Monday, May 26, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၉)

 


စစ်ကြောင်းချီခြင်း

ဆွန်ဇုက ဤသို့မိန့်ဆို၏ …
စစ်ကြောင်းချီ၊ တိုက်ခိုက်၊ တပ်စခန်းချရာတို့တွင်လည်းကောင်း၊ ရန်သူ့အခြေအနေကို အကဲခတ် စုံစမ်းထောက် လှမ်းရာတွင်လည်းကောင်း ယေဘုယျ အားဖြင့် အောက်ပါ တို့ကို ဂရုပြု၍လိုက်လျောညီထွေစွာ လိုက်နာဆောင် ရွက် တတ်ရမည်ဖြစ်သည်။ ၎င်းတို့မှာ … တောင်များကိုဖြတ်ကျော်ရာတွင် တောင်ကြားလျှိုကြား စိမ့်စမ်းနှင့်မြက် ပေါရာ လမ်းကြောင်းအတိုင်းချီတက်ပါ။ အမြင်ရှင်းအသာစီးရှိရာ နေရောင်ရသော ကုန်းမြင့်မှာစခန်းချ ပါ။ တောင်ပေါ်အမြင့်မှာရှိသော ရန်သူကို မော့လှန်တက်မတိုက် ပါနှင့်။ ယင်းကား တောင်ပေါ်တိုက်ပွဲဆင်ရာ၌ တပ်အင်အားအနေအထား စီရင်ရပုံ တည်း။


မြစ်ချောင်းများကို ဖြတ်ကူးချီတက်ရာတွင် ကမ်းတက်ရေစပ်နှင့် ခပ်ဝေးဝေးနေရာ ၌သာ ရွေး၍စခန်းချပါ။ ရန်သူ များ မြစ်ချောင်းဖြတ်ကူးလာလျှင်၊ ရေထဲအထိ သွားရောက် ရင်ဆိုင် မတိုက်ခိုက်ပါနှင့်၊ ရန်သူတပ်များ ကမ်းစပ် တစ်ဝက်တ ပျက်ရောက် ချိန်မှာ ဆီးတိုက်ပါ၊ အကျိုးဖြစ်ထွန်းမှုရှိနိုင်ပေသည်။ တိုက်ခိုက် လိုဇောပြင်း ထန် ပြီး မြစ်ရိုးတလျှောက် အနီးကပ်တပ်ခင်း၍ ရန်သူကိုရင်ဆိုင်စောင့် ဆိုင်း မတိုက်ခိုက်ပါနှင့်။ အမြင်ရှင်းအသာစီး ရှိရာ နေရောင်ရသော အမြင့်အရပ်မှာ စခန်းချပါ။ ရန်သူရှိရာကို မြစ်ကြေကနေ ဆန်မတိုက်ပါနှင့်။ မြစ်ညာ မှာရှိပါစေ။ ယင်းကား မြစ်ချောင်းများရာအရပ်၌ အင်အားအနေအထား ချထားစီရင်ရပုံတည်း။

ရွှံ့ညွံဗွက်တော၊ ကျတ်တီးပြင်များကို ဖြတ်ကျော်ချီတက်ရလျှင် အလျင် အမြန်ဖြတ်ေ ကျာ်ပါ။ စိုးစဉ်းမျှမနားပါနှင့်။ ရန်သူတို့နှင့် ၎င်းနေရာများ၌ ရင်ဆိုင်တိုက်ပွဲဖြစ် ရလေသော် ရေရှိရာမြက်ရှိရာ ချဉ်းကပ်ပြီး တောအုပ် ကိုကျောပေးထားပါ။ ယင်းကား ရွှံ့ညွံဗွက်တော၊ ကျတ်တီးပြင်များ၌ တပ်အင်အားအနေအထား စီရင်ရပုံ တည်း။

မြေပြန့် တိုက်ပွဲ၌ ပြန့်ပြူးညီညာပြီး သွားလာရလွယ်ကူသော မြေပြင်နေရာ ကို ရှေးဦး စွာရယူပါ။ အဓိကတောင်ပံ တပ်အင်အားချထားရာတွင် ကုန်းမြင့်ခင်တန်းများ ကို ကျောပြု ထားပါစေ။ ရှေ့နောက်နိမ့်မြင့် အနေအထားဖြင့် ရန်သူကိုရင်ဆိုင်ပါ။ ယင်းကား မြေပြန့်တိုက်ပွဲ၌ တပ်အင်အားအနေအထား စီရင် ရပုံတည်း။ အထက်ပါ တပ်အင်အားစီရင်ရပုံများကား ရှေးခေတ်ရှေးအခါက ဝမ်တိ အမည်ရှိသော ဧကရာဇ် ဘုရင်ကြီးသည် အခြားသောပြိုင်ဘက်ဘုရင်လေး ပါးတို့ကို အနိုင်ရလိုက်နိုင်သည့် အကျိုးရှိသောတပ်စီရင်ပုံ စစ်ဥပဒေသလေး ရပ် ဖြစ်ပေ သတည်း။

စစ်ကြောင်းချီရာတွင် တပ်စခန်းနေရာကို အမြင့်ကုန်းပိုင်းခြောက်သွေ့ရာ၌သာ ဦးစားပေးစီစဉ်စခန်းချပါ။ ဗွက်ထ စွတ်စိုသော အနိမ့်ပိုင်းနေရာမျိုးကို လုံးဝရှောင်ပါ။ အလင်းရနိုင်သည့် နေသာသောဘက်မှာ ရှိပါစေ၊ အုံ့မှိုင်း စိုထိုင်းသည့်နေကွယ် ရာဘက်ကို မရွေးပါနှင့်။ စခန်းနေရာမှာ ရေစာမြက်စာရိက္ခာပေါများပြီး ဖူဖူလုံ လုံထောက် ပို့နိုင်သည့် သယ်ယူပို့ဆောင်ရန် လွယ်ကူသောနေရာမျိုးဖြစ်ပါစေ။ တပ်တွင်း ၌လည်း ရောဂါဘယ ကင်းကင်း စင်စင်ရှိစေနိုင်သော် စစ်အောင်နိုင်ရေးအတွက် အာမခံချက်များရှိသည်ဟု ဆိုရပေမည်။

 တောင်ကုန်းကမူ၊ တာရိုးတာပေါင် မြေအနေအထားတို့တွင် နေရောင်ရှိပြီးအသာစီးရသည့်ဘက်ကို အခြေတည်၍ အဓိ ကတောင်ပံ အဖြစ်ထားမည့် အရန်တပ်များအား ၎င်းမြေအနေအထားကို ကျောထောက်နောက်ခံအဖြစ် အမှီပြုစေပြီး စခန်းချပါ။ ဤကား တပ်အတွက်အကျိုးရှိသော အစီအမံလည်းဖြစ်၊ မြေပထဝီအနေအထားကို အထောက် အကူအဖြစ် ရယူခြင်းလည်းဖြစ်ပေသည်။ မြစ်အညာဒေသ၌ မိုးသည်းထန်စွာရွာသွန်း မူ တောင်ကျရေစီး ကြမ်း ပြီး မြစ်ရေချောင်းရေလျှံကာ လှိုင်းတန်ပိုးထန်နိုင်ပေသည်။ မြစ်တွင်းချောင်း တွင်း ဖြတ်ကူးရန်အစီ အစဉ် ရှိသော် ရေကျရေငြိမ်အောင်စောင့်ပါ။

မြေပထဝီအနေအထားအရ အောက်ပါအရပ်ဒေသများကို ကြုံတွေ့ရတတ်၏။ 
ယင်းတို့မှာ …
အသူရာစမ်းချောင်း   
(တောင်ကမ်းပါးယံများအကြား မြစ်ရေစမ်းရေ အစီးကြမ်းသောအရပ်ဒေသ)

ငရဲချိုင့်ဝှမ်း   
(တောင်များမတ်စောက်စွာဝန်းရံပြီး အလယ်ချိုင့်ခွက်နေသော အကျဉ်းအကျပ်အရပ်ဒေသ)

ဝင်္ကပါထောင်ချောက် 
(တောင်စွယ်အထပ်ထပ်ရှိပြီး ဝင်္ကပါထောင်ချောက်သဖွယ် ဝင်ရလွယ်သော်လည်း ထွက်ရခက်ခဲသော အန္တရာယ်များသည့်အရပ်ဒေသ)

မရဏကွန်ရက် 
(ကွန်ရက်သဖွယ် ချုံနွယ်ပိတ်ပေါင်း ခရောင်းထူပြောသည့် ကြမ်းတမ်းသောဒေသ)

ဘီလူးဗွက်အိုင် 
(ရွှံ့ညွန်ဗွက်အိုင်ပေါပြီး ကျွံနစ်လွယ်သော အကျပ်အတည်းအရပ်ဒေသ)

သေမင်းတောင်ကြား 
(တောင်နှစ်ခုအကြား ရှည်လျားကျဉ်းမြောင်းသော လျှိုမြောင်လမ်းကြောင်းဒေသ)
ဖော်ပြပါအရပ်ဒေသများကို ကြုံတွေ့လာပါမူ မဖြစ်မနေအလျင်အမြန် ရှောင်ကွင်းချီတက်တတ်ရမည်။
 လုံးဝအနားမကပ်ပါနှင့်။

ကျွနု်ပ်တို့တပ်များသည် ဖော်ပြပါအရပ်ဒေသများကို ဝေးဝေးကရှောင်ပါ။ ရန်သူတပ်များကိုမူ ၎င်းအရပ်ဒေသများ သို့ ချဉ်းကပ်ဆိုက်ရောက်အောင် တွန်းပို့ပါ။ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ကျွနု်ပ်တို့တပ်သည် ဖော်ပြပါ အရပ်ဒေသများ တည်ရှိရာ၏ မျက်နှာချင်းဆိုင်ဘက်တွင်ရှိပါစေ၊ ရန်သူ့တပ်ကိုမူ ၎င်းအရပ်ဒေသများ တည်ရှိရာ ၏ ကျောပေးအနေအထားတွင် ကျရောက်ပါစေ။ စစ်ကြောင်းချီရာ စခန်းချရာတစ်လျောက် တွင် တောင်စွယ်   တောင်စောင်း၊ စိမ့်စမ်းအတားအဆီး အန္တရာယ်များသော ဒေသများ၊ ရေဝပ်ရေအိုင် မြေနိမ့်နွံတောဒေသများ၊ ကျူတောဗျိုက်တော ထူထပ်ရာဒေသများ၊ တောင်တောင် မြိုင်ဂနိုင် အုံ့ဆိုင်းရာဒေသများ၊ ချုံနွယ်ပိတ်ပေါင်း ရှင်သန်ရာဒေသများ စသည်တို့ကို ကြုံတွေ့ရလေသော် ရန်သူအားရှာဖွေရှင်းလင်းရေးကို အထပ်ထပ်အခါခါ အထူးဂရုပြု လုပ်ဆောင်ရပေမည်။ ၎င်းနေရာဒေသများတွင် ရန်သူများချောင်းမြောင်းချုံခို တိုက်ခိုက်တတ်၏။ သူလျှိုသူကန်များ ပုန်းအောင်းထောက်လှမ်းတတ်၏။

ရန်သူတို့သည် တစ်ဘက်နှင့်တစ်ဘက် အနီးကပ်ရင်ဆိုင်တိုက်ခိုက်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေ   သော်ငြားလည်း တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်းကား အရေးပါအသာစီးရသည့် မြေအနေအထားကို အားကိုး အားထားသောကြောင့် ဖြစ်ရာ၏။ ရန်သူများ အဝေးကနေပြီး စိန်ခေါ်လာပါမူ ရင်ဆိုင်ရမည့် ကျွန်ုပ်တို့တပ် ကို ရှေ့သို့မြူဆွယ်ကျုံးသွင်းလိုသော အကြံအစည်ရှိ၍ဖြစ်ပေလိမ့်မည်။ ရန်သူများ သွားလာလွယ်ကူရာ   မြေပြန့် အရပ်၌ စခန်းချထားပါမူ အခွင့်အလမ်းသာမှုရှိနေ၍ ဖြစ်ရာ၏။ တောအုပ်ကြီးတွင် သစ်ကိုင်းသစ်ခက် သစ်ပင်များ လှုပ်လှုပ်ယှက်ယှက်ရှိနေလျှင် ရန်သူတို့ လျှိုဝင်လာပြီမှတ်ပါ။ ချုံပုတ်မြက်တောများတွင် အရံအတားများ ချထား သည် ကို တွေ့ရပါမူ ထောင်ချောက်ဆင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားသည်မှတ်ပါ။ ကျေးငှက်များ တဖျပ်ဖျပ် လန့်ပျံလေသော် ရန်သူများ ချုံခိုတိုက်ခိုက်ရန် အောင်းနေချောင်းနေပြီဟုမှတ်ပါ။ သားရဲတိရိစ္ဆာန်များ လန့်ဖျပ်ပြေးလွှားနေသည်ကို မြင်ရသော် ရန်သူ့တပ်မကြီးသည် အလုံးအရင်းဖြင့် ရုတ်တရက်တိုက်ခိုက်ရန် ချီလာနေပြီဟုမှတ်ပါ။

 မြင့်မြင့်မားမား ထိုးထိုးထောင်ထောင်နှင့် ဖုန်တထောင်းထောင်းထနေသော် စစ်ရထားများ လာချေပြီဟုမှတ်ပါ။ အုံ့အုံ့ပြန့်ပြန့်နှင့် မြင်ကွင်းကျယ် ဖုန်လုံးထနေသော် ခြေလျင်တပ်ကြီး ချီလာပြီဟုမှတ်ပါ။ ပြောက်တိပြောက်ကျားနှင့် ဟိုတစ်ကွက်သည်တစ်ကွက် ဖုန်ထနေသော် ရန်သူတို့ထင်းခွေထင်းရှာနေသည် ဖြစ်ရာ၏။ ဖုန်အနည်းငယ်သာထပြီး ဟိုမှသည်မှ ရွေ့လျားနေလျှင် ရန်သူတို့စခန်းချနေပြီဖြစ်ရာ၏။ ရန်သူတို့ ရို့ရို့ကျိုကျိုး ဆက်ဆံလာပြီး တစ်ဖက်ကအပူတပြင်း အင်အားဖြည့်တင်းပြင်ဆင်နေလျှင် ထိုးစစ်ဆင်တော့မည်မှတ်။ ရန်သူတို့ မောက်မာကြမ်းတမ်းစွာ ဆက်ဆံလာပြီး လတ်တလောထိုးစစ်ဆင်မည့် ဟန်ရေးပြနေသော် ဆုတ်ခွာရန်ပြင်ဆင်လှုပ်ရှားနေပြီ ဖြစ်ကောင်းဖြစ်တတ်သည်မှတ်။ သွက်လက်ပေါ့ပါးသည့် စစ်ရထားများကို တပ်၏ဝဲယာစစ်နံတွင် နေရာယူထားသော် စစ်ဆင်ရန် တပ်ခင်းနေပြီမှတ်။ 

ကြိုတင်နားလည်မှုယူ ချိန်းဆိုထားခြင်းမရှိပဲ အပစ်အခတ် ရပ်စဲကျေအေးလိုကြောင်း ခယကမ်းလှမ်းလာပါမူ၊ ရန်သူတို့ အကောက်ကြံ ဉာဏ်နီဉာဏ်နက်ဆင်နေပြီမှတ်။ ရန်သူ့စစ်အင်အား စစ်ရထားများ ပြေးရင်းလွှားရင်း ဖုတ်ပူမီးတိုက် တပ်ဖြန့်ခင်းကျင်း စီစဉ်နေသော်၊ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲကြီးဆင်ရန် စောင့်စားနေပြီမှတ်။ ရန်သူ့တပ်များ ရှေ့တိုးမလို နောက်ဆုတ်မလိုဖြစ်နေဟန် စစ်ကစားနေပါမူ စစ်မြှူဆွယ်နေပြီမှတ်။ ရန်သူ့စစ်သည်များ လှံထောက်တုတ်ထောက် အမှီပြုရပ်နားနေပုံထောက်သော် ရိက္ခာပြတ်ငတ်နေပြီမှတ်။ ရေရှာခပ်သူတို့ ဦးစွာငမ်းငမ်းတက် ရေခပ်သောက်ပြီးမှ ရေခပ်သယ်ယူကြသည်ရှိသော် တပ်တွင်းရေပြတ်လပ်နေပြီမှတ်။ 

တစ်ဖက်ရန်သူအပေါ် အခွင့်ကောင်းအောင်နိုင်ကွက်များ တွေ့ငြားသော်လည်း မတိုက်မခိုက်နိုင်ဖြစ်ကာ လက်လွှတ်ရပုံထောက်သော် အားအင်ကုန်ခန်း စစ်ပန်းနွမ်းနယ်နေပြီမှတ်။ ငှက်အုပ်များ စခန်းပေါ်မှာ စုဝေးပျံသန်းနေသော် ၎င်းစခန်း၌ ဗလာနတ္ထိ ရန်သူများမရှိနိုင်တော့ပြီမှတ်ပါ။ ညအခါ ထိတ်လန့်စွာ အသံပေးသံ၊ အော်ဟစ်သံများ ကြားနေရလျှင် ရန်သူများ စိတ်ချောက်ချားနေပြီမှတ်ပါ။ တပ်တွင်းကသောင်းကနင်း ဖရိုဖရဲဖြစ်နေလျှင် တပ်မှူး၏ သြဇာအရှိန်အဝါ မညောင်းတော့ကြောင်း ထင်ပေါ်နေပြီမှတ်ပါ။ အလံတံခွန်များ စနစ်တကျမရှိ လှုပ်ရှားယောက်ယက်ခတ်နေလျှင် တပ်ပြိုတပ်ပျက်တော့မည့် လက္ခဏာမှတ်ပါ။ တပ်အရာရှိများသည် တစ်လျှောက်လုံး စိတ်ထန်စိတ်တိုဖြစ်နေရလျှင် တပ်တစ်ခုလုံး စစ်ပန်းကျနေပြီဟုမှတ်ပါ။ တပ်ရိက္ခာရေစာများကို စစ်မြင်းများချကျွေးနေခြင်း၊ သားသတ်စားနေကြခြင်း၊ စားဖိုသုံးအိုးခွက်များ မကျန်မချန်ပဲ စခန်းမပြန်အပြေးစွန့်ခွာနေခြင်း စသည်ဖြင့် ယင်းသို့အခြေဆိုက်နေသူတို့သည်ကား ကိုယ်လွတ်ရုန်း အသက်လုတိုက်ခိုက်မည့် သွေးရူးသွေးတန်း စစ်ရှုံးစစ်ပြေးများဟုမှတ်ပါ။

 ညင်သာအောက်ကျို့ ခင်မင်သောလေသံဖြင့် ငယ်သားများကို လိုက်လံဆက်ဆံပြောဆိုစည်းရုံးနေပုံထောက်လျှင် ခေါင်းဆောင်များသည် ယုံကြည်မှုမရ၊ သြဇာပျက်ယွင်းနေပြီမှတ်ပါ။ ရန်သူ့တပ်တွင်း၌ မကြာခဏ ဆုလာဘ်များ ချီးမြှင့်နေပုံထောက်လျှင် တပ်မှူးများ အကြံကုန်အကြံအိုက် လက်မှိုင်ချနေပြီမှတ်။ မကြာခဏ အကြိမ်ကြိမ် ဒဏ်ပေးအပြစ်ပေးနေပုံထောက်လျှင် တပ်တွင်းစစ်စည်းကမ်းရိုသေမှု ပျက်ပြားပြီး အကျပ်ဆိုက်နေပြီမှတ်။ တပ်မှူးများအနေနှင့် တပ်သားများအပေါ် ကနဦးပိုင်းတွင် ကြမ်းကြုတ်မောက်မာစွာ ဆက်ဆံတတ်ပြီး၊ နောက်ပိုင်းတွင် တပ်သားများပုန်ကန်လာမည်ကို စိုးရွှံ့ကြောက်လန့်ဖြစ်နေပုံပေါက်လျှင်၊ ၎င်းတပ်မှူးများသည်ကား လုပ်ရည်ဉာဏ်ရည် လွန်စွာညံ့ဖျင်းသည်ဟု ကောက်ချက်ချမှတ်ပါ။ 

မင်းစေတမန်စေလွှတ်ပြီး ကျေးဇူးပျူငှာ စကားအလင်္ကာများ ခင်းလာပါက ရန်သူများ ခေတ္တအနားယူလိုကြောင်း လက္ခဏာပြနေပြီမှတ်ပါ။ ရန်သူတို့သည် အားနှင့်အင်နှင့် ဒေါနှင့်မာန်နှင့် ထိပ်တိုက်ရင်ဆိုင်လာပြီး အချိန်အတန်ကြာသည့်တိုင်အောင် တစ်ဖက်ရန်သူကို ထိုးစစ်လည်းမဆင်မတိုက်၊ ဆုတ်ခွာတပ်ခေါက်၍လည်းမသွားသည့် အခြေအနေမျိုးကြုံတွေ့လာရပါက ၎င်းရန်သူကို ဂရုတစိုက်သေချာစွာ သုံးသပ်သတိထားရမည်။

စစ်တပ်အင်အားမှာ များလေကောင်းလေဟုမဆိုသာ။ လိုရင်းအချက်ကား ရန်သူကိုလက်နက်လက်ရုံး အားကိုးသက်သက် တဇောက်ကန်းမတိုက်ပါနှင့်။ တပ်အင်အားကို ကျစ်ကျစ်လျစ်လျစ် စုစည်းစုရုံး၊ ရန်သူ့အခြေအနေကို ပိုင်ပိုင်နိုင်နိုင် ထောက်လှမ်းသိရှိနိုင်အောင်လုပ်၊ လက်အောက်ငယ်သားများ၏ ယုံကြည်ထောက်ခံမှုကို အရယူသည်နှင့်အတူ အရည်အချင်းရှိသူတို့ကို လူမှန်နေရာမှန် ပီပီပြင်ပြင် မြောက်စားအသုံးချ စသည်ဖြင့် ယင်းကဲ့သို့စွမ်းဆောင်နိုင်သည်ရှိသော် စစ်ရေးအတွက် လုံလောက်ချေပြီဟုဆိုရပေမည်။ အမြော်အမြင် ကြိုတင်စဉ်းစား ဆင်ခြင်ဉာဏ်လည်းမရှိ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ရန်သူကိုလည်း အထင်အမြင်သေးတတ်သောသူသည် ရန်သူ့လက်တွင်းသို့ ကျရောက်အဖမ်းခံရမည်မှာ မလွဲဧကန်ဖြစ်သတည်း။

လက်အောက်ငယ်သားများ၏ ရင်းနှီးလေးစား ချဉ်းကပ်မှုမရရှိမီ ၎င်းတို့အားဒဏ်ခတ်အပြစ်ပေးပါက အမိန့်နာခံ ကျိုးနွံကြလိမ့်မည်မဟုတ်ပေ။ ထိုသို့မနာခံသည့်အလျောက် ၎င်းတို့ကိုလည်း စိတ်ချယုံကြည်စွာ တာဝန်ပေးနိုင် ဖို့ရာ ခက်ခဲပေလိမ့်မည်။ လက်အောက်ငယ်သားများ၏ ရင်းနှီးလေးစား ချဉ်းကပ်မှုကိုရရှိပါသော်လည်း၊ စည်းကမ်း ချမှတ် ပေးသင့်ပေးထိုက်သော ဒဏ်ခတ်အပြစ်ပေးခြင်းမျိုး မရှိပါက ၎င်းတို့သည်လည်း တာဝန်ပေါ့လျော့ ပြီး လက်တွေ့အသုံးမဝင်နိုင်ဖြစ်ချေမည်။ မေတ္တာအကြင်နာတရားနှင့်ယှဉ်၍ စည်းရုံးပညာပေးပါ။ စည်းမျဉ်းစည်းကမ်းဥပဒေများ ပြဌာန်းပြီး ထိန်းကွပ်အုပ်ချုပ်ပါ။ ဤသို့ဖြင့် လက်အောက်ငယ်သားတို့ ၏ လေးစား ချစ်ခင်မှုနှင့် ထောက်ခံအားပေးမှုကို မုချရရှိနိုင်မည်ဖြစ်၏။

အစဉ်တစိုက်အားဖြင့် အမိန့်စည်းကမ်းများကို တင်းတင်းကျပ်ကျပ် စနစ်တကျ ကိုင်တွယ်ဖော်ဆောင်ပြီး၊ စစ်သည် တို့ကို လေ့ကျင့်ပညာပေးနိုင်လျင်၊ ၎င်းစစ်သည်တို့ သည်လည်း အမိန့်စည်းကမ်းများကို အစဉ်ရိုသေ လိုက်နာ တတ်ကြပေလိမ့်မည်။ အစဉ် တစိုက်အားဖြင့် အမိန့်စည်းကမ်းများကို တင်းတင်းကျပ်ကျပ် အလေးထား လုပ်ဆောင်ခြင်းမရှိ၊ စစ်သည်များကို လေ့ကျင့်ပညာပေးနိုင်ခြင်းလည်းမရှိလျှင်၊ ၎င်းတို့သည်လည်း အမိန့် စည်းကမ်း များကို တစိုက်မတ်မတ် ရိုရိုသေသေ လိုက်နာ ကြလိမ့်မည်မဟုတ်ပေ။ အစဉ်တစိုက်အားဖြင့် အမိန့်စည်းကမ်းများကို အမြဲတစေ   သေဝပ်လိုက်နာအောင် စွမ်းဆောင်နိုင်ခြင်းကား တပ်မှူးတပ်သားများအကြား ရင်းနှီးဆက်ဆံမှု လိုက်လျောညီထွေ သင့်မြတ်ပြေပြစ်ကြောင်း ထင်ဟပ်ပြသနေ သည်ဖြစ်ရာ၏။ 


Subscribe Us