Tuesday, May 20, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၈ )

 

နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက်

ဆွန်ဇုက ဤသို့ အဆိုအမိန့်ရှိ၏ ... .. .
စစ်ရေးစစ်ရာ နည်းဗျူဟာအရ ပြောရလျှင် စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့် လူထုကို စုစည်းစည်းရုံးကာ စနစ်တကျ ဖွဲ့စည်းစစ်ဆင် ချီတက်ကြရပေသည်။ ဤသို့စစ်ဆင်ချီတက်တိုက်ခိုက်ရာတွင် သိထားရမည်မှာ .. 

ခက်ခဲကြမ်းတမ်းပြီး ဘေးဆိုက်နိုင်သော ကန္တာရမြေနေရာများတွင် တပ်စခန်းမချရ။ 
လမ်းဆုံလမ်းခွ နယ်ခြားဆုံဆည်းရာအရပ်တွင် နီးစပ်ရာတို့နှင့် ပူးပေါင်းမဟာမိတ်ဖွဲ့ပါ။  ဘေးအန္တရာယ်များသော လွင်တီးခေါင်အရပ်တွင် မရပ်နားရ။ ချောင်ပိတ်အဝိုင်း ခံရ မည့် အနေအထားမျိုးတွင် ရုန်းထွက်နိုင်အောင် ပရိယာယ် ဉာဏ်ဆင်တိုက်ပါ။

 သေရေးရှင်ရေး ဆိုးဝါးသောအနေအထားမျိုး ဆိုက်ရောက်လျှင် စွန့်လွှတ်စွန့်စား တိုက် ပါ။ အချို့မ်းကြောင်းကို ဖြတ်သန်းချီတက်ရန်မလို၊ အချို့ရန်သူ့တပ်ကို တိုက်ရန်မလို၊ အချို့မြို့ပြများကို တိုက်သိမ်းရန်မလို၊ အချို့နယ်မြေများကို ပြိုင်လုရန်မလို၊ အချို့ဘုရင့် အမိန့်တော်များကို လိုက်နာရန်မလို စသည့်ခြွင်းချက် ခွင့်အလမ်း အခြေအနေမျိုး တို့ရှိပေသည်။

စစ်သူကြီးများအနေနှင့် နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက် ပရိယာယ်များ၏ အကျိုးတရား များနှင့်တ်သက် ၍ ကောင်းစွာတတ်သိ ကိုင်တွယ်ကျင့်သုံးနိုင်ပါက စစ်တပ်ကိုဦးစီးဦးဆောင် စီရင်ခန့်ခွဲတတ်သည်ဟု ဆိုရပေမည်။

စစ်သူကြီးများအနေနှင့် နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက် ပရိယာယ်များ၏ အကျိုးတရားများကို မသိမ ကျွမ်း မသုံးတတ်ပါက၊ ပထဝီမြေအနေအထားအကြောင်း သိထားသော်လည်း ၎င်းမြေအနေအထား၏ အခွင့် အလမ်းအကျိုးကျေးဇူးများကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။

စစ်တပ်ကိုကွပ်ကဲအုပ်ချုပ်ရာတွင် အလှည့်အပြောင်း(၉)ချက်နှင့် ပတ်သက်၍ ကိုင်တွယ်တတ်သိခြင်းမရှိလျှင် အထက်ဖော်ပြပါ ခြွင်းချက်အခြေအနေ အခွင့်အလမ်း ငါးရပ်၏ အကျိုးတရားများအကြောင်း သိထားပါသော်လည်းတပ်အင်အား ကို ကောင်းမွန် စွာ အသုံးချတတ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဉာဏ်ပညာရှိသူတို့ မည်သည်   တွေးတောကြံဆရာမှာ ကောင်းကျိုးဆိုးပြစ်တို့ကို ဒွန်တွဲနှိုင်းယှဉ် ထည့်သွင်းဆင်ခြင် သုံးသပ်တတ်ကြရပေမည်။

အရေးမလှသည့် အခြေအနေမျိုးမှာ ကောင်းကျိုးရလာဒ် ဖြစ်ထွန်းနိုင်မှုကိုပါ ထည့်သွင်း စဉ်းစား ဆင်ခြင် တတ်ခြင်းဖြင့် ချောမောမှုအောင်မြင်မှု ရလာနိုင်ပေလိမ့်မည်။ အရေး သာချောမွတ်သည့် အခြေအနေမျိုးမှာ အဆိုး အပြစ်တို့ကိုပါ ထည့်သွင်းစဉ်းစားဆင်ခြင် တတ်ခြင်းဖြင့် ဘေးအန္တရာယ် ပြဿနာများကို ကြိုတင်ဖြေရှင်း ကာကွယ် ဖယ်ရှားနိုင် မည်ဖြစ် သည်။

ရန်သူ့မြို့ပြနိုင်ငံမင်းများကို ဒုက္ခပေး ဒဏ်ခတ်ဖျက်ဆီးခြင်းဖြင့် ချိုးနှိမ်အနိုင်ယူပါ။ ရန်သူ့မြို့ပြနိုင်ငံမင်းများကို အလုပ်ရှုပ်အကျပ်ဆိုက်စေခြင်းဖြင့် ခယခစား လာအောင် ပြုလုပ်ပါ။ ရန်သူ့မြို့ပြနိုင်ငံမင်းများကို မက်လုံးပေးကျုံး သွင်းခြင်းဖြင့် စေလိုရာစေနိုင်အောင် လုပ်ပါ။ စစ်ရေးစစ်ရာ စီမံခန့်ခွဲရာတွင် ရန်သူတို့မလာနိုင်ဟု မျှော်လင့် တွက် ဆခြင်းအပေါ် အားကိုးအားထားမပြုရာ၊ မည်သို့ရှိစေ မိမိအနေနှင့် ရန်သူကိုရင်ဆိုင်ရန် အဆင်သင့်ပြင် အားဖြည့် ထားခြင်းအပေါ်၌သာ အားပြုတည်မှီရာ၏။ ရန်သူတို့ တိုက်လာမည်မဟုတ်ဟု မျှော်လင့်ယူဆခြင်းအပေါ် အားကိုး အားထားမပြုရာ၊ မည်သို့ ရှိစေ မိမိ၏တပ်အင်အားကို တောင့်တင်းစေပြီး သူတစ်ပါးဖြိုခွင်းမရနိုင်အောင် အားဖြည့် အသင့်ပြင်ဆင်ထားခြင်း အပေါ်၌သာ အားပြုတည်မှီရာ၏။

စစ်သူကြီးတပ်မှူးများအဖို့ ဖြစ်ပေါ်နိုင်သော အန္တရယ်ကြီးငါးမျိုးရှိ၏ ... .. . ယင်းကား• တဇောက်ကန်း အသေခံတိုက်ခြင်းဖြင့် ရန်သူ့ကျော့ကွင်းမိပြီး အသတ်ခံရနိုင်သည်။

• သူရဲဘောကြောင်ပြီး အသက်ရှင်ခွင့်ရှိရေးကိုသာ ကြံဆခြင်းဖြင့် ရန်သူ့သုံ့ပန်းအဖြစ် ကျရောက်နိုင်သည်။

• စိတ်မြန်စိတ်တိုခြင်းဖြင့် ရန်သူတို့ ရန်စစော်ကား အကွက်ဆင်တိုက်ခြင်းကို ခံရနိုင် သည်။

• အရှက်အကြောက်ကြီးကာ ဂုဏ်သိက္ခာငဲ့လွန်းခြင်းဖြင့် ရန်သူတို့အသရေဖျက် ပရိယာယ်ဆင် တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။

• တပ်သားပြည်သူများအပေါ် ကြင်နာစိုးရိမ်စိတ်ကြီးခြင်းဖြင့် ရန်သူတို့လှည့်စားနှောင့် ယှက် တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။

ဖော်ပြပါ အကြောင်းရပ်ငါးမျိုးတို့သည်ကား စစ်သူကြီးတပ်မှူးများ ကျူးလွန် တတ်သောပြစ်ချက် အမှား များဖြစ်ပေသည်။ စစ်ကစားရာမှာ ကြုံတွေ့ရတတ်သော အန္တရာယ်ကြီး များပင်တည်း။ တပ်မကြီးတစ်ခုလုံး ပျက်သုဉ်းဆုံးရှုံးရခြင်းသည်လည်းကောင်း၊ စစ်သူကြီးတပ်မှူးများ ကျဆုံးသတ်ဖြတ်ခံရခြင်းသည်လည်း ကောင်း ယင်းအန္တရာယ်ကြီး ငါးမျိုးပေါ်တွင် မုချဆက်စပ်အကြောင်းရင်းခံနေသည်ကို တွေ့ရပေမည်။ ထို့ကြောင့် အသေအချာ သုံးသပ်ဂရုပြု သတိထားအပ်ပေသည်။

(နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက်၏ အနက်ဆိုလိုရင်းသဘောကား - စစ်ရေးစစ်ရာ နည်းပရိယာယ်များနှင့် ပတ်သက်၍ နယ်ဘက်နှင့် စစ်ဘက်မတူ ခြားနား အခြေအနေပေါ်မူတည်ပြီး၊ သာမန် စစ်ဥပဒေသ၊ နည်းဗျူဟာများကို လိမ္မာပျော့ပြောင်း စွာ လှည့်ပြောင်းကိုင်တွယ်တတ်ရမည်ဟု ဆိုလိုသည်။ အခြေအနေနှင့် လိုက်လျော ညီထွေ စိတ်တိုင်းကျလှည့်ပြောင့် ကျင့်သုံးတတ်ရမည်။ 

လှေနံဓားထစ် ပုံသေကားကျ မကျင့်သုံးရန်လည်း ဆိုလိုသည်။ နည်းဗျူဟာ အလှည့်အပြောင်း ပရိယာယ်များသည် မရေမတွက်နိုင်အောင် များပြားစွာရှိ၏။ ကိုးချက်ဟူသော ဆိုလိုရင်းမှာလည်း ကိန်းဂဏန်းအရေအတွက် များပြားခြင်းသဘောကို ဖော်ညွှန်းတင်စားခြင်းဖြစ်၏။) 

Subscribe Us