Saturday, June 25, 2016

မဇ္ဈိမပဋိပဋာ အလယ်ကျသော တူရှုလမ်း




နိုင်ငံရပ်ခြား စကားပုံတစ်ခုရှိသည်။ လေပြင်းမုန်တိုင်း မည်မျှပင် တိုက် တိုက် နွဲ့နှောင်းပျော့ပျောင်းသော သစ်ပင် သစ်ကိုင်း၊ နွယ်မြက်တို့သည် အဆိုပါလေ မုန်တိုင်းနှင့် လိုက်ဖက်ညီ ပြုမူလှုပ်ရှား သည်ဖြစ်၍ မုန်တိုင်း အထပ်ထပ်၏ ဒဏ်ရာဒဏ်ချက်များ၌ပင် ရှင်သန်ရပ်တည်နိုင်သည်ဟု ဆိုထားသည်။

စကားပုံတွင် ထိုသို့ဆိုသဖြင့် အလိုက်သင့်အလျားသင့် ပြုမူနေထိုင်ခြင်းဟု သဘောပေါက်သည်။ တစ်နည်းဆိုပါလျှင် မီးစဉ်ကြည့်ကရမည်ဟုလည်း နားလည်နိုင်သည်။ နှစ်ဖက်ရင်ဆိုင်မှုတစ်ခုတွင် မီးစဉ်ကြည့် ကရမည်ဟူသော အစွန်းတရားကတစ်ဖက်၊ မိမိသဘောတရားအပေါ်တွင် ခိုင်မာပြတ်သားပြီး မိမိ၏မူဝါဒအပေါ် ထိပါးလာသူမှန်သမျှရန်သူကဲ့သို့သဘောထားကာ တုံ့ပြန်မည်ဟူသော အစွန်းတရားက တစ်ဖက် ဤအစွန်းတရား နှစ်ပါး ၏ သွေဖည်ရာ နှစ်ရပ်အကြားရှိတူရူလမ်းကိုသာ ရွေးချယ်တတ်ရန်လိုပေသည်။

ထိုအစွန်းတရားနှစ်ပါး၏ သွေဖည်ရာနှစ်ရပ်ကြား တူရူလမ်းမှာ မဇ္ဈိမပဋိပဋာအလယ် ကျသောတူရူလမ်း
ဖြစ်ပေသည်။


မဇ္ဈိမပဋိပဋာအလယ်ကျသော ထိုလမ်းစဉ်မှာ မြတ်စွာ ဘုရား ရှင်ဟောကြား ထားသောဘေးမသီ၊ ရန်မခ နှစ်ဖက်ငြိမ်းအေးချမ်း သာသော လမ်းစဉ်ပင်ဖြစ် သည်။ခေတ်အမြင်အရဆိုလျှင် မိမိ၏အခြေခံမူဝါဒ အပေါ် တွင် ပြတ်သားပြီး မိမိလုပ်ကိုင်ဆောင်ရွက်မည့် နည်းဗျူဟာပိုင်း ဆိုင်ရာစနစ်တွင်ပျော့ပျောင်း ရမည်ဟု ဆိုလိုခြင်း ဖြစ် သည်။

ထိုသဘောတရားအမြင်အပေါ်တွင် ဆက်စပ်တွေးခေါ်စရာများလည်း ရှိကောင်း ရှိမည်။ မျက်မှောက်ကာလတွင် လူတိုင်းလူတိုင်းနိုင်ငံရေးကို လုပ်ကိုင်ဆောင်ရွက်နေကြ သည်ဟု ဆိုရမည်ဖြစ် သည်။နိုင်ငံရေးနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် နက်နဲကျယ်ပြောလှ သည်။ နိုင်ငံရေး ဆို သည်မှာ တိုင်းပြည်အရေးအရာများကို ဦးဆောင်ဦးရွက်ပြု သူများကိုသာ ဆိုလိုရမည်မဟုတ်၊ လူမှုဘ၀ပတ်ဝန်းကျင်တွင်လည်း မိမိအကျိုး၊ အများအကျိုး အတွက် နိုင်ငံရေးကို ဆောင်ရွက်ကြရသည်။

လိုရင်းအချုပ် အများပိုင်ပုဒ်အားဖြင့်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာမိမိတို့အား မုန်းတီးသည့်သူနည်းပြီး ချစ်သူ၊ ခင်သူ၊ ကြင်နာသူများနိုင်သမျှများအောင် လုပ်ဆောင်ခြင်းကို နိုင်ငံရေးဟုပင် ရှင်းရှင်းလင်းလင်း ဆိုရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် မိမိတို့အသိုက်အဝန်း၊ မိမိတို့၏နိုင်ငံသာမက မျက်မှောက်လူသားကမ္ဘာကြီးမှာ တည်ငြိမ် အေးချမ်းရေး၊ငြိမ်းချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော လမ်းကြောင်းမှလွဲ၍ အခြားရွေးချယ် စရာလမ်း ကြောင်းမရှိဟု ဆိုချင်သည်။ ယနေ့အချိန်အခါတွင် တစ်ဦးနှင့်တစ်ဦး မုန်းဖို့သာလွယ်ကူသည်။ ချစ်ခင်ကြင်နာ ဖို့အတွက် ခက်ခက်ခဲခဲကြိုးပမ်းယူရသော ကာလဖြစ်သည်။

ထို့ကြောင့် စစ်နှင့်ငြိမ်းချမ်းရေး ဂန္ထဝင်စာအုပ်ကြီးကို ရေးသားခဲ့သော စာရေးဆရာကြီးက ငြိမ်းချမ်းရေးသည် စစ်ပွဲတစ်ပွဲထက်ပို၍အသိပညာ၊ ဥာဏ်အမြော်အမြင်၊ ဆင်ခြင်တုံတရား၊ ဗဟုသုတ၊စိတ်ရှည်သည်းခံမှု၊ စာနာ ထောက်ထားမှု၊ နားလည်ခွင့်လွှတ်မှု စသော Moral Ethics ကိုယ်ကျင့်အသိပညာ အဘိဓမ္မာရှိမှဖြစ်ပေ မည်ဟု အသိပေးထားပါသည်။

ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှသာလျှင်အမှန်တကယ် လူသားအကျိုးပြုဝါဒီ ဖြစ်ပေ လိမ့်မည်။ ယခုအခါနိုင်ငံရေးနယ်ပယ်မျိုးစုံတို့တွင် ကြိုတင်လက်ဦးမှုရယူရေး၊ တစ်ဦးနှင့်တစ်ဦး ရန်တုံ့မူရေး၊ မိမိတို့၏ အယူဝါဒများ အား တရားသေဆုပ်ကိုင်ရေးတို့အပေါ်တွင်မူတည်၍ မိမိတို့၏ ဒေါသ၊ မောဟ၊ မာန၊ ပညတ်များအသီးသီးပေါ်ထွက်နေသည်ကို တွေ့ရသည်။ ယင်းတို့သည် မည်သည့်အခါမျှ မငြိမ်းချမ်းနိုင်သော စိတ်နေသဘောများသာဖြစ်သည်။

မဇ္ဈိမပဋိပဋာအလယ်ကျသောတူရူလမ်းစဉ်သဘောဖြစ်သော Live and Let Live ဟူသော ကိုယ်လည်း ရှင်သန် နေ၊ သူတစ်ပါးလည်း ရှင်သန်စေဟူသော သဘောထားဖြင့် အပြန်အလှန်ဆက်ဆံကြမည်ဆိုပါလျှင် ငြိမ်းချမ်း သော၊ ဖွံ့ဖြိုးတိုးတက်သော မေတ္တာရှေးရှု လူသားအကျိုးပြုမည်ဖြစ်ပါကြောင်း။ ။

Subscribe Us