Saturday, July 05, 2014

စေတနာထက် တန်ဖိုးထားတတ်ဖို့လိုသည်


လူတစ်ယောက်အပေါ်စေတနာထားခြင်းသည် မွန်မြတ်သောအလုပ် တစ်ခုဖြစ်ပါသည်။ လူတစ်ယောက်အပေါ်တန်ဖိုးထားခြင်းသည် လည်း မြင့်မြတ်သောအလုပ်တစ်ခုဖြစ်ပါသည်။ မွန်မြတ်ပြီး၊ မြင့်မြတ်သော အလုပ်ဖြစ်မည်ဆိုပါက ပိုကောင်းမည့်သဘောကိုဆိုလိုပါသည်။ အလုပ်ရှင် တစ်ဦးတွေ့ဖူးသည်။ သူ့အလုပ်သမားများအပေါ် အလွန်စေတနာထားသည်။ လုပ်ခများများရစေချင်သည်။ သူ့လုပ်ငန်းတွင် အချိန်အလိုက် ပေးရသောလုပ်ခများ (time rates) များလည်းရှိသည်။ လုပ်ငန်းအလိုက် ပေးရသောလုပ်ခများ (Piece rates) များလည်းရှိသည်။ ဒီတော့အလုပ်သမားများကို သိပ်မနားစေချင်သော သဘောရှိသည်။ သူတို့အလုပ်များ များဆင်းရင်- သူ့အတွက်များများကျန်မည် ဟူသောစိတ်မရှိသည်ကား သေချာသည်။ စေတနာနှင့် လုပ်နေသည်ကားသိ သည်။ မြင်လည်းမြင်တွေ့နေရသည်။ သို့သော်လည်း သူ့အလုပ်သမားများကား ပိုက်ဆံတော့ရပါရဲ့၊ နားရက်ကနည်းလာတော့ ငြိုငြင်ချင်သည်။ အပြစ်ပြောချင် သည်။ အလုပ်ရှင်ဘက်မှလည်း စေတနာထားသောကြောင့် သူ့စေတနာထားပါ လျက်၊ ဒီလိုဖြစ်ရသည်ဟုထင်ပြီး စိတ်ဆိုးသည်။


SME လုပ်ငန်းတိုင်းတွင် ဖြစ်ပေါ်တတ်သောပြဿနာလည်းဖြစ်သည်။ အဓိကကား စေတနာထားပြီး၊ တန်ဖိုးမထားသောပြဿနာဖြစ်သည်။ အရပ် စကားနှင့်ပြောလျှင် စေတနာထားသော်လည်း အလုပ်ရှင်သည် ကိုယ်ချင်း မစာသောပြဿနာဖြစ်သည်။ သူသည်သာ အလုပ်သမား နှင့်နှိုင်းပြီးပြောရမည့် သဘောကို အလုပ်သမားကို သူနှင့်နှိုင်းပြီးမှ ဖြစ်လာသောပြဿနာဖြစ်သည်။ ကျွန်တော့်ဆရာကြီးတစ်ယောက်ပြောသည့် စကားနှင့်သွားတူနေသည်။ အစည်းအဝေးတိုင်းတွင် သူပြောသောစကားမှာ ခင်ဗျားသာကျွန်တော့်နေရာ မှာရှိရင် စဉ်းစားကြည့်ပေါ့ဗျာဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ လူတွေရဲ့ဘဝကို နားလည်ပေးနိုင်ရမည် ဖြစ်သည်။ သနားနေရုံဖြင့် မရ၊ စေတနာ၊ မေတ္တာထားနေရုံဖြင့်မရ၊ လူတွေအပေါ် တန်ဖိုးထားတတ်ရမည်။ ငါသည်သာ သူ့နေရာမှာဆိုသော စကားကို အမြဲနှလုံးသွင်းသင့်သည်။ ဖွံ့ဖြိုးမှုဘောဂဗေဒတွင်လည်း ယင်းအချက်ကို အဓိကထားသင့်သည်။ လူတွေကို တန်ဖိုးထားနိုင်ဖို့အတွက် Three Core Values of Development ဟူ၍ တင်ပြထားသည်။

တိုင်းပြည် တစ်ပြည်အတွက် ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် လူမှုအသိုင်းအဝိုင်း နှင့် လူမှုရေးစနစ်တွင် ရုပ်ဝတ္တုသာမက၊ စိတ်ဓာတ်ရေးရာ၊ အတွေးအခေါ် များ သည် မြင့်သည်ထက်မြင့်လာဖို့လိုသည်။ Human life တွင် more human life ဖြစ်ဖို့လိုသည်။ ဆိုလိုသည်မှာ လူ့ဘဝတွင် လူသားအချင်းချင်းစာနာတတ်ဖို့သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးဆုံးဖြစ်သည်။ Sympathy ခေါ် ကြင်နာမှုစိတ်ထား၊ သနားတတ်သောစိတ်ထားသည် လူတိုင်းတွင် အနည်းအများ ရှိတတ်ပါသည်။ သို့သော်လည်း Empathy ခေါ်မျှဝေခံစားမှုနားလည်မှု၊ ကိုယ်ချင်း စာတတ်မှုကား လူတိုင်းမထားနိုင်၊ တစ်နည်းအားဖြင့် လူတွေအပေါ် တန်ဖိုးထား မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပျောက်ဆုံးနေတတ်သည်။

ဘဝဆိုသည်မှာ ကိုယ်တစ်ယောက်တည်း ချမ်းချမ်းသာသာနေထိုင်ရုံဖြင့် မပြီးပြည့်စုံသောအခြေအနေမျိုးဖြစ်လာသည်။ တစ်ဖို့ပဲထား၊ ငါတစ်ဦး၊ ငါတစ်ဖွဲ့ တည်းလောက်သာ ကောင်းစားရုံဖြင့် ဘဝသည် မပြီးပြည့်စုံသောသဘောရှိ လာသည်။ အနည်းဆုံး ကိုယ်နေထိုင်သော လူမှုပတ်ဝန်းကျင်၊ တိုင်းပြည်အ ဆင့်လောက်ကြည့်တတ်မှ ပြည့်စုံလာသည်။ အပြည်ပြည်ဆိုင်ရာအဆင့်ကြည့်နိုင် လျှင် ပိုကောင်းလာသည်။ Good Life ဆိုတာ ဘာလဲဟူသောမေးခွန်းသည် အချိန်အခါ၊ ကာလံ၊ ဒေသံ ပေါ်လိုက်ပြီး၊ အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ လူ့ဘဝအတွက် မည်သည့်အရာများ လိုအပ်သလဲဟူသော မေးခွန်းသည်လည်း အရေးပါလှသည်။ လူ့ဘဝအတွက် မည်သည့်အရာများ လိုအပ်သလဲ ဟူသော မေးခွန်းအတွက် ပထမဦးဆုံးဖြေရမည့်မေးခွန်းမှာ လူ့ဘဝအတွက် လူတွေအတွက် သင်ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ- ဟူသောမေးခွန်းက ပိုအရေး ကြီးသည်။ မိမိသည် မိမိနှင့်မိမိအသိုင်းအဝိုင်းလောက်သာ ကွက်ကြည့်ပြီး၊ ဘယ်သူသေသေ၊ ငတေမာပြီးရောဟူသော ဇာတ်လမ်းရှိသူများအတွက်တော့ ထိုမေးခွန်းကို ဖြေနိုင်မည်မထင်၊ မေးခွန်းသည် သူ့ဘဝအတွက် အခက်ခဲဆုံးမေး ခွန်းဖြစ်နေသောကြောင့်ဖြစ်သည်။

လူတိုင်းသည် ကိုယ့်အဆင့်ဖြင့် ကိုယ်နေထိုင်ကြပါသည်။ မိမိသည် မည်သည့်အဆင့်တွင်ရှိသည်ကို ပြန်လည်သုံးသပ်ပြီး၊ ထိုအဆင့်နှင့်လျောညီစွာ လူတွေအတွက် ကောင်းကျိုးကို မည်မျှအထိပြုလုပ်ခဲ့သည်ကား လူ့တန်ဖိုးတွင် အရေးပါလာသည်။ ကိုယ့်အဆင့်တွင် ကိုယ်နှင့်သက်ဆိုင် သောလူများအပေါ် နားလည်နိုင်မှုပေးခြင်းအတွက် ပိုင်းဖြတ်ရာတွင် အခြေခံအချက်ကြီး (၃)ချက်ဖြင့် ချိန်ထိုးကြသည်။

ပထမအချက်သည် Sustenance ဖြစ်သည်။ အခြေခံစားဝတ်နေရေးဖူလုံမှု အဆင့်ဖြစ်သည်။ လူတွေစားဝတ်နေရေးဖူလုံမှုအဆင့်တွင် တာဝန်ခံထားသူများ တွင်သာ တာဝန်ရှိသည်။ အိမ်ထောင်စုအတွက်တော့ အိမ်ထောင်ဦးစီးနေရာယူ ထားသည်မှာ ထိုတာဝန်အတွက်လည်းပါသည်။ တိုင်းပြည်အတွက်ဆိုလျှင် အစိုးရဖြစ်မည်။ စားဝတ်နေရေးဖူလုံမှုအဆင့် ဆိုသည်မှာလည်း Comparative advantages သဘောမျိုးဖြစ်သည်။ အိမ်နီးချင်းတိုင်းပြည်နှင့်ယှဉ်လျှင် အိမ်နီးချင်းဖြစ်သောကြောင့် လူမှုစီးပွား၊ ပထဝီအနေအထားတူညီနိုင်သည်။ ထု့ိကြောင့်ယှဉ်လိုက်လျှင် မသာသွားသည့်တိုင်အောင်၊ လွန်စွာနိမ့်မကျစေဖို့ လည်း အစိုးရတွင် တာဝန်ရှိမည်ဖြစ်သည်။ ပြည်တွင်းတွင် စားသောက်နေရုံဖြင့် မပြီး၊ အသက်အိုးအိမ် စည်းစိမ်ကိုပါ ကာကွယ်ပေးနိုင်ရမည်။ ပြည်တွင်းစစ်ဆို သည်မှာ ယခုခေတ်တွင် ဖွံ့ဖြိုးပြီးတိုင်းပြည်များအတွက် အလွန်ကဲ့ရဲ့စရာအချက် တစ်ခု ဖြစ်လာသည်။ သဘာဝဘေးအတွက် ဝိုင်းဝန်းနိုင်သော်လည်း ပြည်တွင်း အတွက်စစ်ပြေးဒုက္ခသည်ဆိုသည်မှာမရှိအပ်သောအခြေအနေဖြစ်လာသည်။ တိုင်းပြည်တစ်ပြည်တွင်သဘာဝကြောင့်ဖြစ်ရသောစားဝတ်နေရေး မပြေလည်မှု ကို ဖြေရှင်းနိုင်သော်လည်း၊ လူတွေကြောင့်ဖြစ်ရသော စားဝတ်နေရေးမပြေလည် မှုများအတွက် အဖြေရှာဖို့လိုအပ်လာသည်။ ထိုအချက်များသည် Quality of life ကို တိုင်းတာရာတွင် အပြစ်သဘော မျိုးထက်၊ အဖျက်သဘောမျိုးမြင်လာကြသည်။

ဒုတိယအချက်ကား လူကိုလူလိုမြင်တတ်ခြင်းဖြစ်သည်။ အချို့ကလည်း Self- Esteem ဟုခေါ်ကြသည်။ အခြားလူအပေါ်တန်ဖိုးထားတတ်သောလူများ သည် ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတတ်ကြသည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေမှု Conceited နှင့် အချို့လူများ သည် လွဲမှားနေတတ်သည်။ Self- Esteem ကို နားလည်ရန်ဆိုသည်မှာလည်း စိတ်နေစိတ်ထားတည်ငြိမ်မြင့်မြတ်မှ သာဖြစ်နိုင်ပါမည်။ အကြောင်းမှာ လူတိုင်း သည် အရိုအသေခံချင်ကြသူ များဖြစ်သည်။ သို့သော်လည်း အရိုအသေသာခံချင် ကြသည်။ သူများကို ရိုသေရကောင်းမှန်းမသိသောလူများမဖြစ်ဖို့တော့လို သည်။ လေးစားသမျှ ခံယူလိုလျှင်လည်း သူများကိုတော့ လေးစားတတ်ကြ မည်ဖြစ်သည်။ ကိုယ့်ကိုအသိအမှတ်ပြုခံချင်သူများသည် သူများကိုလည်း အသိအမှတ် ပြုတတ်ရမည်ဖြစ်သည်။ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုများကွာခြားလျှင် ကွာခြားမည်ဖြစ်သော်လည်း ထိုအခြေခံအချက်များ ကား လူ့အသိုင်းအဝိုင်းအတွက်တော့ မရှိမဖြစ်လိုအပ်လှသည်။ လူဆို သည် မှာလည်း အသိုင်းအဝိုင်းဖြင့်နေတတ်သောသတ္တဝါ (Social animals) ထဲတွင် အမြင့်မားဆုံးအုပ်စုဖြစ်သောကြောင့်လည်း ထိုအချက်များကို ဂရုစိုက်ရန်လိုအပ် သည်။ ယခုခေတ်မဆိုထားဘိ၊ ရှေးခေတ်ကကျင့်သုံးခဲ့သော သက်ဦးဆံပိုင်များ သည်ပင်လျှင် တိုင်းသူပြည်သားများကို မလေးမစားမလုပ်ရဲသောသာဓကများ ရှိခဲ့ကြသည်။ ထိုအချက်သည်လည်း တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လည်း ဆိုင်သောအချက် တစ်ချက်ဖြစ်သည်။

တတိယအချက်ကတော့ လူတွေကို မချုပ်ချယ်ပါနှင့်၊ လွတ်လပ်ခွင့် ပေးခြင်းဖြစ်သည်။ Freedom From servitude or to be able to choose ဖြစ်သည်။ ထိုအချက်သည် လွယ်မယောင်နှင့်ခက်နေသည်။ ထိုအချက်ကြောင့်လည်း တိုင်းပြည်များဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ ကြခြင်း ဖြစ်သည်။ အဖွဲ့အစည်းလိုက်လူတွေကို ချုပ်ချယ်ခဲ့သော ဖြစ်ရပ်များသည် ကမ္ဘာပေါ်တွင် အဖြစ်အပျက်များစွာ နိုင်ငံလိုက်ရှိခဲ့ကြသည်။ အထူးသဖြင့် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းဖြစ်သည်။ အဖွဲ့အလိုက် အာဏာအား ကိုးဖြင့် မလိုလားအပ်သောအနိုင်ကျင့်ခြင်းမျိုးဖြစ်သည်။ ထိုသို့ သော Oppressive Institutions များကြောင့် တိုင်းပြည်တိုးတက်မှု နောက်ကျကျန် ရစ်ခဲ့သည်။ ထု့ိအပြင် ဘာသာရေးနှင့်ပတ်သက်ပြီး ကြီးစိုးမှုများ၊ ဘုရားနေရာကို ဘုရားလူကြီးများ ဝင်ရောက်နေရာယူခြင်း သို့မဟုတ် Dogmatic Beliefs များ ကြီးစိုးနေသမျှလည်း ထိုသို့သောတိုင်းပြည်မျိုး သည် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ် တတ်ပါသည်။ ထိုသို့သောအခြေအနေ မျိုးမှ ရုန်းထွက်နိုင်ရန်အတွက်တော့ ဝိုင်းဝန်းအဖြေရှာမှသာဖြစ်နိုင်ပါသည်။ ထု့ိကြောင့်လည်း လွတ်လပ်မှုသည် အခြေခံဖြစ်လာသည်။ သက်ရှိ သတ္တဝါတို့၏ စဉ်းစားဆင်ခြင်တတ်သော ခေါင်း တွင် ပါးစပ်ပါသည်။ နားပါသည်။ မျက်လုံးလည်းပါသည်။ အမြင်ဖြင့်လည်း ဆုံးဖြတ်လု့ိမရသလို၊ အကြားဖြင့်လည်း မဆုံးဖြတ်နိုင်၊ ထု့ိအတူ မိမိအနေဖြင့် ငါတကော ကောပြောနေခြင်းထက်၊ ထောင်တတ်သောနားကိုလည်း အသုံးပြုခွင့်ပေးဖို့လိုသည်။ ထိုသို့သော နား၊ မျက်စိ၊ ပါးစပ်တို့ကို စနစ်တကျ အသုံး ပြုတတ်မည်ဆိုပါလျှင် လူမှုရေးပြဿနာအခက်အခဲများကို လွယ်ကူစွာ ဖြေ ရှင်းနိုင်သလို ထိုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေသည်။ ဖွံ့ဖြိုးမှု ဘောဂဗေဒအခေါ်အားဖြင့်တော့ "Development as Freedom" ဟုခေါ်သည်။


ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
JOB seekers Journal Vol.2, No.50

Subscribe Us