Monday, April 06, 2015

ကံ ကံ၏အကျိုး


လောကတွင် လူတစ်ချို့က ဒုစရိုက်ရှောင်ပြီး ကုသိုလ်ကံတွေ လုပ်ပါတယ်။ ကြိုးစားပါတယ် ၊ ရိုးသားပါတယ်၊ မိဘမျိုးရိုးလည်း ကောင်းပါတယ်၊ ရုပ်ရည်လည်း သန့်ပြန့်ပါတယ်။ဒါပေမယ့် ဘ၀ဟောင်းက ကံအကြောင်း မလှလို့ဘဲ ဆိုရမလား . . .ကံမရှိ ဥာဏ်ရှိတိုင်းမွဲ လို့ပဲ ဆိုရမလားမသိဘူး သူတို့ခမျာ ရွှေငွေမ၀တ်နိုင်၊ အိမ်ပိုင်၊ယာပိုင်၊ မရှိ။

ကားတွေတိုက်တွေ ဆိုတာတော့ ဝေလာဝေးပါ ရှာလိုက်၊ စားလိုက်၊ ပြောင်းလိုက်၊ ရွှေ့လိုက်၊ ကြွေးတင်
လိုက်၊ ပြန်ဆပ်လိုက်၊ ထပ်ချေးလိုက်၊ ထပ်အဆင်မပြေနဲ့သံသရာ လည်နေပါတယ်။

လူတစ်ချို့က ဘာသာရေး အရေးပေးလိုက်စားတယ်၊ ငါးပါးသီလမြဲတယ်၊ သူတစ်ပါး နစ်နာအောင်လည်း ဘယ်တော့မှ မလုပ်ပါဘူး ၊ဒုစရိုက်ရှောင်ပြီး သုစရိုက်ဆောင်ပါတယ်။သူများကို သူကနစ်နာအောင် မလုပ်ပေမယ့် သူများက နစ်နာအောင် လုပ်တာကို ခံကို ခံနေရတယ်။ မကြာခဏ ကြုံကိုကြုံ၊ ဆုံကို ဆုံရတယ်။


ယခုဘ၀မှာ သူဟာ လူကောင်းပါတယ်။ဒါပေမယ့် ငွေအလိမ်ခံရတာလည်း ခကြာခဏ၊ ဖျားနာ ဆေးရုံတက် ရတာတွေကလည်း အကြိမ်ကြိမ်ပါ။ သူများက စေတနာကို ဝေဒနာပြန်ပေးတာတွေမျိုးလည်း ဖြစ်ရ၊ အဲလို လူမျိုးတွေလည်း လောကမှာ ရှိပါတယ်။ အဲလိုမျိုးတွေကြတော့ ဟိုဘ၀က သူမကောင်းခဲ့လို့ပါ။

အတိတ်ကံစွဲက အရိပ်သဏ္ဍာန်မည်းကြီးတွေပဲ အလိုက်ခံနေရပါတယ်။ ဟိုဘ၀ ဟိုကိုယ်စံ၊ သည်ဘ၀ သည်ကိုယ်ခံဆိုတာမျိုးပါ သည်လိုပုဂ္ဂိုလ်မျိုးကျတော့ ဟိုဘ၀က ဘယ်လိုစံခဲ့မှန်းမသိ ယခုဘ၀မှာ အမှန်ပြုပေမယ့် ကံအထုတွေ ပြန်စုပြီး ခံရရှာတယ် ထင်ပါတယ်။

သုစရိုက်မဆောင်ဘဲ ဒုစရိုက်ဘောင်ထဲ သံသရာ ကျင်လည်ပြီးကြီးပွားလို့ စီးပွားတက်နေသူမျိုးလည်း ရှိပါတယ်။မကောင်းတဲ့ အလုပ်၊ လိမ်ညာပြီး ရှာတဲ့ စီးပွားနဲ့ ယာယီကြီးပွားနေသူမျိုးလည်းရှိပါတယ်။ မခံရခင်မို့ ဟန်ကျလို့ အဆင်ပြေနေပြန်ပါတယ်။ ဘုရားမရှိခိုး၊ ဥပုသ်မစောင့်ဘဲ တစ်ကိုယ်ကောင်း စီးပွားရှာရာက ကြီးပွားနေသူလည်း ရှိတတ်ပါတယ်။မကောင်းကံ အကျိုးမပေးသေးတော့ ကပြောင်းကပြန် အဖြစ်ဆိုးတွေ မခံစားရသေးဘူး။

ဆင်းရဲပေမယ့် လမ်းမှန်၊ ကမ်းမှန်ကိုသာ ရဲရဲလျှောက်ပါ။ယခုဘ၀တွင်မရတာ . မပြေလည်တာ မှန်သမျှ
 နောက်ဘ၀မှာရမယ်လို့ ယုံကြည်ထားပါ။ ဒုစရိုက်လုပ်သူ ၊ မတရားစီးပွားရှာသူ၊ တစ်ကိုယ်ကောင်းသမား၊ အချောင်ကြီးပွားသူများ ဟာ သံသရာ လမ်းမှားကို သွားနေတာဖြစ်ပါတယ်။မကောင်းမှုလုပ်ပြီးကြီးပွားနေ သူများကို အထင်ကြီးအတုမယူမိပါစေနှင့် လောကမှာ လူအမျိုးမျိုး ၊ကံအမျိုးမျိုး၊ ဘ၀အမျိုးမျိုး ၊ အဖြစ် အမျိုးမျိုး ပါပဲ၊ အမှန်တော့ မိမိပြုခဲ့ဖူးတဲ့ ကံအတိုင်းပါပဲ။

ကံဆိုတာ အလွန် နူးညံ့ဆန်းကြယ်တဲ့တရား ဖြစ်ပါတယ်။အကျိုးပေးက တစ်မျိုး ကံက တခြားဖြစ်နေပေမယ့် စိတ်မညစ်ပါနဲ့ လူ့ဘ၀ရခိုက်မှာတော့ ကောင်းကံတွေကို ရအောင် အတတ်နိုင်ဆုံးကြိုးစားရမှာ
 ဖြစ်ပါတယ်.။

သုတေသီဘုန်းမြင့်သွေး

Subscribe Us