Sunday, March 09, 2014

ရှင်သန်ခြင်း

 နေသည် ပူပြင်းလွန်းလှသည်။ သူ့ ရင်မှ အပူကို မှီမည် မထင်။သားငယ် နှစ်ယောက် ၏ ကျူရှင်လခ မပေးနိုင်ခြင်း အတွက် ကျူရှင် မသွားချင်ဘူးဟု ငြင်းဆို နေသော အသံ များ၊ ဆယ်တန်းကျောင်းသူ သမီးကြီး ၏ အထူးထုတ်ဝယ်ရန် ပူဆာသံ များကို ကြားယောင်မိပြန် သည်။ နောက်ပြီး အထူးထုတ် တစ်အုပ်၏ တန်ဘိုး ……….။


     အလိုက်မသိတတ်ရန်ကောဟုတော့ အပြစ်မမြင်ချင်ပါ။ ရုံးမှ အရာရှိပေါက်စ သူ့  လစာနှင့် အထက်တန်း စာရေး သူ့  အမျိုးသမီး နှစ်ယောက်ပေါင်းလစာတို့ က သား သမီး သုံးယောက်ကို လူတန်းစေ့ ထားနိုင်အောင် မနည်းကြိုးစားရသည်။ အကြွေး စာရင်းတို့ ကို မသိချင်တော့၍ တခါတရံ အတိတ်မေ့ရောဂါပင် ရချင်သည်။

    
သက်ပြင်းကို အသာချမိသည်။ ပိုက်ဆံချေးရန် အကိုဆီ ရောက်သော်လည်း အကြောင်းမထူး။ ဆိုက္ကားခ ကုန်တာသာ အဖတ်တင်သည်။ အပြန်ခရီးကို မစီးချင်ပေ မဲ့ ဤလမ်းခရီးတွင် ဆိုက္ကားသာလျှင် ရှိပြန်သည်။ ဆိုက္ကားသမား ကတော့ နေပူ ထဲ တွင် သီချင်းညည်း မပျက်ပေ။ ၀ါသနာအတိုင်း သူ အနည်းငယ် စပ်စုလိုက် သည်။

     “ခင်ဗျား တနေ့ ကို အုံနာခ ဘယ်လောက် ပေးရလဲဗျ။ အုံနာခ ဖယ်ပြီးရင်ရော တစ်နေ့ ကို ဘယ်လောက် ကျန်လဲဗျ။ သိချင်လို့ ပါ။ ”

     “အုံနာခကတော့ တစ်နေ့ ကို ရှစ်ဆယ် ပေးရတယ်ဗျ။ တချို့ နေရာတွေမှာတော့ ကိုးဆယ်တောင် ဖြစ်နေပြီ။ အုံနာခ ဖယ်ပြီးရင် တနေ့ ကို သုံးလေးရာတော့ အနည်း ဆုံး ကျန်ပါတယ်။ စားပြီးသောက်ပြီးပေါ့။ တခါတလေ သုံးရာကျော်လောက် ရပြီးရင် ကျွန်တော် အိမ်ပြန် နားတော့တာပဲ။တချို့ လူတွေက ကျွန်တော်တို့ ကို ဆိုက္ကား သမား ဆိုပြီး အထင်သေးတတ်ကြတယ်။ ဂုဏ်မရှိပေမဲ့ မိသားစု ချောင်ချောင် လည်လည်
 နေနိုင် စားနိုင်ပါ တယ်။ ကျွန်တော်ဆို ကလေး ခြောက်ယောက် ရှိတယ်။ အကြီးဆုံး သမီးက တက္ကသိုလ်တက်နေပြီလေ ။ တစ်အိမ်လုံးကို ကျွန်တော်ပဲ ဆိုက္ကားနင်းကျွေး
နေတာ။ တစ်လကို တစ်သောင်းကျော်လောက်တော့ အသာလေးရှာနိုင်တယ်ဗျ။”

 နေပူထဲတွင် အားမာန်အပြည့်ဖြင့် နင်းနေသော ဆိုက္ကားသမားကို အထင်ကြီး
 လေးစားစွာသူ မော့ကြည့်မိသည်။ သူ့ကို ကြည့်ရင်း ကိုယ့်ရင်ထဲမှာတော့ နွမ်းလျလျ။

     အိမ်ပြန်ရောက်တော့ ပိုက်ဆံပါမလာ၍ မိန်းမက သိပ်မကြည်ပေ။ ခရီးစရိတ်ပါ ထပ်ကုန် တာမို့  ပိုပြီး ခံစား နေရပုံမျိုး။ သူ့ ကို ပြောမရတော့ ကလေးတွေဘက် လှည့်မဲတော့သည်။

     “စာကျက်ခိုင်းတာ မကျက်ပဲ လျှောက်ကစားနေကြတယ်။ အိမ်ပေါ်တက်ပြီး စာကျက်စမ်း။ စာတတ်မှ နင် တို့  ကောင်းကောင်း မွန်မွန် နေရမှာ။ စာမတတ်ရင် နင်တို့  ဆိုက္ကား နင်းရ လိမ့်မယ်။”

     သူမနေနိုင်စွာ တစ်ခွန်း ၀င်ပြောမိသည်။

     “အေး ဆိုက္ကားသမား ဖြစ်တော့လည်း ကောင်းသားပဲ မိန်းမရဲ့”

     “ကလေးတွေကို ဆုံးမနေတာ ရှင်က မဟုတ်တာတွေကို ဘာကိစ္စ ၀င်ပြောနေရ တာတုံး”

     ဟုတ်တာတွေ ပြောနေတာဟု ပြောလိုက်ချင်ပေမဲ့ မိန်းမနှင့် အငြင်းမပွား လိုသေး တာ က တစ်ကြောင်း၊ ကလေးတွေ ကို ဆုံးမနေချိန်မှာ ဖျက်စီးသလို ၀င်မပြောသင့် တာက တစ်ကြောင်း မို့  လောလောဆယ်မှာတော့ နှုတ်ပိတ် နေလိုက်ပါသည်။ ဆိုက္ကားသမား တစ်ယောက်၏ ၀င်ငွေ သည် စားဝတ်နေရေး ပြသနာများကို ဖြေရှင်း ရန် အတိုင်းအတာ တစ်ခုအထိ လုံလောက်ကြောင်း ကိုတော့ တချိန်ချိန်မှာ မိန်းမအား သိအောင် ပြောပြရပါ အုံးမည်။
                                                               
၁၉၉၇ ခုနှစ်၊ သြဂုတ်လ၊ သပြေ မဂ္ဂဇင်း
မေဇူး

Subscribe Us