Wednesday, November 11, 2015

ပျားရည်မက်သူများ


တောအုပ်အတွင်းတွင် ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင် တစ်ပင် ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏ အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက် တည့်တည့် ၌ ပျားရည်များ ထည့်ထားသော သစ်သားပုံး ရှိသည်။

ထိုကွက်လပ်ဆီသို့ ဝက်ဝံများ လာနေကြသည်။ ဝက်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ဝက်ဝံလေး တစ်ကောင်နှင့် မွေးကာစ ဝက်ဝံကလေး သုံးကောင် လိုက်ပါလာသည်။ ဝက်ဝံမကြီးသည် ဦးခေါင်းကို မော့ကာ တရှူးရှူး အနံ့ ခံပြီး နောက်က ဝက်ဝံကလေး များကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီး ရှိရာသို့ ရှေးရှု သွားနေသည်။


ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏ နှာခေါင်းကို ထည့်လိုက်ပြီးနောက် ဝက်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ဝက်ဝံကလေး များက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။

ထိုသို့ သောက်သောအခါ အပေါ်မှ တွဲလောင်း ချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ဝက်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။

ထိုသို့ တိုက်လိုက်သည်ကို မြင်သောအခါ ဝက်ဝံမကြီးက သစ်တုံး ကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ဝက်ဝံကလေး နှစ်ကောင် ၏ ကျောကုန်းကို ရိုက်မိသည်။ဝက်ဝံကလေးများသည် အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။

ထိုအခါ ဝက်ဝံမကြီးမှာ ဒေါသဖြစ်လာပြီ ဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်ဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည်အထ် မြှောက်လွှဲ၍ တွန်းပစ် လိုက်သည်။ ထိုအခိုက် အခါလည်သား ဝက်ဝံလေးသည် ပျားရည်ပုံးကြီး ရှိရာသို့ ခုန်ပေါက်လာပြီးလျှင် ပျားရည်အိုး ထဲသို့ နှာခေါင်း ကို နှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက် ရှိသည်။ မွေးခါစ ဝက်ဝံကလေးများကလည်း ပျားရည်ပုံး ရှိရာသို့ လာလျက် ရှိသည်။ပုံးနားသို့ သူတို့ မရောက်မီ သစ်တုံးသည် အရှိန်ဖြင့် ပြန်လည်လာပြီးနောက် အခါလည်သား ဝက်ဝံကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ဝက်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။

ထိုအခါ ဝက်ဝံမကြီးသည် ကြောက်မက်ဖွယ်အော်ဟစ်ကာ သစ်တုံးကို အင်အားရှိသမျှ တအားလွှဲ၍ ပစ်လိုက်လေသည်။ သစ်တုံးသည် ချည်ထားရာ သစ်ကိုင်းထက်ပင် မြင့်တက်သွားသည်။ ဝက်ဝံမကြီးက ဝက်ဝံကလေးများနှင့် အတူ ပျားရည်ပုံးနားသို့ ချဉ်းကပ်သည်။ သစ်တုံးသည် အပေါ်သို့ အတက် ရပ်သွားပြီးနောက် လျင်မြန်သော အရှိန်နှင့် ကျလာသည်။ သစ်တုံးသည် ဝက်ဝံမကြီးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် ဝက်ဝံမကြီးသည် ပက်လက်လန် ကျသွားပြီးနောက် အသက်ကုန်သွားသည်။ ဝက်ဝံကလေးများက ထွက်ပြေးသွား ကြသည်။

ပုံပြင်လေးက သိလိုက်ရတာတော့ ဝက်ဝံမကြီးက အခြေအနေတွေကို မသိဘူး။ သစ်တုံးကြီးကို ပျားရည်ပုံးပေါ် တည့်တည့် ဘာပြုလို့ တွဲလောင်းဆွဲပြီး ချည်ထားတယ်ဆိုတာ မသိဘူး။ ပျားရည်သောက် ချင်တာလောက်ပဲ သိတာ။ ဒီတော့ သူသောက်ချင်တာကို အဟန့် အတား ပြုတဲ့ သစ်တုံးကို ဒေါသ ဖြစ်တာပေါ့။ အကြီးအကျယ်ကို ဒေါသဖြစ်တာ။ သူ့သားလေးကို သေလောက်အောင် သစ်တုံးကြီး က တိုက်ပစ်လိုက်တော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို ဒေါသ တွေ အရှိန်အဟုန် ကြီးမားသွားတယ်။ ဝက်ဝံမကြီး မှာ ဒေါသမီးကြီး လောင်မြိုက်နေတာက သူ့ကို သတ်လိုက်တာပဲ။

ကျွန်တော်တို့လဲ ဒီလိုပါပဲ။ မထူးပါဘူး။ အခြေအနေတွေကို မသိဘူး။ ကျွန်တော်တို့တွေ ဒုက္ခရောက်အောင် အားထုတ်သူတွေက ဖန်တီး ထားတာတွေကို မသိခဲ့ဘူး။ ဒီတော့ ခံလိုက်ရတာ အမြဲကို။ ရှိသမျှ သိက္ခာ
တွေလဲ ကျ။ နာမည်တွေ ပျက်နဲ့။ ဒါဘာကြောင့်လဲ ဆိုတော့ ပျားရည်မက်တာလဲ ပါသလို အခြေအနေတွေ နားမလည်တာကြောင့်လဲ ပါတယ်။

credit: နန္ဒသိန်းဇံ, The Godson by Leo Tolstoy

Subscribe Us