Thursday, May 21, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၃)


၄၈။ အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်းနောက်ဆုံးတွေ့ရှိချက် 
တလောက၊ ရုပ်ပြတွေ ရေးသည့် ရာမထံ ရောက်သွားသည်။ ရာမသည် မကွေးသား စစ်စစ် ဖြစ်ပါသည်။ သူ့ကို “ ရာမ” ဘဝရောက်အောင် ကျွန်တော်က ကာတွန်း ကိုသုတ ဆီ ရာမကို လက်ခံ၍ သုံးပေးပါဟု စာရေးပေးလိုက်ရသည်။

ရာမ အောင်မြင်ပါသည်။ အောင်မြင်သည်နှင့်အမျှ လူကြီးသူမ များကို ရိုသေ ကိုင်းရှိုင်းပါသည် ။ ပြောစကား ကိုလည်း နားထောင်ပါသည်။

“ ဟိုတစ်လောက ဆရာ ဦးသော်ဇင်က ခင်ဗျားကို မေးနေတယ် ” ရာမက ပြော၏။

“ ဒါဖြင့် သူအိမ်သွားရအောင်”


ရာမ အိမ်နှင့် ဆရာ ဦးသော်ဇင်အိမ် နီးပါသည်။ ကျွန်တော်တို့ ရောက်သွားတော့ ဆရာသည် အုန်းမှုတ်ခွက် တစ်လုံးပေး ခြေထောက်တင်၍ ထိုင်နေပါသည်။ လက်က ရေနွေးကြမ်းပန်းကန်ကို ကိုင်၍ သောက်နေ၏။
“ အတော်ပဲ ကိုရင်လာတာ၊ ကိုရင့်ကို ကျုပ်သတိရနေတာ ”

“ ဆရာ အခု ဘာလုပ်နေတာလဲ ”
ကျွန်တော်သည် မျက်စိပေါက် ပိတ်မတတ် ရယ်မိပါသည်။ ပြီးမှ…

“ ဆရာရယ်….အုန်းမှုတ်ခွက် နင်းတာ အဲဒီလို မဟုတ်ဘူး ဆရာရဲ့”

“ ဒါဖြင့် ဘယ်လိုလဲ”

“ အုန်းမှုတ်ခွက်နင်းတော့မယ်ဆိုရင် အပေါ်က လက်တန်းလုပ်ရမယ်၊ ဝါးလုံးတောင့်တောင့် ခိုင်ခိုင်ပေါ့ဆရာ ၊ နင်းမယ့်လူရဲ့ လက်ခုပ် တစ်ဖောင်လောက် တန်းလုပ်ရမယ်၊ အဲဒါကို လက်နှစ်ဖက်ဆွဲပြီး အုန်းမှုတ်ခွက်  နှစ်လုံးပေါ် ဘယ်ယိမ်း ညာယိမ်း ယီးလေးခိုပြီး ခြေသလုံးကြော၊ ပေါင်တွင်းကြော၊ ဖနောင့်ကြေမိအောင် နင်းရတယ်ဆရာ၊ဒီလို နင်းတဲ့အခါ အောက်ပိုင်း အပူအခိုးတွေ ထွက်ပြီး ချွေးတွေ စို့လာတာပေါ့ ဆရာ၊ အပေါ်ပိုင်း၊ အောက်ပိုင်း ခန္ဓာကိုယ် မ လေးမ ၊ ခွ လေးခွ၊ ချွေးထွက်ညီနေရေင် ကျန်းမာပါတယ်ဆရာ”

“အေးဗျ၊ကိုယ်ရင်ပြောမှပဲ ဒီလို နင်းရမှပဲ သာဓု၊ သာဓု၊ သာဓု” ဟု ဆရာက ဆုပေးပါသည်။


၄၉။ မနင်းတက်ရင် ဘေးဖြစ်သွားမယ်
“ အုန်းမှုတ်ခွက်နင်းတာ ဘာမှတ်သလဲ၊ သတိထားကိုယ့်လူ၊ မနင်းတတ်ရင် ဘေးဖြစ်သွားမယ်” ဟု အတည် လိုလို၊ နောက်သလိုလိုနှင့် ပြောတတ်ကြပါသည်။ကျွန်တော်သည် လည်း မသိဟန်ဆောင်၍ ခပ်ကုတ်ကုတ်၊ ခပ်ရို့ရို့ကလေး မေးမြန်းမိပါသည်။

“ မနင်းတတ်ရင် ဘာဖြစ်ပါသလဲ”

“ သိချင်ရင် စာအုပ်ဝယ်ဖတ်ပေါ့ဗျ၊ စာအုပ်ဝယ်ဖတ်ပြီးမှာ နည်းမှန် လမ်းမှန် သိရမှာပေါ့”
ထိုသူက ခပ်ပြတ်ပြတ် ၊ ခပ်မာမာနှင့် ပြောပါသည်။

သြော်….သိပြီ…သိပြီ ။ သူက စာအုပ်ရောင်းသူကိုး။ စာအုပ်ရောင်း ကောင်းအောင် ဖန်တီး ပြောဆိုသည့် စကား။

ခပ်မာမာနှင့် စာအုပ်ရောင်းသူရဲ့ အဟောက်ခံရပေမယ့် ကျွန်တော် စိတ်မဆိုးပါ။ ကျွန်တော် ပြုံးမိပါသည်။
အဘယ်ကြောင့်ဆိုသော စာအုပ် ရောင်းသူသည် ကျွန်တော့် ကျေးဇူးရှင်များဖြစ်၍ စာအုပ်ဖတ်သူများသည် ကျွန်တော့်ထမင်းရှင်များ ဖြစ်သောကြောင့်ပါတည်းအုန်းမှုတ်ခွက်နင်း၍ ရောဂါ ခပင်း ကင်းဝေးကြပါစေ။

မကွေးဝင်းမြင့်
၂၃-၆-၁၉၈၉
အမှတ်(၆)၊ မဲထီးလမ်း၊
ဈေးရပ်၊ မကွေး



Subscribe Us