုသူများ၏ စွမ်းဆောင်ရည်နှင့် စွမ်းပကား၊ နိုင်ငံသားတို့ရသင့်ရထိုက် သော အခွင့်အရေးများကို ကြည့်ရှု၍ စီမံခန့်ခွဲသင့်လှပါသည်။ ကမ္ဘာလွှမ်းပတ် ပြောင်းလဲနေသောခေတ် (ဂလိုဘယ်လိုက် ဇေးရှင်း) တွင် ရွှေ့ပြောင်းအလုပ်သမားများကို တားဆီးပိတ်ပင်၍ မရစကောင်းပါ။ ရှိနေသည့်အခြေအနေအပေါ်တွင် ထို သူများနှင့် နိုင်ငံတော်အတွက် အကောင်းဆုံးအခြေအနေ ဖြစ်ပေါ်လာရန် စီမံခန့်ခွဲသင့်ပါကြောင်း။ 

Subscribe Us