Sunday, February 22, 2015

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့် လွှတ်တော်တို့ ပျက်ကွက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာ

 "အလုပ်သမားတွေကို ကယ်မယ့်သူ မရှိတော့ဘူးလား။ အလုပ်သမားတွေ သုံးသောင်း တိုးတောင်းတာကို များတယ်ဆိုရင် သူတို့လွှတ်တော်က လူကြီးတွေ တစ်လ ၁၀ သိန်းတိုးတောင်းတာကျတော့ ဘာဖြစ်လို့ အသံမထွက်တာလဲ။ ကျွန်မတို့ သုံးသောင်းတောင်းတာကို အစိုးရဘက်ကနေပြီးတော့ အလုပ်ရှင်ဘက်က လိုက်ပြီး ရိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထု ဘယ်သူ့ကိုသွားပြီး အကူအညီတောင်းရမလဲ . . ."

အခြေခံအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့်လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာ သည့် နောက် ဆက်တွဲ ပြဿနာမှာ အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်လာခဲ့ခြင်းဖြစ် သည်။

လက်ရှိအချိန်၌ လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်သမားထု၏ ဆန္ဒ ထုတ်ဖော်မှုများမှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့ပြီး အလုပ်သမားထု၏ မကျေနပ်မှုများကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် ပျက်ကွက်မှုများ ရှိလာခဲ့သည်။

ယခုလဆန်းပိုင်းတွင်မူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၌ E-Land Myanmar အထည်ချုပ် စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမား များ၏ ဆန္ဒထုတ်ဖော်မှုမှာ ပိုမိုအားကောင်း လာခဲ့သည်။

ထိုသို့ အားကောင်းလာမှုနှင့်အတူ အလုပ်သမားသပိတ်အသွင်ဖြင့် အရေးဆို မှုများရှိလာခဲ့သည့်နောက်   ဖေဖော်ဝါရီ ၂ဝ ရက်တွင် အလုပ်သမားသပိတ် စခန်းအား ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက် ဖြိုခွဲမှုများပြုလုပ်ခဲ့သည်။အလုပ်သမားများ၏ တောင်းဆိုမှုကို မလိုက်လျောဘဲ အင်အားသုံး အကြမ်းဖက်ဖြို ခွဲလိုက်ခြင်းက နားကြည်းမှုများ ဖြစ်စေခဲ့သည်။


■ အများကြီး မတောင်းခဲ့
လုပ်ခလစာ တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး၍ ရွှေပြည်သာစက်မှုဇုန် အလုပ်သမားများ၏ တောင်းဆိုမှုမှာ များပြားသည့် ပမာဏမဟုတ်ပေ။

တစ်ရက်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် တစ်လစာအတွက် ငွေကျပ် သုံးသောင်း တိုးမြှင့်ပေးရန်သာ
 တောင်းဆိုခြင်းဖြစ်သည်။ ၎င်းတို့လက်ရှိ ရနေသည့် တစ်လဝင်ငွေမှာ ပျှမ်းမျှအနည်းဆုံး ကျပ်လေးသောင်းမှ ရှစ်သောင်းကျော်သာ ဖြစ်သည်။ လုပ်သက်ရင့် အလုပ်သမားတစ်ဦး၏ တစ်လဝင်ငွေမှာ ပျှမ်းမျှ ငွေကျပ်တစ်သိန်းခွဲ သာရှိကြောင်း သိရသည်။

“ကျွန်မတို့ လစာတိုးတောင်းတာ စားဝတ်နေရေးအတွက် ဘယ်လိုမှ မလောက်လို့ တောင်းတာပါ။ လက်ရှိ တစ်ရက်စာ နေ့တွက်ကြေးက ၁၃ဝဝ နီးပါးပဲ ရှိပါတယ်” ဟု E-Land Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမ မသိန်းမိုးလွင်က ဆိုသည်။

လစာတိုးပေးရန် ပမာဏများ စွာ တောင်းဆိုခဲ့ခြင်း မဟုတ်သော်လည်း ၎င်းတို့၏ တောင်းဆိုမှု လျစ်လျူရှုခံခဲ့ရသည်။


■ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိ
ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အရှိန်မြင့်လာသည့် အလုပ်သမားသပိတ် ကို ပြေလည်စေရန် ညှိနှိုင်းဆွေးနွေး ပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်က အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေအပါအဝင် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်အောင်၊ တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းနှင့် ဦးနေလင်း၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် သပိတ်မှောက် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လစာတိုးမြှင့်ရေးကို ဦးတည်ချက်ထားပြီး တစ်နေကုန်ဆွေးနွေး ခဲ့သော် လည်း ပြေလည်မှုမရရှိခဲ့ပေ။ အလုပ်သမားများဘက်မှ လုပ်ခလစာ သုံးသောင်း တိုးမြှင့်ပေးရန် တောင်းဆိုမှုကို အလုပ်ရှင်ဘက်က ပယ်ချခဲ့သည်။ တစ်လလျှင် ငွေကျပ် ၉ဝဝဝ သာ တိုးပေးမည်ဟုဆိုကာ အစိုးရပိုင်းက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပါက ပေးမည်ဟုပြောခဲ့ကြောင်း ဆွေးနွေးပွဲတက်သူ တစ်ဦးက ပြောကြားသည်။

သို့သော် ဖြစ်ပေါ်နေသည့် ပြဿနာကို သုံးရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးမည်၊ တာဝန် ယူ သည်ဆိုသော ကတိကို တိုင်းဒေသကြီးအစိုးရပိုင်းက ပြောဆိုကြောင်း အလုပ်သမား ကိုယ်စားလှယ်များ ကဆိုသည်။ သပိတ် စခန်းများကို ပြန်ရုပ်ရန်ကိုလည်း အစိုးရပိုင်းက တွန်းအားပေး ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြထားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အလုပ်သမားများ လုပ်ခလစာ တိုးမြှင့် ရရှိရေးအတွက် အလုပ်ရှင်၊ အလုပ်သမား   နှစ်ဖက်ညှိနှိုင်းဆွေးရန်၊ ထိုက်သင့်သည့်လုပ်ခများ ရရှိစေရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့်ဖွဲ့စည်း၍ ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့က ဥပဒေနှင့်အညီ သမာသမတ်ကျစွာ အဖြေရှာ၍ အကောင်းဆုံးဆောင်ရွက် ပေး မည်ဖြစ်ကြောင်း အစရှိသဖြင့် ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက် ပြေလည်ပြီး ငြိမ်းချမ်းစွာပြီးပြတ်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မပြေလည် မှုများကို ပြေလည်စေရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။


■ ရာဇသံ သတင်းထုတ်ပြန်ချက်
ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးမှု မပြေလည်သော် လည်း တိုင်းဒေသကြီးအစိုးရက သုံးရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိ စကား ပြောခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လည်း မပြေ လည်မှုများ ပြေလည်အောင် ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုခဲ့သည်။

သို့သော် ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲဖြင့်ပင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က သတင်းထုတ်ပြန်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

အပိုဒ်သုံးပိုဒ် ပါဝင်သော သတင်းထုတ်ပြန်မှု၌ ရာဇသံပါသော ခြိမ်းခြောက်မှုများ ပါဝင်ခဲ့သည်။

ကြေညာချက်အပိုဒ်(၃)တွင် “တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆောင်ရွက် သင့်သည်များကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်တောင်းဆို ဆန္ဒပြမှုများ၊ လုပ်ငန်းဆောင်ရွက်မှုကို အဖျက်အမှောင့် ပြုလုပ်ပိတ်ဆို့မှုများ အပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ဟု ပါရှိသည်။

ထိုစာပိုဒ်ပါ အချက်များအရ ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုသော စကားရပ်နှင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဆိုသော စကားရပ်တွင် ဖော်ပြထားသည်တို့မှာ ဆန့်ကျင် ဘက်ဖြစ်နေပြီး ရှင်းလင်းတိကျသော သီးခြားဖွင့် ဆိုမှု မပါခြင်းတို့ကလည်း သတင်းထုတ်ပြန်မှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုနှင့် သတင်းထုတ်ပြန်ချက်ထွက်ရှိခဲ့ပြီး ကတိစကားပြောထားသည့် သုံးရက်ပြည့်မြောက် ချိန်တွင် အာဏာပိုင်များဘက်က ဖြေရှင်းမှု ပြုလုပ်ခဲ့သည်။


■ အင်အားသုံး အကြမ်းဖက်ဖြိုခွင်း
လစာငွေကျပ် သုံးသောင်းတိုးမြှင့်ပေးရေးအတွက် သက်ဆိုင်ရာ အထည်ချုပ် စက်ရုံများရှေ့တွင် ဆန္ဒပြတောင်းဆိုပြီး အလုပ်သမား သပိတ်စခန်းများကို ဖေဖော်ဝါရီ ၂ဝ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့ က အင်အားသုံး အကြမ်းဖက်ဖြိုခွင်း ခဲ့သည်။
ဆန္ဒပြမှုများသည် ဥပဒေနှင့် မညီဟုဆိုသော အကြောင်းပြချက်ဖြင့် လူစုခွဲရန် အမိန့်ပေးခဲ့ပြီး ထိုအမိန့်ကို လိုက်နာမှုမရှိသဖြင့် သပိတ်စခန်းများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အကြား ထိတွေ့မှုများဖြစ်ခဲ့ပြီး ဖြိုခွင်းခဲ့သူများက အမျိုးသမီးများပါမကျန် ရိုက်နှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြိုခွင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၏ ဗီဒီယိုဖိုင်တစ်ခု လည်း လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့သည်။

“ဦးလေးကြီး ကျွန်တော်တို့ကို ရဲတွေက ရိုက်တယ်ဗျာ။ ကျွန်တော်တို့ အလုပ် သမားတွေကို ရိုက်တယ်တဲ့။ ဦးလေးတို့ စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့ အလုပ်သမားတွေ။ လစာနည်းလို့ တိုးတောင်းတဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ရိုက်တယ်တဲ့။ ကျွန်တော်တို့ကို ကူညီပေးပါ။ ခေါင်းဆောင် ပိုင်းတွေကိုလည်း ဖမ်းသွားတယ်တဲ့။ ကယ်ကြပါဦး” ဟု ရိုက်နှက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ငိုကြွေးရင်း ပြောကြားနေ သည်များမှာ The Yangon Globe မီဒီယာက Facebook တွင် ဖော်ပြခဲ့သော ဗီဒီယိုဖိုင်၌ ပါရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ဆွဲခေါ်မှုနောက်ပါသွားသည့် လူငယ်တစ်ဦးကလည်း ၎င်းရရှိခဲ့သော ဒဏ်ရာများ ကိုပြသရင်း “ကားပေါ်မှာ ကျွန်တော့်ကို ဘာပြောတယ်ထင်လဲ။ မင်းလားကွတဲ့။ အသားကုန်ထိုးတယ်။ ရဲကထိုးတာ။ မင်းလားကွတဲ့ ကျွန်တော့်ကို ပြောလိုက်တာ။ စိတ်မဆိုးဘူး။ ဒါပေမဲ့ အမှန်တရားဘက်က သွားမယ်” ဟု ပြောကြားခဲ့သော စကားများ အဆိုပါ ဗီဒီယိုဖိုင်၌ပင် ပါရှိခဲ့သည်။

ဖေဖော်ဝါရီ ၂ဝ ရက် ဖြိုခွင်းမှုတွင် အလုပ်သမား ခေါင်းဆောင်ရှစ်ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့အား ခံဝန်လက်မှတ်ထိုးစေပြီး ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းတွင် ပြန်လွှတ်ခဲ့သည်။

■ သုံးသောင်းတောင်းတာ များသလား
ပျမ်းမျှအားဖြင့် လစာငွေကျပ် တစ်သိန်းအောက်တွင်သာ ရရှိနေသော အလုပ်သမားများက တစ်လ သုံးသောင်း တိုးပေးရန် တောင်းဆိုနေမှုမှာ အဆမတန် တောင်းဆိုနေခြင်း မဟုတ်ပေ။

“တစ်နေ့ကို တစ်ထောင်ပဲ တိုးတောင်းတာလေ။ ကျွန်မတို့က တစ်ထောင်ပဲ တိုးတောင်းတာလေ။ ကန်စွန်း ရွက်တစ်စီး နှစ်ရာ ဖြစ်နေပြီလေ” ဟု အကြမ်းဖက် နှိမ်နင်းခံခဲ့ရသည့် အမျိုးသမီး အလုပ်သမား တစ်ဦး က ဒေါသဖြင့် ပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် စက်မှုဇုန် အလုပ်သမားအများစု၏ လစာငွေသည် အလွန်နည်းပါးလျက်ရှိနေကာ စားဝတ်နေရေးအတွက် လုံးဝ မလုံလောက်သည့် အခြေအနေဖြစ်နေသည်။

“အလုပ်သမားတွေကို ကယ်မယ့်သူ မရှိတော့ဘူးလား။ အလုပ်သမားတွေ သုံးသောင်း တိုးတောင်းတာကို များတယ်ဆိုရင် သူတို့ လွှတ်တော်က လူကြီးတွေ တစ်လဆယ်သိန်း တိုးတောင်းတာ ကျတော့ ဘာဖြစ်လို့ အသံမထွက် တာလဲ။ ကျွန်မတို့ သုံးသောင်းတောင်းတာကို အစိုးရဘက်ကနေပြီးတော့ အလုပ်ရှင်ဘက် ကလိုက်ပြီး ရိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထု ဘယ်သူ့ကိုသွားပြီး အကူအညီ တောင်းရမလဲ” ဟု ဖြိုခွင်းမှုတွင် ရိုက်နှက်ခံခဲ့ ရသူ အမျိုးသမီး အလုပ်သမား ဆန္ဒပြသူတစ်ဦး၏ ပြောစကားများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ပါရှိခဲ့သည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား သိန်းချီရှိနေပြီး အများစုမှာ အမျိုးသမီး အလုပ်သမားများ ဖြစ်ကြသည်။လက်ရှိ စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ၏ အခြေခံလစာကို ပုံမှန်သတ်မှတ်ထားခြင်း မရှိဘဲ အလုပ်ရှင်အချင်းချင်း ညှိနှိုင်းပေးသည့် စနစ်ကိုသာ ကျင့်သုံးထားသည်။

ပျမ်းမျှအားဖြင့် အလုပ်သမား အများစု၏ တစ်ရက်လုပ်ခသည် ငွေကျပ် တစ်ထောင် ဝန်းကျင်တွင်သာရှိပြီး တစ်လကျပ်လေးသောင်း ခန့်သာရှိသည်။ လုပ်သက်ရှစ်နှစ်နှင့် အထက်ရှိသူများ၏ လုပ်ခလစာငွေမှာ ပျမ်းမျှ ကျပ်တစ်သိန်းခွဲ ဝန်းကျင်တွင်သာ ရှိကြောင်း သိရသည်။

■ အလုပ်သမားဝန်ကြီး၏ မညှာတာစကား
ရွှေပြည်သာစက်မှုဇုန်မှ ဆန္ဒပြ အလုပ်သမားများ အကြမ်းဖက် ဖြိုခွင်းခံရ သည့် ဖေဖော်ဝါရီ ၂ဝ ရက်မှာပင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၏ မညှာမတာ စကားရပ်တစ်ခု ထွက်ပေါ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၏ ပြောစကားကိုလည်း The Yangon Globe မီဒီယာက Facebook တွင် ဖော်ပြခဲ့သည်။
“သူများတွေက အေးအေးဆေးဆေး လုပ်နေတယ်။ သူတို့ဘာဖြစ်လို့ မလုပ်သလဲ။ ဒါကိုပဲ စဉ်းစားစရာ ရှိတော့တယ်။ အကုန်လုံးသာ ခက်နေမယ်ဆိုရင် အကုန်လုံးမှာရှိသမျှ စက်ရုံတွေ ဒီလိုပဲ ဖြစ်နေမှာပေါ့။ Asean Standards လိုချင်ရင် Asean Standards အတိုင်း အလုပ်လုပ်နိုင်သလား။ European Standards လိုချင်ရင် European Standards အတိုင်း အလုပ်လုပ်နိုင်သလား။ ဒါကိုလည်း တို့စဉ်းစားရမယ်လေ။ ကိုယ်ကတော့ သုံးပေပဲ ခုန်နိုင်ပြီးတော့ ငါးပေခုန်နိုင်တဲ့သူတွေရဲ့ အမှတ်ကို ဘယ်လိုလုပ် ယူလို့ရမလဲ” ဟု ဦးအေးမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် လုပ်ခတိုးရေး ဆန္ဒထုတ်ဖော်နေသော အခြေခံအလုပ်သမား များသည် ၎င်းတို့၏ ဝင်ငွေကို အာဆီယံစံနှုန်း၊ ဥရောပစံနှုန်းများအတိုင်း ရရှိစေရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ ဖြစ်ပေါ်
နေသော ကုန်ဈေးနှုန်း၊ လူနေမှုစရိတ်ကို ကာမိရုံမျှ ဝင်ငွေရရှိရန် တောင်းဆိုနေခြင်းဖြစ်သည်။

“ပြဿနာက လက်ရှိအလုပ်သမားတွေရဲ့ လစာနဲ့ ကုန်ဈေးနှုန်းက မမျှတဘူး ဖြစ်နေ တယ်” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။

၂ဝ၁၃ ခုနှစ်အတွင်း ရှိခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံမှ အခြေခံ အလုပ်သမားများ၏ လစာငွေသည် အာဆီယံနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေ ပြီး တစ်ရက်လုပ်အားခမှာ အမေရိကန် တစ်ဒေါ်လာကိုပင် ကျော်လွန်ခြင်း မရှိကြောင်း တွေ့ရသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံများအဖြစ် သတ်မှတ်ခံရသော နိုင်ငံများ အနက် ကမ္ဘောဒီးယားနိုင်ငံ၏ တစ်ရက်လုပ်ခငွေမှာ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာကျော်ရှိသည်။ လာအိုနိုင်ငံ၏ တစ်ရက်လုပ်ခငွေမှာ အမေရိကန်ဒေါ်လာ သုံးဒေါ်လာကျော် ဖြစ်နေသည်။ ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ တစ်ရက်လုပ်ခငွေမှာ ကိုးဒေါ်လာအထက်ရှိနေပြီး အထည်ချုပ်လုပ်ငန်း များ ထွန်းကားသည့် ဗီယက်နမ်နိုင်ငံတွင် တစ်ရက်လုပ်ခငွေ အမေရိကန်ဒေါ်လာ သုံးဒေါ်လာ အထက်တွင် ရှိပါသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံမှ အခြေခံအလုပ်သမား၏ အရည်အချင်းပိုင်းသည် အခြေအနေ တူ နိုင်ငံများထက် နိမ့်ကျခြင်းမရှိကြောင်း သိရသည်။ သို့သော် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ကမူ   မြန်မာနိုင်ငံ၏ အခြေခံလုပ်သားခ နှုန်းထားသည် အခြားနိုင်ငံများထက် သက်သာသည်ဆိုသော ရှုမြင် မှုများဖြင့် လာရောက်ရင်းနှီး မြှုပ်နှံလေ့ရှိသည်။

လုပ်အားခနှုန်းထား သက်သာသဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့ သူများထဲ၌ ကိုရီးယားနှင့် တရုတ်နိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့ထဲမှ ခေါင်းပုံဖြတ် အမြတ်ထုတ်သူ များကြောင့်  အလုပ်ရှင်နှင့် အလုပ်သမားပဋိပက္ခများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

■ ဘယ်သူ့မှာ တာဝန်ရှိလဲ
ယခုဖြစ်ပွားနေသည့် ပြဿနာမှာ အနိမ့်ဆုံးလုပ်ခလစာကို အချိန်မီ ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းက အဓိက ဖြစ် ပါသည်။အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေဥပဒေကို ၂ဝ၁၃ ခုနှစ် မတ်လတွင် အတည်ပြု   ပြဋ္ဌာန်းပြီး ဖြစ်သည်။ ထိုဥပဒေ၏ နည်းဥပဒေများကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါသည်။ အစိုးရနှင့် လွှတ်တော်က ဥပဒေနှင့် နည်းဥပဒေများကို တာဝန်ကျေ ပြဋ္ဌာန်းပေးပြီး ဖြစ်သော်လည်း အနိမ့်ဆုံးလုပ်ခလစာ လျင်မြန်စွာ သတ်မှတ်ပေးနိုင်ရေး ကိစ္စရပ်အပေါ် အားထုတ်ပေးမှု ပျက်ကွက်ခဲ့သည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အဓိက တာဝန်ရှိသူမှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနဖြစ်ပြီး ၎င်းတို့၏ ကြန့်ကြာမှုကြောင့် ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်နီးပါးကြာချိန်အထိ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်မှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။တစ်ဖက်တွင်လည်း ထိုကြန့်ကြာ မှုကို အခွင့်ကောင်းယူ၍ လုပ်ခငွေ ခေါင်းပုံဖြတ်မှုများ၊ ကုန်ဈေးနှုန်း လူနေမှုစရိတ်နှင့် လျော်ညီမှုမရှိသော ဝင်ငွေအခြေအနေများက အခြေခံအလုပ်သမားများအား အကြပ် အတည်းဖြစ်စေ ရန် တွန်းပို့ခဲ့ပါသည်။

■ ရွှေပြည်သာကပေးသော သင်ခန်းစာ
အနိမ့်ဆုံးလစာ သတ်မှတ်ရေးအတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်တွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစား အများဆုံးရှိနေသည့် ရွှေပြည်သာမြို့နယ် တွင် နေထိုင်သော အိမ်ထောင်စုများ ၏ ရာခိုင်နှုန်း ၇ဝ သည် စားဝတ်နေရေး ပြေလည်မှုမရှိဘဲ ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် များအတွက် ပိုင်ဆိုင်မှုများ ရောင်းချကာ လည်ပတ်နေရသည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်က ရွှေပြည်သာ စက်မှုဇုန်နယ်မြေတွင် အလုပ်သမား သပိတ် ပေါ်ပေါက်လာရခြင်းကို ရည်ညွှန်းနေသည်။ရွှေပြည်သာ စက်မှုဇုန်နယ်မြေကဲ့သို့ အခြေအနေများမှာလည်း မြန်မာနိုင်ငံ အနှံ့ရှိ အခြေခံအလုပ်သမားများ အလုပ်လုပ်ကိုင်သည့် နေရာတိုင်း တွင် ပေါ်ပေါက်နေပါသည်။

အခြေခံအလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်မှုများ သည် ၂ဝ၁၂ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာအတွက် ဥပဒေပြဋ္ဌာန်း ခဲ့သော်လည်း သတ်မှတ်ချက် ပေါ်ပေါက်လာခြင်း မရှိသည့်အတွက် ၂ဝ၁၄ ခုနှစ်တွင် ဆန္ဒထုတ်ဖော်မှုများ ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။

အနည်းဆုံး အခကြေးငွေကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမတိုင်မီ ထုတ်ပြန်ပေးမည် ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကိုယ်တိုင် လွှတ်တော်သို့ တရားဝင်ပြောကြား ထားသော်လည်း ယခုအချိန်ထိ ဖြစ်မလာခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများ၏ တူညီမှုရှိသော တောင်းဆိုချက်မှာ ကုန်းဈေးနှုန်း ကြီးမြင့်မှုကို ကာမိစေမည့် အနိမ့်ဆုံးလစာ သတ်မှတ်နိုင်ရေးက အဓိကဖြစ်သောကြောင့် ထိုအချက်ကို ဖြေရှင်းနိုင်မှ အခြေခံအလုပ်သမားများ၏ မကျေနပ်မှုကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
..
Eleven Media Group

Subscribe Us