Tuesday, September 08, 2015

စာမတတ်သူ တို့ဝိုင်းကူ ( ဒေါက်တာသန်းဦး )

၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်၊ အင်္ဂါနေ့ထုတ်မြန်မာ့အလင်းသတင်းမှ ထပ်ဆင့် ဖော်ပြပါသည်။



  “လဲနေသူကို 
ဝိုင်းထူလို့ပေး၊ 
စာမတတ်သူ 
ဝိုင်းကူစို့လေး”

စာတတ်မြောက်ရေးလှုပ်ရှားမှု
စာမဖတ်တတ်သူ၊ စာမရေးတတ်သူကို စာဖတ်စာရေးမတတ်သူ (illiterate) ဟူ၍ သတ်မှတ်ခံရပါသည်။ စင်စစ်အားဖြင့် ထိုသူသည် လူပုံအလယ်၌ မျက်နှာငယ်ရသူ၊ လူ့သိက္ခာတွင် ချို့တဲ့နေရသူအဖြစ် လူ့အသိုင်း
အဝိုင်း၌ အားငယ်နေရပါသည်။ လူ့အဖွဲ့အစည်း၌ မဝင်ဆံ့ဖြစ်နေရပါသည်။

ထိုသူသည် သူကိုယ်တိုင် စာမဖတ်တတ်ကြောင်း၊ စာမရေးတတ်ကြောင်းကို လူအများမသိအောင်ကြိုးစား၍ ဖုံးကွယ်ထားတတ်ပါသည်။ စာတတ်သယောင်ယောင်ဆောင်၍ နေရပါသည်။ အမှန်တကယ်အားဖြင့် စာမတတ်ပါ။ စာမတတ်သူ ရွက်ပုန်းသီးပမာ နေထိုင်ဆက်ဆံခံနေရပါသည်။ ထိုသူသည် မိမိစာမတတ်ခြင်း ကိုလည်း ရှက်တတ်နေပါသည်။

သို့သော် စာတတ်အောင် အသက်အရွယ်အရ စာသွားမသင်ရဲပါ။ စာသင်ရမှာကိုပင် ကြောက်ရွံ့နေပါသည်။ မရှက်ရမည်ကို ရှက်၍၊ မကြောက်ရွံ့ရမည်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်ပါသည်။ထို့ကြောင့် စာမတတ်သူ များကို ထိုအရှက်၊ အကြောက်တို့မှ ရုန်းထွက် လာနိုင်အောင် “စာတတ်မြောက်ရေးလှုပ်ရှားမှု” (
LITERACY CAMPAING)   ဖြင့် စာမတတ်သူများကို ကောင်းစွာချဉ်းကပ်ရပါသည်။ 


ဆွဲဆောင်သိမ်းသွင်းယူရပါသည်။ စည်းရုံးယူရပါသည်။ ဤသည်ပင်လျှင် စာတတ်မြောက်ရေးလှုပ်ရှားမှု ၏ အဓိကတာဝန်နှင့် အဓိကလုပ်ငန်းဖြစ်ပါတော့သည်။ စာမတတ်သူကို စာတတ်သူကသင်ကြားပေးခြင်း
စာတတ်မြောက်ရေးလှုပ်ရှားမှုတွင် အဓိကပုဂ္ဂိုလ်နှစ်ဦးရှိပါသည်။ ထိုသူတို့မှာ-

 စာမတတ်သူ
နှင့်
 စာတတ်သူ .....
တို့ဖြစ်ကြသည်။



စာမတတ်သူကို စာတတ်သူက စာတတ်လာအောင် သင်ကြားပေးနိုင်ပါသည်။ (Teach one, each one)။ စာ တတ်မြောက်ရေးတွင် စာမတတ်သူကိုယ်တိုင်က မရှက်မကြောက် သင်ယူလိုစိတ်၊ သင်ယူလိုသော ဆန္ဒပြင်း
ပြမှုရှိရပါသည်။ ထိုသို့သော စိတ်၊ ဆန္ဒမျိုးပေါ်ထွန်းလာအောင်၊ ပေါ်ထွက်လာအောင် စာတတ်မြောက်ရေး လှုပ်ရှားမှုက စနစ်တကျ ထဲထဲဝင်ဝင် ကြိုးကြိုးစားစား လှုံ့ဆော်တတ်မှု၊ ချဉ်းကပ်တတ်မှု၊ စည်းရုံးသိမ်းသွင်း တတ်မှု ရှိရပါသည်။

စာတတ်မြောက်အောင် သင်ကြားပေးရာတွင်လည်း အမျိုးသားစာမတတ်သူကို အမျိုးသားစာတတ်သူက အ ချင်းချင်း သင်ကြားပေးခြင်း၊အမျိုးသမီးစာမတတ်သူကို အမျိုးသမီးစာတတ်သူက အချင်းချင်းသင်ကြားပေးခြင်း ၊ ဖြစ်နိုင်ပါက၊ ရနိုင်ပါက ကိုယ်ဝန်ဆောင်စာမတတ်သူကို ကိုယ်ဝန်ဆောင် စာတတ်သူက သင်ကြားပေးခြင်း မျိုးတို့ကို ရရှိလာအောင် ကြံဆောင်ကြိုးစားဖန်တီးပေးကြရပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို စာတတ်
မြောက်ရေးလှုပ်ရှားမှုက ကြံဆောင်အားထည့် အားထုတ်ရခြင်းဖြစ်ပါသည်။

စာတတ်မြောက်ရေးလှုပ်ရှားမှုသည်..........
(က) စာမတတ်မြောက်သူကို စာသင်ယူချင်လာအောင်၊ စာသင်ယူဖြစ်လာအောင်လည်းကောင်း၊
(ခ) စာတတ်မြောက်ပြီးသူကိုလည်း စာမတတ်သေးသူအား စာသင်ပေးချင်လာအောင်၊ စာတတ်မြောက် သွားသည်အထိ စာသင်ပေးခြင်းအမှုကို ပြုလုပ်ဖြစ်လာအောင်လည်းကောင်း နှစ်ဖက်နှစ်လမ်းကောင်းစွာ၊ စနစ်ကျစွာ လှုံ့ဆော်စည်းရုံး သိမ်းသွင်းဆောင်ရွက်ခြင်း အမှုပြုရပါသည်။




ပညာဒါနပေးလှူခြင်း
စာတတ်မြောက်ရေးလှုပ်ရှားမှုတွင် စာမတတ်သူသင်ယူသူနှင့် ထိုစာမတတ်သူကို စာတတ်မြောက်သွား
အောင် သင်ကြားပေးလိုသူ၊ ထိုနှစ်ဦးတို့အပြင်ထိုနှစ်ဦးတို့ သင်ကြားသင်ယူကြရမည့်အချိန်၊ သင်ကြားသင် ယူကြရမည့်နေရာ၊သင်ကြားသင်ယူရာ၌ အသုံးပြုရမည့်ပစ္စည်းများ (သက်ကြီးဖတ်စာအုပ်၊ဆရာကိုင် လမ်း ညွှန်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည်များ) လိုအပ်မည့်အလင်းရောင်ပေးနိုင်သည့် ဖယောင်းတိုင်၊ ဆီမီးခွက်၊ မီးလုံး၊ မီးချောင်းနှင့်တကွစာသင်ခုံ၊ စာသင် စားပွဲ၊ ကျောင်းသင်ပုန်းကြီး(ထမင်းစားပွဲအဝိုင်းကို လည်းကျောင်းသင်ပုန်းကြီးအဖြစ် အသုံးပြုနိုင်သည်)ရရှိရေးတို့အတွက်ကိုပါ ကြံဆောင်၍ ပညာဒါနပေး လှူကြမည့် အလှူရှင် (သဒ္ဓါကြည်လင် ပါရမီရှင်)တို့ကိုပါ တစ်ပါတည်း၊ တစ်တွဲတည်းရရှိလာအောင် ကြံဆောင်ကြိုးစားစည်းရုံးပြီး ဆောင်ရွက်မှု ပြုကြရပါသည်။

သို့ဖြင့် စာမတတ်သူကို စာတတ်လာအောင်သင်ယူလိုစိတ်၊ သင်ယူလိုမှုရှိလာအောင်၊ စာတတ်သူကလည်း စာမတတ်သူကို စာတတ်သွားသည်အထိ သင်ကြားပေးလိုစိတ်နှင့် သင်ကြားပေးမှုအောင်မြင် ထမြောက် သွားအောင်ကြိုးစားဆောင်ရွက်မှုတို့ အောင်မြင်ပေါက်မြောက် ထိရောက်စေရေးအတွက် လိုအပ်သည့် အချိန်၊ နေရာနှင့်တကွ ပစ္စည်းများကိုပါ ပြည့်ပြည့်စုံစုံကူညီပံ့ပိုး နိုင်သည့် ပညာဒါနပေးလှူသူ၊ အလှူရှင်များပါ မကျန် ပြည့်စုံစွာအဘက်ဘက်မှရရှိလာအောင် စာတတ်မြောက်ရေး လှုပ်ရှားမှုက ကြံဆောင်ဖော်ဆောင် ကြိုးပမ်းအားထုတ်ရပါသည်။


တတ်မြောက်မှုကိုစစ်ဆေးခြင်း၊ အောင်မြင်မှုကိုအားပေးခြင်း
စာမတတ်သူကိုစာတတ်သူက သင်ကြားရာ၌ သက်ကြီးဖတ်စာကို လက်ကိုင်ထား၍ ထိုသက်ကြီးဖတ်စာကို သင်ကြားသူက မည်သို့မည်ပုံသင်ကြားပေးရမည်။ သင်ယူသူက မည်သို့မည်ပုံ သင်ယူရမည်တို့ကို သက်ကြီး ဖတ်စာပါလမ်းညွှန်မှာကြားထားချက်တို့နှင့်အညီ သင်ကြားသင်ယူမှုပြုစေရမည်ဖြစ်ပါသည်။

သက်ကြီးဖတ်စာပါသင်စာနှင့် ဖတ်စာတို့အရ သင်စာ၊ ဖတ်စာတို့ကိုသင်ကြား သင်ယူပြီးတိုင်း တတ်မြောက် မှု ကိုတစ်ပါတည်း ကျွဲကူးရေပါ စစ်ဆေးသွားကြရပါသည်။ (ဥပမာ- ဝ၊ ထ၊ က၊ လ၊ သ ကိုသင်ကြားသင်ယူစေ ရာ၌ အက္ခရာထိုငါးလုံး၏ အသံ၊ အဓိပ္ပာယ်နှင့်ရေးဆွဲတတ်မှု တစ်ခုချင်းကို အဖတ်၊အရေးနှစ်မျိုးစလုံး ကို ဖတ်ရွတ်ရေးသားတတ်ပြီဆိုပါက ထိုသို့တတ်မြောက်သွားကြောင်းကို သင်ကြားသည့် ဆရာက သင်ယူသူ (တပည့်)အား ကောင်းစွာအသိပေးကြေညာရမည်။ အားပေးစကား၊ ချီးကျူးစကားကို အများကြားထဲ၌
မုချပြောကြားပေးရမည်။ သို့ဖြင့် မူလအရှက်အကြောက်တို့လည်း ပြေပျောက်သွားစေပြီး အားတက်အားရှိ လာပါလိမ့်မည်။ သင်ယူလိုစိတ်များလည်း ထက်သန်လာပြီး သင်ယူလိုသောဆန္ဒလည်း တဖွားဖွား ပေါ်ပေါက် လာပါလိမ့်မည်။)


လုပ်အားများ ပေးလှူခြင်း
စာမတတ်သူအား စာတတ်မြောက်သည်အထိ သင်ယူမှုဆက်တိုက်ပြုလုပ်သွားနိုင်အောင် ပြုလုပ်ဖြစ်အောင် ထိုသူ့အတွက် လိုအပ်မည့်လုပ်အားမျိုးကိုကူညီပံ့ပိုးပေးနိုင်ရပါမည်။ (ဆိုက်ကားနင်းသူကို စာတတ်မြောက်
ရေး သင်တန်းတက်နေချိန်၌ ထိုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးခြင်း၊ နွားစာမြက်စဉ်းနေရသူကို စာသင်ချိန် ၌ နွားစာမြက်ကူညီစဉ်းပေးထားခြင်း၊ စာသင်ယူနေ သူ၏ ကလေးငယ်ကို ကူညီထိန်းသိမ်းပေးထားခြင်း စသည် စသည်တို့၌စာသင်ယူသူတို့ နောက်ဆံမတင်းရလေအောင်၊ စာသင်ယူချိန်၌ စာသင်ယူဖြစ်သွား ရ လေအောင်၊ ကြံဆောင်ကူညီထောက်ပံ့ ပံ့ပိုးမှုများပြုလုပ်ပေးခြင်းဖြင့် လုပ်အားအလှူပေးခြင်း အမှုကိုလည်း
 ပြုလုပ်ပေးနိုင်ရန် စာတတ်မြောက်ရေးလှုပ်ရှားမှုက တစ်ပါတည်းစည်းရုံးဆောင်ရွက်သွားရပါသည်။

အချုပ်အားဖြင့် မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှုတွင် စာမတတ်သူအား စာတတ်သူက စာတတ်
မြောက်လာအောင် သင်ကြားမှုဖြင့်ကူညီခြင်း၊ စာမတတ်သူစာတတ်မြောက်လာစေရန် လိုအပ်သည့်ပံ့ပိုးမှု
အမျိုးမျိုး (လုပ်အားများပေးကူညီခြင်းအပါအဝင်)တို့ဖြင့်၊ ပံ့ပိုးကူညီခြင်းတို့ဖြင့် ဆောင်ရွက်ပေးပါက စာမတတ် သူများ စာတတ်မြောက်လာသူများအဖြစ်မုချဖြစ်ထွန်းပေါ်ထွက်လာမည့် ရလဒ်ကောင်းများ အမှန်ရရှိလာ ပါလိမ့်မည်။

“စာမတတ်သူ တို့ဝိုင်းကူ၊ ပညာဒါန ပေးလှူကြ ”ဟူသော ဆောင်ပုဒ်ကို ဆောင်ပုဒ်အဖြစ်မှသည် လက်
တွေ့ ကျကျလုပ်ဆောင်သော လုပ်ငန်းရပ်အဖြစ်သို့ မဖြစ်မနေ၊ မရမနေဆောင်ရွက်ဖြစ်အောင် ကျွန်ုပ်တို့ အားလုံး၊ စာမတတ်သူရော စာတတ်သူတို့ပါ “လူတိုင်းစာတတ်မြောက်ရေး၊ လူတိုင်းအရေး”အဖြစ် အမျိုးသား
ရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးသဘောထား၊အမျိုးသားရေးတာဝန်၊ သမိုင်းပေးမွန်မြတ်သည့် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် အားသွန်ခွန်စိုက်ကြိုးကြိုးကုတ်ကုတ်အားထည့်အားထုတ်ဆောင်ရွက် ကြရန် အမှန်တကယ်လိုအပ်ပါကြောင်းနှင့် တကယ်လုပ်က အဟုတ်ဖြစ်နိုင်ပါကြောင်း ဆွေးနွေး တင်ပြလိုက် ရပါသတည်း။

နေ့ညအလှ
ရှင်နေမင်းမှာ၊ အလင်းဖြာသည်
နေ့အခါထွန်းပ နေ့အလှ။
ငွေလမင်းမှာ၊ အလင်းဖြာသည်
ညအခါဝင်းပ ညအလှ။
စာတတ်စာဖတ်၊အလင်းဓာတ်ကား
ထူးမြတ်လှစွာ၊ဉာဏ်ရောင်ဖြာ၍
နေ့ခါညခါ၊ထွန်းလင်းသာသည်
ရင်မှာရွှင်းမြ၊နေ့ညအလှ

မင်းယုဝေ




အလင်းတိုင်ကို ကိုင်ကြစို့
သူတို့ဘ၀၊အမှောင်ကျလည်း
ကျမှန်မသိ ငုံးတိတိ။
သူတို့အဖြစ်၊ မှောင်ညစ်ညစ်လည်း
ညစ်မှန်မသိ၊ ကန်းလေးဘိ၍
လမ်းမသိနိုင်၊မှောင်ထဲငိုင်စဉ်
အလင်းတိုင်တစ်ခု၊ မြင်လိုက်မှုကြောင့်
အလုအယက်၊၀မ်းမြောက်လက်နှင့်
နှစ်သက်လှစွာ၊ကိုင်စွဲလာပြီ
ခွာလော့ရှဲလော့အမှောင်ထု

တင်မိုး
 

Subscribe Us