Sunday, July 26, 2015

ဘဝပြဿနာများကို ကျော်လွှားခြင်း



ဘဝဆိုသည်မှာ မြောက်မြားစွာသော အစိတ်အပိုင်းများနှင့်ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။ ဘဝ၏ အစိတ်အပိုင်းအတွင်းမှာ ဘဝ၏တိုးတက်အောင်မြင်မှုရရန် ကျွန်တော်တို့တစ်တွေ ကြိုးပမ်းနေကြ
သည်။


ထိုသို့ ကြိုးပမ်းနေချိန် မမျှော်လင့်ဘဲ မှားယွင်းလွဲချော်မှု၊စိတ်သောကရောက်မှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှု စသည့်အခက်အခဲပြဿနာများ တွေ့ကြုံနိုင်သည်။ ကျွန်တော်တို့အားလုံး တွေ့ကြုံလာရသည့် အခက် အခဲ ပြဿနာများကို စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်စွာဖြင့် ကျော်လွှားနိုင်ရန် အရေးကြီးသည်။ သို့မှသာ ကျွန်တော် တို့ မျှော်မှန်းထားသည့် ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့လျှင်“အလျင်စလို ကမူးရှူးထိုး” လုပ်ဆောင်ရန်မလို။ အရင်ဦး ဆုံးလေ့လာပါ။ ပြီးမှလုပ်သင့်သည်ကို စိတ်အေးအေးထား၍ ဆက်လက်လုပ်ဆောင်ရမည်။“အလျင်စလို ကမူးရှူးထိုး”လုပ်ဆောင်ခဲ့သဖြင့် သေလုနီးပါးအန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသော သာဓကတစ်ခုပြချင်ပါသည်။

နယူးဂျာစီပြည်နယ် ပါရာမတ်စ်မြို့ ဘာဂျင်နယ်အရေးပေါ်ဆေးသင်တန်းအဖွဲ့ဝင်များဖြစ်သည့် ပေါလ်အက်ပါလိန်းနှင့် သူ့အပေါင်းအဖော်များသည် အကျပ်အတည်းပြဿနာနှင့် ရင်ဆိုင်ခဲ့ရ၍ အလျင်စလိုဆောင်ရွက်ခဲ့သဖြင့် သေလုနီးပါးအန္တရာယ်နှင့် ကြုံခဲ့ရသည်။ တစ်နေ့ပေါလ်အက်ပါလိန်းနှင့်အဖွဲ့ သည် လေ့ကျင့်ရေးသင်တန်းဆင်းနေစဉ် ယာဉ်တိုက်မှုတစ်ခုနှင့် ပက်ပင်းတိုးရသည်။ ဖြစ်ပုံကို ပေါလ်အက်ပါလိန်း က

ဤသို့ပြောပြသည်-

 ကျုပ်တို့အဖွဲ့ သင်တန်းဆင်းနေတုန်း ယာဉ်တိုက်မှုတစ်ခုနဲ့ ပက်ပင်းတွေ့မြင်ခဲ့ရတယ်။ ကျုပ်တို့ကအရေးပေါ် လုပ်သင့်တာတွေအားလုံးစနစ်တကျလုပ်ကြတယ်။ သေသူတွေ၊ ဒဏ်ရာရရှိသူတွေကို ဆွဲထုတ်ပြီး လူနာတင် ကားပေါ် သေသေချာချာ တင်ပေးတယ်။ ကျုပ်တို့တစ်တွေလုပ်ဆောင်မှုတစ်ခုပြီးတစ်ခု ဆောင်ရွက်နေချိန်မှာ ကျုပ်တို့သင်တန်းကြီးကြပ်ရေးမှူး ရောက်လာပြီး အနီးကပ်လေ့လာတယ်၊ ပြီးတော့သူကပြောတယ်...

 ““မင်းတို့တစ်တွေ လုပ်ဆောင်မှုတော်တော်ကောင်းပါတယ်။ဒါပေမယ့် မင်းတို့အားလုံး သေမသွားတာ ပိုပြီးကံကောင်းတယ်””လို့ပြောပြီး ကျုပ်တို့အဖွဲ့ကို ကြီးကြပ်ရေးမှူးက တိုက်မိတဲ့ထရပ်ကားဘေးကိုခေါ်သွားပြီး ထရပ်ကားဘေးပေါင်မှာ ဓာတ်ကြိုးလိုင်း ပြတ်ကျနေတာကိုပြတယ်။

 ပြီးတော့ ““ဒီဓာတ်ကြိုးက လျှပ်စစ်ဗို့အား ၁၀ဝ၀ ကျော်ရှိတယ်။ဒါကြောင့် မင်းတို့တစ်တွေ ဘယ်လိုအန္တရာယ် ကြုံကြုံ အရင်ဦးဆုံးအခြေအနေကို လေ့လာပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ပါ””လို့ဆိုပြီးအလျင်စလို ကမူးရှူးထိုး မလုပ်သင့်ကြောင်း ပြောပါတယ်။


ကျွန်တော်တို့သည် ဤသို့ အခက်အခဲ ပြဿနာ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည့်အခါ အလျင်စလို မဆောင်ရွက်မိဖို့လိုသည်။တစ်ကြိမ်တစ်ခါ မအောင်မြင်ပါက စိတ်ဓာတ်မကျဆင်းဘဲ ဆက်လက်ကြိုးစား သွားလျှင် မျှော်မှန်းထားသည့် ပန်းတိုင်ကိုအောင်မြင်စွာ ရောက်ရှိနိုင်မည်။ ပြဿနာများ၊ အမှုအခင်းများ ကြုံတွေ့လာလျှင် များသောအားဖြင့်လက်သည်မပေါ်ဘဲ အဖြစ်မှန်ကို ဖုံးကွယ်တတ်ကြသည်။ လိမ်ညာပြောဆိုတတ်ကြသည်။ ဤသို့ ဖုံးကွယ်ထားခြင်းသည် ကိုယ်ကျင့်တရားပျက်ရာရောက်သည်။

ပြဿနာတစ်ခုနှင့်ကြုံလျှင် အမှန်အတိုင်းဝန်ခံလုပ်ဆောင်ခြင်းသည် ပြဿနာတစ်ခုတည်း ကိုသာ ဖြေရှင်းရ မည်ဖြစ် ပြီး အမှန်အတိုင်းဝန်မခံဘဲ ဖုံးကွယ်ထားလျှင် ပြဿနာနှစ်ခု ဖြေရှင်းရပေမည်။

လွန်ခဲ့သောနှစ်များက ဆော်လမွန်ဘရားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်နှင့် အမှုထမ်းများသည် ဘဏ္ဍာရေးလေလံတစ်ခု၌ တံစိုးလက်ဆောင်လက်ခံကြသည်။ ဤကိစ္စကို ထိပ်တန်းအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့ က သိရှိခြင်းမရှိပေ။ နောက်ဆုံးအဖြေမှန်ပေါ်လာသည့်အခါ ကုမ္ပဏီမှာ အကြီးအကျယ်သိက္ခာကျရသည်။ အထက်တန်းအရာရှိများအလုပ်ဖြုတ်ခံရသည်။ ဤသည်မှာ အမှန်တရားကို ဖုံးကွယ်ထားခြင်းအတွက်ခံစားရသောပြစ်ဒဏ် ဖြစ်သည်။

အမှားတစ်ခုအတွက် အမှန်အတိုင်းဝန်ခံပြောဆိုခြင်းသည် အခံရခက်သော်လည်း အကောင်းဆုံးဖြေရှင်း နည်းတစ်ခု ဖြစ်သည်။ (အလုပ်ပြုတ်ခြင်း၊တရားစွဲဆိုခံရခြင်းသည် တိုက်ပွဲတစ်ပွဲ ရှုံးခြင်းနှင့်တူသည်) ဟု ကတ်ချွမ်းအတိုင်ပင်ခံလုပ်ငန်းမှ ဒုတိယဥက္ကဋ္ဌ  ရောဘ်ဖလာဟာတီ  ဆိုသူကပြောဆိုသည်။

နယူးယောက်မြို့(တောင်တော်ဆီးနိုင်း)ဆေးရုံရှိ စိတ်ရောဂါကုဌာနမှပါမောက္ခ ဒေါက်တာ ဆီးမောရိုဆင် ဘလက် က  အခက်အခဲပြဿနာ ဘယ်လောက်ကြီးကြီး ဒါဟာ ငါ့အတွက် အခွင့်အရေးကြီးတစ်ခုလို့ပဲစိတ်ထဲ မှာ စွဲမှတ်ပါ။ တကယ်လို့ မအောင်မြင်ဘဲဆုံးရှုံးသွားရင် ခံစားရတဲ့ အတွေ့အကြုံတွေကြောင့် အသိအမြင် ကြွယ်ဝတဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဲဒီအခက်အခဲကို ကျော်လွှားနိုင်ခဲ့ရင် ကိုယ့်ဘဝရဲ့အကြီး ဆုံးအောင်ပွဲရပြီဟု ပြောဆိုသည်။


ကျွန်တော်တို့တစ်တွေ အကျပ်အတည်းအခက်အခဲများနှင့် ကြုံတွေ့လာလျှင် ပြဿနာကို အရင်ဦးဆုံး လေ့လာပါ၊ စူးစမ်းပါ၊ ပြီးမှ လုပ်စရာရှိသည်ကို စိတ်ဓာတ်တည်ငြိမ်စွာဖြင့် ပြီးပြတ်အောင် ထိထိရောက်ရောက်ဆောင်ရွက် ပါ။


အလျင်စလို ကမူးရှူးထိုးမလုပ်မိပါစေနှင့်။ မည်သို့ပင်အခြေအနေ ဆိုးနေပါစေ အမှန်အတိုင်းဝန်ခံပြီး ရဲဝံ့စွာ ဆောင်ရွက်လုပ်ကိုင်ပါ ။ သို့မှသာ ကျွန်တော်တို့သည် အကျပ်အတည်းပြဿနာများကို ကျော်လွှား ၍ မျှော်မှန်းထားသည့်ဘဝခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်မည် မဟုတ်ပါလား။


Ref;- Control your Crisis by Reynolds Dodson.

၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်၊  ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှ ထပ်ဆင့်ဖော်ပြပါသည်။

Subscribe Us