Wednesday, June 29, 2016

မဟာချိုင်မှာသာတဲ့လ



အာဏာရှင် အစိုးရအဆက်ဆက်၏ လျစ်လျူရှုခံရသော ထိုင်းရောက်မြန်မာ လုပ်သားများသည် ပထမဆုံး အကြိမ် ပြည်သူ့အစိုးရ၏ စောင့်ရှောက်မှုကို စတင်ခံစားလာရပြီဖြစ်သည်။ပြည်သူ့အစိုးရ စတင် တာဝန် ယူပြီး ၈၄ ရက်အကြာတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွှေ့ပြောင်းမြန်မာ လုပ်သား လေးသန်းခန့်ရှိသော ထိုင်းနိုင်ငံသို့ သွားရောက်ကာ မြန်မာလုပ်သားများအား အကာ အကွယ်
ပေးရန် စာချုပ်သုံးခုကို ချုပ်ဆိုခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံအတွင်း သို့ ရောက်ရှိနေသော မြန်မာလုပ်သား များအား တာဝန်ယူကြောင်းနှင့် လျစ်လျူရှုထားမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကို နံဘေးတွင်ထား ၍ ပြတ်ပြတ်သားသားပြောကြားခဲ့သည်။


‘‘ဒီမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူတွေအတွက် မြန်မာနိုင်ငံမှာ တာဝန် ရှိတယ်ဆိုတာ အသိအမှတ်ပြု ပါတယ်။ ကျွန်မတို့ နိုင်ငံသားတွေ လုပ်ကိုင် ကြတာတွေအတွက် ကျွန်မတု့ိမှာ တာဝန်မရှိဘူးလို့ ဘယ်တော့ မှပြောမှာ မဟုတ်ပါဘူး။ ကျွန်မတို့ သူတို့ကို ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။ သူူတို့ကို ဘယ်တော့မှ လျစ်လျူ ရှု ထားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ပတ်သက်ပြီး ကျွန်မတို့မှာတာဝန် ရှိပါတယ်။ အဲဒီလို တာဝန်ယူရတဲ့ အ
ပေါ်မှာလည်း ကျွန်မတို့က ဂုဏ်ယူပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ပူးတွဲပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ၌ ပြော ကြား သည်။

ထိုင်းနိုင်ငံသို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ကိုင်ဆောင် ရွက်ခဲ့မှုများနှင့် အကာအကွယ်ပေး မှုများကြောင့် မြန်မာလုပ်သားများသည် အခွင့်အရေးများ ပိုမိုရရှိလာမည်ဟု ထိုင်းနိုင်ငံသားများက သုံးသပ် သည်။ ထိုင်းရောက် မြန်မာလုပ်သားများကလည်း အလားတူ မျှော်လင့်နေကြသည်။

ထိုင်းနိုင်ငံသို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများနှင့် အကာအကွယ်ပေး မှုများကြောင့် မြန်မာလုပ်သားများသည် အခွင့်အရေးများ ပိုမိုရရှိလာမည်ဟု ထိုင်းနိုင်ငံသားများက သုံးသပ် သည်။ ထိုင်းရောက် မြန်မာလုပ်သားများကလည်း အလားတူ မျှော်လင့်နေကြသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသည် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် လာရောက် မှုကြောင့် မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသားများနည်း တူတန်းတူ အခွင့်အရေးများ မကြာမီ ရရှိခံစားရတော့မည်ဟု အလုပ်သမား အရေးဆောင် ရွက်သူများက သုံးသပ်ပြော ကြားသည်။

‘‘အမေစုနဲ့ မတွေ့လိုက်ရပေမယ့် အမေစုက ကျွန်တော်တို့အတွက် အကောင်း ဆုံးလုပ်ပေးခဲ့ပါတယ်။ အမေစုနဲ့ တွေ့ချင်လို့ ကျွန်တော်တို့ လာစောင့်တယ်။ ဒါပေမဲ့ မတွေ့လိုက်ရဘူး။ တွေ့ရမယ်ဆိုတော့လည်း မိုးကဖျက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောချင်တာတွေ အမေစု အကုန်လုံး သိသွားလို့ ကျေနပ်ပါတယ်’’ဟု မဟာချိုင်မြို့ရှိ အအေးခန်းစက်ရုံတွင် လုပ်ကိုင်နေသော အသက် ၃၀ အရွယ် ကိုကျော်မြင့်က ပြောသည်။

‘‘ကျွန်တော်တို့ ဒီမှာလာလုပ်နေတာ ၁၀ နှစ်ပြည့်တော့မယ်။ ပြောရရင် ဒီမှာ ဖိနှိပ်ခံနေရတာ ၁၀ နှစ်ပြည့်
တော့ မယ်။ ဘယ်လူကြီးမှ ကျွန်တော်တို့ဆီ လာပြီး ကျွန်တော်တို့အရေးတွေ တောင်းဆိုပေးတာ မရှိဘူး။ အခု အမေစုက ကျွန်တော်တို့အတွက်လာတယ်။ မျက်ရည်ကျရတယ်။ သူကျွန်တော်တို့ အတွက် လာပြီး လုပ်ပေးတာ။ ကျွန်တော်တို့မှာ အားကိုးစရာ အမေစု တစ်ယောက် ပဲ ရှိတယ်’’ ဟု မဟာချိုင်မြို့ ထလေ ထိုင်းဈေးရှိ ဒေါ်အောင် ဆန်းစုကြည် ဟောပြောပွဲသို့ လာရောက်သူ ကိုစိုးမင်းသူက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က အောင်ဆန်းသွေးပါတယ်။ တော်ရုံအမျိုးသမီးတွေ မလုပ်နိုင်တာမျိုးတွေ သူလုပ်ပြနိုင်တယ်။ ဒါကြောင့်မို့လည်း ကမ္ဘာကသိ တာ။ ဒေါ်အောင်ဆန်းစုကြည်က မန်ဒဲလား၊ မဟတ္တမဂန္ဒီ၊အောင်ဆန်း၊ ဟိုချီမင်း၊ လီကွမ်ယုတို့လို ကမ္ဘာ့အဆင့် ခေါင်းဆောင်ကောင်းပါ။ သူဒီကိုလာတာ မင်းတို့မြန်မာတွေ တန်ဖိုးတက်အောင်လာတာ’’ဟု ထိုင်းလူမျိုး တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။


‘‘ကျွန်မအသက် (၂၆)နှစ်အတွင်းမှာ ထိုင်းနိုင်ငံရေးသမားတွေ မဲဆွယ် လာတိုင်း လူထုထောက်ခံမှု က 
 ဒေါ်အောင်ဆန်းစုကြည် ရသလိုမျိုး၊ မိုးရေ ထဲကနေ အော်ဟစ်တာ၊ အားပေးတာမျိုး မမြင်ဖူးပါဘူး။ ထိုင်းရဲ ဆို အသေကြောက်တဲ့လူတွေ မနေ့က သူတို့အမေအားကိုးနဲ့ တစ်နေကုန် ထိုင်းရဲတစ်ထောင်ကျော်ကို အာ ခံနေကြတယ်’’ ဟု ထိုင်းနိုင်ငံ အရောင်း အဝယ်အေဂျင်စီတစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် ထိုင်းလူမျိုး နန်စောင် ကစ်သရီးယားက ပြောသည်။



စစ်အာဏာရှင်စနစ်ကို မုန်းတီးသော ထိုင်းလူမျိုးများက ဒေါ်အောင်ဆန်း စုကြည် ကို လေးစားကြောင်း၊
ခေါင်းဆောင်ကောင်း ပီသကြောင်းနှင့် ‘‘ကျွန်တော်ထင်တာကတော့ မြန်မာအလုပ်သမားတွေ ထိုင်းနေရာ အနှံံ့မှာ အလုပ်လုပ်နေကြပြီး အများစုဟာ အခက်အခဲမျိုးစုံနဲ့ နေ့တိုင်းရင် ဆိုင်နေ ကြရတာတွေ့ရတယ်။ 
7/ Eleven ဈေးဆိုင်မှာတောင် ဈေးမဝယ် တတ် သူတွေ၊ လမ်းမသွားတတ်ကြတာ၊ ကားမစီး တတ်ကြတာ၊ တာဝန်ရှိသူ မေးမြန်းတာကို မဖြေတတ်တာ နေ့စဉ်လိုလို မြင်နေရပါတယ်။ သူတို့ကို ကူညီချင်ပေမယ့် ကျွန်
တော်မှ မြန်မာစကားမတတ်တာ။ အခု ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားတွေကို ထိုင်းနို င်ငံနဲ့ ပတ်သက်တဲ့ ဘာသာစကား၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းတွေပေးဖို့ လက်ရှိအာဏာ ပိုင်တွေနဲ့ ဆွေးနွေးနေတယ် ကြားမိလို့ အထူးဝမ်းသာမိပါတယ်’’ဟု ထိုင်းမှ ဗိုလ်မှူးကြီးဟောင်း ဖွန်စေ့နန်ဆရီ က ပြောသည်။


ဇွန်လ ၂၄ ရက်တွင် အလုပ်သမား၊ လူမှုရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်း
ဆွေနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး Sirichai Distakul တို့သည် ဒေါ်အောင်ဆန်းစု ကြည်
နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ နှစ်နိုင်ငံအကြား အလုပ်သမား အရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ခြင်း နားလည်မှုစာချွန်လွှာ၊ အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်နှင့် နယ်စပ်
ဖြတ်ကျော်မှုဆိုင်ရာ သဘောတူညီချက်စာချုပ် စသည့်စာချုပ်သုံးခုကို ထိုင်းနိုင်ငံ အစိုးရအိမ်တော်၌ လက် မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာသည် နှစ်နိုင်ငံအကြား အလုပ် သမားများ ပေးပို့ခြင်းနှင့် လက်ခံခြင်း လုပ်ငန်း စဉ်များတွင် ပွင့်လင်းမြင်သာ၍ ထိရောက်မှုရှိစေရန်နှင့် အလုပ်သမားများ တရားမဝင်စုဆောင်းခြင်းနှင့် လူကုန်ကူးခံရခြင်းများမှ ကာကွယ်ရေးအတွက် နှစ်နိုင်ငံ အကြား သတင်းအချက်အလက်များ တိုးမြှင့် ဖလှယ်နိုင်ရန် ရည်ရွယ်ပါသည်။


အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အလုပ်လုပ် ကိုင်မည့် အလုပ်သမားများသည် သွားရောက်လုပ် ကိုင်မည့် နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများနှင့်အညီ လုပ်ငန်းခွင်၌ တရားမျှတစွာ
ပြုမူဆောင် ရွက်နိုင်သည့် အခွင့်အရေးများရရှိလာမည် ဖြစ်သည်။

အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်သည် အလုပ်သမားများအား စာချုပ်ချုပ်ဆို ခန့်ထားမှု လွယ်ကူချောမွေ့စေရေး ခိုင်မာသည့် လုပ်ငန်းမူဘောင်တစ်ရပ် ရေးဆွဲဖော်ထုတ်ရန် ရည်ရွယ်ပါ သည်။ အဆိုပါ စာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် လက်ခံသည့် နိုင်ငံ၏ နယ်မြေအတွင်း ဝင်ရောက် လာသော အလုပ်သမားများသည် တန်းတူညီမျှ မှုအပေါ် အခြေခံ၍ လက်ခံသည့် နိုင်ငံ၏ တည်ဆဲအလုပ် အ ကိုင်စာချုပ်များ၊ အလုပ်သမားဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကာအ ကွယ်များ ရရှိခြင်းတို့အပြင် အခွင့် အရေးနှင့် အကျိုးခံစားခွင့်များလည်း ရရှိလာမည်ဖြစ် ပါသည်။


နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်သည် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ၁၉၉၇ မေလ ၁၆ ရက်တွင် လက်မှတ်ရေးထိုးထား သည့် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘော တူ စာချုပ်ကို နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပြောင်းလဲလာသော အခြေအေ များနှင့် နယ်စပ်ဒေသရှိ အလုပ် သမားများ၏ အကျိုးစီးပွားကို ပိုမိုကာ ကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ပြင်ဆင်/ဖြည့်စွက်ထားသည့် စာချုပ်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

‘‘အလုပ်သမားတွေရဲ့ အလုပ်အကိုင်၊ နေရာထိုင်ခင်းနဲ့ကျွမ်းကျင်မှုတွေကို အလုပ်ရှင်တွေက လုပ်ပေးရမယ် ။ မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအလုပ်သမားတွေနဲ့တန်းတူ အခွင့်အရေးရမယ်ဆိုတဲ့ အချက်တွေ အလုပ်သမားဆိုင်ရာ စာချုပ်တွေထဲမှာပါဝင်တယ်။ စာချုပ်မှာပါဝင်တဲ့အချက်တွေကို နိုင်ငံနှစ်ခုစလုံး က အလုပ်ရှင်၊ အလုပ်သမားတွေ လိုက်နာရမယ်။ နယ်စပ်ဖြတ်ကျော် စာချုပ်မှာလည်း ထိုင်း-မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်မှု ပေးဖို့ပဲ’’ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

‘စာချုပ်သုံးခုက အရင်ကထက်ပိုပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေဖြစ်လာမယ်၊ အကာကွယ်ပေး မှုတွေဖြစ် လာမယ်ပေါ့။ အထူးသဖြင့် နယ်စပ်မှာလုပ်တဲ့ အလုပ်သမားတွေအတွက် ကာကွယ်မှုတွေ၊ တရားဝင်စနစ်တွေ ပေါ်လာလိမ့်မယ်။ ပြီးတော့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ဖြစ်လာလိမ့်မယ်’’ဟုထိုင်းရောက်မြန်မာ လုပ်သားများအတွက် ချုပ်ဆိုထားသော စာချုပ်သုံးခုနှင့်ပတ်သက်၍ မဟာချိုင်အခြေစိုက် မြန်မာလုပ်သား များအား ထိုင်းနိုင်ငံသားများနည်းတူ တန်းတူအခွင့်အရေး များရရှိရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်း ဆိုမှုများကြောင့် ထိုင်းနိုင်ငံသား အချို့က ကန့်ကွက်ပြောကြားမှုများ ပြုလုပ်လာသည် အထိ ဖြစ်ပေါ် ခဲ့သည်။

မြန်မာလုပ်သားများအား ထိုင်းနိုင်ငံသားများနည်းတူ တန်းတူအခွင့်အရေးများရရှိရန် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုမှုများကြောင့် ထိုင်းနိုင်ငံသား အချို့ကကန့်ကွက်ပြောကြားမှုများ ပြုလုပ်လာသည် အထိ ဖြစ်ပေါ်ခဲ့သည်။


‘‘တစ်နေ့ ဘတ် ၃၀၀ ကနေ အခု ၃၆၀ အထိ တိုးတောင်းနေကြတယ်။ ထိုင်းနိုင်ငံသားတွေနဲ့ တန်းတူအခွင့် အရေးပေးရမယ်ဆိုတာ လက်မခံပါဘူး’’ ဟု ထိုင်းရောက်မြန်မာလုပ်သားများ အခွင့်အရေး တောင်း ဆိုနေ မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား ဖွန်ချိုင်းက ပြောသည်။ထို့အပြင် ထိုင်းလူမှုကွန်ရက်စာမျက်နှာ များ
ပေါ်တွင်လည်း ထိုင်းနိုင်ငံသား များနည်းတူ အခွင့်အရေးများ တောင်းဆိုမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာသည်။

‘‘တန်းတူညီမျှရရှိရေးအတွက် ကျွန်မတို့ ဥပဒေဘောင်အတွင်းက ညှိပါမယ်။ အဲဒီအတွက်လည်း ကျွန်မတို့က သံရုံးကနေပြီး ကွင်းဆင်းပြီးတော့ လုပ်ပါမယ်။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေကို တိုးမြှင့်ပေးဖို့လည်း ကျွန်မ စီစဉ်နေပါတယ်’’ဟုဒေါ်အောင်ဆန်းစု ကြည်က ပြော သည်။

ထို့အပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းများ ကို လည်းမိမိနိုင်ငံသားများ၏ အရေးဆောင် ရွက်ပေးရာတွင် ခေါင်းပုံဖြတ်လုပ်အားခတောင်းခံပါက ဥပဒေအရ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သည်။

ထိုင်းရောက် မြန်မာလုပ်သားများ ခံစားနေရသော ဒုက္ခများကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွား၍ ယခု
ခရီးစဉ်လာရောက်မှုအပေါ်ကျေနပ် မှုရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများက ပြောကြားသည်။
‘‘ကျွန်တော်တို့ အားကိုးနေတဲ့ အမေစုက ကျွန်တော်တို့အတွက် လာလုပ်ပေး တာ အရမ်းကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ ဒုက္ခတွေကို ကူညီနိုင်တာ လည်း သူတစ်ယောက်ပဲ ရှိတယ်လို့ ထင်တယ်။ ဖြစ်နိုင်မယ် ဆိုရင် အမေစုကို တစ်နှစ်တစ်ခါတော့ လာစေချင်တယ်’’ဟုမဟာချိုင်မြို့တွင် ရေလုပ်သား အဖြစ် လုပ်ကိုင်နေသော ကိုရန်နိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထလေထိုင်းခန်းမအတွင်း ရွှေ့ပြောင်းမြန်မာ လုပ်သား အချို့ နှင့် တွေ့ဆုံရာ လုပ်သားအချို့၏ တင်ပြပြောကြားမှုများကို နားထောင်ခွင့်ရခဲ့သည်။ ထို့အပြင် ခရီးစဉ်နောက်ဆုံးနေ့တွင် ထလေထိုင်း ခန်းမအတွင်း ဝင်ခွင့်မရခဲ့သော ထိုင်းရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော
မြန်မာ အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာ လုပ်သားများ၏ လက်ရှိအခြေအနေများကို ပွင့်ပွင့်လင်း လင်း ဆွေးနွေး ခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများအရေးအကြောင်း ရေးသားထားသည့် အဖွဲ့အစည်း ၁၃ ဖွဲ့က ပေးသော အိတ်ပိတ်
ပေးစာများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည်။ ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးရယူပြီးနောက် ပိုင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၁၄ အောက်တိုဘာက နှစ်ရက်ကြာ လာရောက်ခဲ့ဖူးပြီး အဆိုပါ ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား များအရေး ဆွေးနွေးခဲ့ဖူးသည်။

အာဏာသိမ်းစစ်အစိုးရအုပ်ချုပ်နေသော ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခွင့်အရေး များသည် လက်ရှိအချိန်အထိ ချိုးဖောက် ခံနေရဆဲဖြစ်ပြီး စာချုပ်ပေါ်တွင် သဘောတူလက်မှတ်ရေး ထိုးထား မှုများ သည်လည်း လက်တွေ့ဘဝ၌ သက် ရောက်မှုနည်းကြောင်း အလုပ်သမား အရေး ကူညီဆောင် ရွက်နေသူများနှင့် အလုပ်သမားများက ပြောသည်။

သို့သော် ပြည်သူ့အစိုးရလက်ထက်တွင် ကမ္ဘာသိခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည် ၏ ရှေ့မှောက်၌
ရေးထိုးထားသည့် စာချုပ်ပါ ကတိကဝတ်များသည် သက်ဝင်ထိရောက်မှုရှိမည်ဟု မြန်မာလုပ်သား များ သာမက ထိုင်းနိုင်ငံသားများကပါ ရှုမြင်သုံးသပ်နေကြသည်။

‘‘ပတ်စ်ပို့တွေရအောင်လုပ်ပေးမယ်လို့ ပြောသွားတယ်။ ပတ်စ်ပို့နဲ့ နေ ရတော့မယ်ဆိုရင် ထိုင်းမှာ ဘယ် သွားသွား အဆင်ပြေတော့မယ်။ ကျွန်တော် တို့ မကြာခင် ပတ်စ်ပိ့ုရတော့မယ်။ အမေစုက ကျွန်တော်တို့ အတွက် လာမယ် လို့ကြားကတည်းက ထိုင်းမှာ ကျွန်တော်တို့ မျက်နှာရတယ်။ အမေစုလို လူ တစ်ယောက် က ကျွန်တော်တို့အတွက် လာတယ်ဆိုပြီး ကျွန်တော်တို့ ဂုဏ်ယူ စွာနဲ့ ပြော လို့ရတယ်’’ဟု မဟာချိုင်မြို့ ငါးသေတ္တာစက်ရုံတစ်ခု၌ လုပ်ကိုင်နေသူ ကိုမြတ်သူက ပြောသည်။ 

http://www.7daydaily.com/story/68802

Subscribe Us