Sunday, October 11, 2015

ထိုင်းထောင်ရောက် မြန်မာလူမျိုး တစ်ယောက်၏ ဒုက္ခမှတ်တမ်း



ကျွန်တော့် နာမည်က စိုးပိုင်တင်စိုးလို့ ခေါ်ပါတယ်။ ကျွန်တော်ဟာဘန်ကောက်မြို့ ဗဟို အကျဉ်းထောင်မှာ ၁၈နှစ် ၁လနဲ့ ၆ရက် နေထိုင်ခဲ့ရပြီး ၂၀၁၅ ဧပြီလ ၁၀ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အညာသား မန္တလေးဇာတိဖြစ်ပြီးအလုပ်အကိုင် ရှားပါးတဲ့ အတွက် တာချီလိတ်မြို့ကို စွန့်စားသွားရောက်ပြီး စားသောက်ဆိုင် တစ်ဆိုင်မှာ ၂နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။


အခင်းဖြစ်ပွားတဲ့နေ့ကတော့ မှတ်မှတ်ရရ ၁၉၉၇ခု မတ်လ ၄ရက်နေ့ ည ၇နာရီခန့်က ဖြစ်ပါတယ် ။

 မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မယ်ဆိုင် တံတားဟာ နံနက် ၆နာရီမှာ ဖွင့်ပေး ပြီး ညနေ ၆နာရီမှာ ပိတ်ပါတယ်။ ဖွင့်ထားတဲ့ အချိန်မှာ ယိုးဒယားဘက်က မယ်ဆိုင်ကို သွားပြီး အလုပ်လုပ်တဲ့ မြန်မာတွေ အားလုံး ဒီတံတားကနေ သွားကြပါတယ်။

ညအချိန်မှာ သွားရောက်လည်ပတ်ချင်တဲ့ သူတွေအတွက်ကတော့ ချောင်းထဲကနေ ခြေလျင်ဖြတ်ကူးကြပါတယ်။ အဲဒီနေ့က ကျွန်တော်လည်း အလုပ်အားနေတာနဲ့ ချောင်းကိုကူးပြီး ယိုးဒယားဘက် ကမ်းကို သွားခဲ့ပါတယ်။ ဒီလိုသွားခဲ့တဲ့အတွက် ကျွန်တော့်ဘ၀ တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး နံရံလေးဖက် ကာထားတဲ့ အကျဉ်းထောင်ထဲမှာ နှစ်၂၀လောက် အချိန်ဖြုန်း ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။အဲဒီနေ့  ညနေက မယ်ဆိုင်ဘက် ကမ်းကို ကျွန်တော် ရောက်ရောက်ချင်း အော်သံဟစ်သံတွေ နဲ့ သေနတ်သံတွေ ကို ကြားလိုက်ရပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းတဲ့အတွက် ကျွန်တော်လည်း မြေပြင်ပေါ်ကို အလန့်တ ကြား မှောက်ချလိုက်ပါတယ်။






ကျွန်တော့်လို ချောင်းထဲက ဖြတ်ကူးလာသူတွေလည်း အလန့်တကြား ထွက်ပြေးကြပါတယ်။ တစ်ချိန်တည်း မှာပဲ ကျွန်တော့်ကျောပေါ်ကို လူတစ်ယောက်က ခြေထောက်နဲ့ နင်းထားပြီး ချောင်းထဲကို ခုန်ဆင်းပြေးတဲ့ သူတွေကို သေနတ်နဲ့ တရစပ် ပစ်နေပါတယ်။ ဒီလို ဝရုန်းသုန်းကားဖြစ်ပြီးတဲ့နောက် ၃၊ ၄မိနစ်အကြာမှာ တခြားထိုင်းလူမျိုးနှစ်ယောက် အထုပ်တစ်ထုပ်နဲ့ ရောက်လာပါတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့် ကို ခြောက်လုံးပြူး သေနတ်နဲ့ ချိန်ပြီး အနီးအနားမှာ အဆင်သင့်ရပ်ထားတဲ့ ကားပေါ်ကို တက်ခိုင်းပါတယ်။

 ကျွန်တော်က “ထိုင်းလူမျိုး မဟုတ်ကြောင်း၊ ဒီဘက်ကမ်းကို လာလည်တဲ့ မြန်မာလူမျိုး ဖြစ်ကြောင်း၊ ထွက်ပြေး သွားတဲ့ သူတွေကိုလည်း မသိကြောင်း” ထိုင်းလိုရော ဗမာလိုပါ တတ်သမျှ မှတ်သမျှ ရှင်းပြပါ တယ်။ ဒါပေမဲ့ သူတို့က လက်မခံပါဘူး။ကားပေါ်မှာ တစ်ချိန်လုံး သေနတ်နဲ့ ထောက်ထားရင်း ၁၅မိနစ်လောက် အကြာ မှာတော့ ဘန်ဂလိုတစ်ခုကို ရောက်သွားပါတယ်။ ဘန်ဂလိုထဲကို ရောက်သွားတဲ့အခါ လက်ထိပ် နောက်ပြန် ခတ် ပြီး ကျွန်တော့်ကို ထိုင်ခုံတစ်လုံးအပေါ်မှာ ထိုင်ခိုင်းပါတယ်။


ကျွန်တော့်ကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ လူ ၃ယောက်ထဲက တစ်ယောက်က သူတို့ယူလာတဲ့ အထုပ် ကို စားပွဲပေါ်တင်ပြီး ဓားနဲ့ခွဲလိုက်ပါတယ်။အထုပ်ထဲက အဝါရောင်တိတ်နဲ့ ပတ်ထားတဲ့ အထုပ်သေးသေးလေးတွေ ထွက်လာပါတယ်။ အဲဒီထဲက တစ်ထုပ်ကို ခွဲလိုက်တဲ့ အခါမှာတော့ဆေးပြားတွေ ထွက်လာပါတယ်။ သူတို့ထဲက တစ်ယောက်က ဆေးပြားတချို့ကို ငွေရောင်စက္ကူခွက်ထဲ ထည့်ပြီး မီးခြစ်တစ်ခုနဲ့ အပူပေး လိုက် တဲ့အခါ မီးခိုးငွေ့တွေ ထွက်လာပါတယ်။ အဲဒီအငွေ့တွေကို သူတို့ ၃ယောက်က ပိုက် နဲ့ တစ်ယောက် တစ် လှည့်စီ ရှူနေတာကို ကျွန်တော် အကြောင်သား ငေးကြည့်နေမိပါတယ်။ ပြီးမှ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ တစ်ယောက်က “မင်းဆေးတွေ တော်တော် ကောင်းတယ်။ ဒါတွေ ဘယ်ကရသလဲ”လို့ မေးတဲ့ အခါ ကျွန်တော်နဲ့ မဆိုင်ကြောင်း ငြင်းလိုက်တယ်။ စကားဆုံးဆုံးချင်း ငြင်းရမလားဆိုပြီး ကျွန်တော့်ပါးကို ဘယ်ပြန် ညာပြန် ရိုက်ကြပါတယ်။ ဘာမှပြောလို့မရတဲ့ အတူတူ ကျွန်တော် ငြိမ်ပြီးခံလိုက်ပါတယ်။ နောက် တစ်နေ့မှာတော့ ကျွန်တော့်ကို ဘန်ကောက်ကရဲစခန်း တစ်ခုကို ပို့လိုက်ပါတယ်။ ရဲစခန်းမှာ တစ်ည အိပ်ပြီး နောက်တစ်နေ့ နံနက်မှာတော့ တရားရုံးက ဥပဒေဝန်ထမ်း ကျွန်တော့်ဆီကို ရောက်လာပြီး ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ရောင်းချခြင်း အမှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားရုံး က တရားသူကြီးကလည်း ကျွန်တော် အမှုရင်ဆိုင်စဉ် ကာလအတွင်းမှာ ထိုင်းထောင်တစ်ခုမှာ နေရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၉၉၇ခု မတ်လ ၆ရက်နေ့မှာ ကျွန်တော့်ကို ထိုင်းနိုင်ငံထဲကBam Bat ထောင်ကို ပို့ဆောင်လိုက်ပါတယ်။

Bam Bat ထောင်ထဲမှာတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် အကျဉ်းသားတွေ အများစု ရှိကြပါ တယ်။ ဥရောပနိုင်ငံနဲ့ တခြားနိုင်ငံခြားသားတွေကတော့ အလုပ်မလုပ်ရဘဲ ကျွန်တော်တို့ ၄နိုင်ငံကအကျဉ်း သားတွေကတော့ အလုပ် လုပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အလုပ်မပြီးရင် ရိုက်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှ အကျဉ်းသားတွေ အိပ်တဲ့အခန်းတွေမှာ အကျဉ်းသား တစ်ယောက်ကို ၁နာရီ ကင်းစောင့်ရပါတယ်။ ကင်းစောင့်ချိန် အိပ်ပျော်လို့ကတော့ နောက်တစ်နေ့ နံနက် ထောင်ဖွင့် ချိန်မှာ ထောင်ဝန်ထမ်း ၃ဦးက တစ်လှည့်စီ ရိုက်နှက်ပါတယ်။

တစ်ရက်မှာတော့ ကျွန်တော် ကင်းစောင့်ရင်း အိပ်ငိုက်မိတဲ့အတွက် နောက်တစ်နေ့မှာ ထိုင်းထောင် ဝါဒါတွေ ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရပါတယ်။ Bam Batထောင်မှာ ၆လလောက် အချုပ်နဲ့ ထားပြီးတော့ Klong Prem ထောင်ကြီးကို ထပ်ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီထောင်ကတော့ လူတန်းစား ခွဲခြားမှုက ပိုဆိုးပါ တယ်။ မြန်မာတွေ၊ လာအိုတွေ၊ ဗီယက်နမ်တွေ အတွက်ထမင်းကျွေးတဲ့ ပုံစံက တစ်မျိုးဖြစ်ပြီး အခြားနိုင်ငံက အကျဉ်းသားတွေ အတွက်ကတော့ ထမင်းဖြူနဲ့ သီးသန့်ဟင်းတွေ ရပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ ဆန်ညိုလုံးနဲ့ ရိုးရိုးဟင်းကိုသာ စားရပါတယ်။ စိတ်အထိခိုက်ရဆုံး နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာ၊ လာအို၊ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား အကျဉ်းသားတွေဆီ သက်ဆိုင်ရာ သံရုံးက မလာကြပေမယ့် နိုင်ငံခြားသားတွေဆီကိုတော့ သူတို့ရဲ့ သံရုံးတွေက မကြာခဏလာပြီး အစားအသောက်တွေ ကိုလည်း ပေး ပါတယ်။ ထောင်နဲ့တွေ့ဆုံပြီး လိုအပ်တာတွေကိုလည်း တောင်းဆိုပေးပါတယ်။ ဒါကြောင့်ထောင်က တခြား အကျဉ်းသားတွေဆိုရင် လေးလေးစားစား ရှိပေမယ့်ကျွန်တော်တို့ ဆိုရင်တော့ အထင်သေးနေတဲ့ပုံပါပဲ။

ကျွန်တော့် အမှုကိုလည်း ရှေ့နေငှားခ မတတ်နိုင်သေးတဲ့ အတွက် တရားရုံးက အခမဲ့ ရှေ့နေတစ်ယောက် ငှားပေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုတစ်ခါက လာတွေ့ပြီး မလာတော့ပါဘူး။ ဒါကြောင့် အမှုအတွက်လည်းသေသေချာချာ မထုချေနိုင်လို့ တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ကျွန်တော့်လို အညာသား တစ်ယောက် အတွက် ထောင်တို့၊ ရဲစခန်းတို့ဆိုရင် အလွန်ကြောက်ပါတယ်။ ဒါပေမဲ့ မလည်မဝယ်နဲ့ ဘုမသိဘမသိ အမှုအခင်းထဲမှာ ဓားစာခံဖြစ်ခဲ့တဲ့ အတွက် တိုင်းတစ်ပါးကထောင်မှာ မိဝေးဖဝေး နေထိုင်ခဲ့ရပါတယ်။

နောက်ဆုံး ကျွန်တော်နေခဲ့ရတဲ့ Bang Kwang ထောင်ဟာ ထောင်ဒဏ်အနှစ် ၃၀အထက်နဲ့ သေဒဏ် ကျခံ ထားရတဲ့သူတွေကိုသာ ထားတဲ့ထောင် ဖြစ်ပါတယ်။ ဒီထောင်မှာ အမျိုးသမီး အကျဉ်းသား မရှိပါဘူး။

သေဒဏ်ကျ အမျိုးသမီးတွေကို Klong Prem Women Prison ထောင်မှာသာ ထားပါတယ်။ ကျွန်တော်နေတဲ့ ထောင်မှာ ထောင်ဒဏ် နှစ်ကြီးကျတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အများစု ဟာ ထောင်ထဲမှာ ၄ နှစ်ကနေ အများဆုံး ၈နှစ်နေပြီးရင် မိခင်နိုင်ငံကို ပြန်ခွင့်ပြုပါတယ်။ နှစ် ၅၀ကျတဲ့သူ လည်း ၈နှစ်ပဲ နေရပါတယ်။ နှစ် ၆၀ကျတဲ့ သူလည်း ၈နှစ်ပဲ နေရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေက ထိုင်းနိုင်ငံနဲ့ အကျဉ်းသား လဲလှယ်ရေး သဘောတူစာချုပ် ရှိလို့ပါပဲ။ ဒါကြောင့် ကျွန်တော့်နောက်မှ ကျလာတဲ့ နိုင်ငံခြားသားအများစုဟာ ကျွန်တော်တို့အရင် ထောင်ထဲက လွတ်မြောက်သွားခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အမှုမျိုးစုံနဲ့ ထောင်ကျနေတဲ့ မြန်မာအကျဉ်းသား ၁၀၀၀၀လောက် ရှိပါတယ်။ အဲဒီထဲက ၁၀၀၀လောက်ဟာ ထောင်ထဲမှာ ၁၀နှစ်ထက်မနည်း နေပြီးသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်နိုင်ငံက
လာမခေါ်သလို ထိုင်းတွေကလည်း အရေးအရာ မလုပ်ပါဘူး။ ဒီလိုဖြစ်ရတာရဲ့ အခြေခံ အကြောင်းရင်းကို
လေ့လာကြည့်တဲ့ အခါမှာတော့ယဉ်ကျေးမှုရော ဗုဒ္ဓဘာသာ ကိုးကွယ်မှုပါ တူညီတဲ့ ထိုင်းနဲ့မြန်မာ အကြားမှာ နှစ်နိုင်ငံ သဘောတူစာချုပ် မချုပ်ရသေးလို့ ဖြစ်ပါတယ်။ ကျန်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကတော့ထိုင်းနဲ့ သဘောတူ စာချုပ် ချုပ်တဲ့ အတွက် နှစ်ကြီးသမားတွေ အားလုံး အိမ်ပြန်သွားကြပါပြီ။

ကျွန်တော်လည်း ထိုင်းထောင်ထဲမှာ ၁၈ နှစ်ကျော်နေပြီး ပြန်လည် လွတ်မြောက်လာတဲ့အခါမှာတော့ ထောင် ထဲက နှစ်ကြီးကျနေတဲ့ မြန်မာလူမျိုးတွေရဲ့ မျက်နှာကို ရဲရဲမကြည့်ရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်အ ထိ မြန်မာနိုင်ငံ အစိုးရကပဲဖြစ်ဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်တွေကပဲ ဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် ထိုင်းနဲ့ အကျဉ်းသား လဲလှယ်ရေး သဘောတူ စာချုပ်ချုပ်ဖို့ ဘယ်သူကမှ မလုပ်ဆောင်လို့ ဖြစ်ပါတယ်။


ပိုပြီး စိတ်မကောင်း ဖြစ်ရတာက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ကလည်း ထိုင်းက မြန်မာ အကျဉ်းသားတွေကို လုံးဝစိတ်ဝင်စားမှု မရှိလို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ထိုင်းထောင်ထဲက မြန်မာအကျဉ်းသားတွေ ကယ်တင်ဖို့ဆိုတာ ရှင်တော် ဗုဒ္ဓ မြတ်စွာမှတစ်ပါး အခြားမရှိတော့ပါဘူး။

စိုးပိုင်တင်စိုး
( Tomorrow သတင်းဂျာနယ်ပါ ကိုယ်တွေ.ဖြစ်ရပ်မှန်ဆောင်းပါး )

Subscribe Us