Tuesday, November 19, 2013

ပညာရဲရင့် ပွင့်လယ်တင့်ခဲ့သူ (သို့) ဖိနှိပ်ခံတ့ို၏ ဂုဏ်ယူဖွယ်ရာ အမျိုးသမီး



၁၉၈၉-၉၀ ခုနှစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံအခြေအနေသည် ရှုတ်ထွေး ပွေလီလှသော ကာလပင် ဖြစ်သည် ဟု ပြောရပေလိမ့်မည်။ အမေရိကန်နှင့် နိုင်ငံတကာ ပညာရှင် အသိုင်းအဝိုင်းကြားတွင် လူသိများခဲ့သူ ၂၀ ရာစု ကုန်ခါနီး အရှေ့နှင့် အနောက်တို့၏ သံကန့်လန့်ကာအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဘာလင် တံတိုင်း ပြိုကျလုအချိန်၊  ညူကလီးယားလက်နက် နိုင်ငံတော်ကြီး ပြိုကွဲမှုကို စနစ်တကျ ပုံဖေါ်ဆောင်ရွက် ခဲ့သူ၊ ပုရိသတို့သာ အစဉ်တစိုက် ရယူထားခဲ့သော အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေးကိစ္စရပ်များ၊ ကမ္ဘာ့ရေးရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရင်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ လူမဲအမျိုးသမီး   ကွန်ဒိုလီဇာရိုက်စ်ပင်ဖြစ်သည်။

အမေရိကန်နိုင်ငံကဲ့သို့ ပညာရှင် အကျော်အမော် များပြားလှသော နိုင်ငံတွင် လူမဲ အမျိုးသမီးအနေဖြင့် အမေရိကန် နိုင်ငံ၏ ထိပ်တန်းနေရာ တခုကို မည်ကဲ့သို့ ရရှိခဲ့သည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

အသားရောင်ခွဲခြားမှု ထိပ်ဆုံးရောက်နေသည့် ကာလတွင် ကြီးပြင်းခဲ့ရသူ ရိုက်စ်ကို ဖခင် တရားဟော ဆရာနဲ့ အထက်တန်းပြ မိခင် ကျောင်းဆရာမတို့မှ အသားရောင် ခွဲခြားမှု ပြင်းထန်သည့် အယ်လ်ဘားမား   ပြည်နယ်တွင် မွေးဖွားခဲ့သည်။ အသားရောင် ခွဲခြားမှု ပြင်းထန်နေသော ကာလတွင် တဦးတည်းသော သမီးလေးအတွက် အနာဂတ်တွင်  လုံခြုံမှုပေးနိုင်မည့် အရာသည် ပညာရေးပင် ဖြစ်သည်ဟု မိဘနှစ်ဦး လုံးမှ ယုံကြည်ခဲ့ကြသည်။



ရိုက်စ်သည် သုံးနှစ်သမီး အရွယ်ကပင် စန္ဒယားကို သင်ကြားခဲ့ပြီး ကောလိပ် တက်ရောက်ခွင့်ရစဉ် ဂီတ ဘာသာရပ်ကို ယူခဲ့သည်။ သို့ရာတွင် ဂီတဖြင့် အသက်မွေးဝမ်းကျောင်း ပြုလောက်သည်အထိ ပါရမီမရှိဟု ယုံကြည်သဖြင့် အခြားဘာသာရပ် တခုကို သင်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ စန္ဒယား တီးခတ်ရာတွင် ကျွမ်းကျင်မှုတို့သည် ကမ္ဘာကျော် ပညာရှင်တဦး ဖြစ်လာရန် ပံ့ပိုးပေးခဲ့ပြန်သည်။

ကျောင်းသားတိုင်း ရင်ဆိုင်ရတတ်သည့် ဘာသာရပ်ဆိုင်ရာ ရွေးချယ်မှုပိုင်းတွင် ရိုက်စ်တစ်ယောက် အခက် အခဲ တွေ့ရပြန်သည်။ ဘ၀ တသက်တာ အသက်မွေးဝမ်းကျောင်း ပြုမည့် ဘာသာရပ်သည် သူ မကြိုက်သော   ဘာသာရပ် ဖြစ်ရန်လိုလာသည်ကို သတိပြုမိခဲ့သည်။ Deven တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်စဉ် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို စိတ်ဝင်တစား ရှိလာခဲ့သည်။

တရားဟောဆရာနဲ့ ဒင်ဗန် တက္ကသိုလ်၏ ဒုတိယ အဓိပတိ ဖြစ်လာသည့် ဖခင်ဖြစ်သူ၏ အပြုအမူဖြစ်သည့် မာနကြီးခြင်း၊ မိသားစုအပေါ် ချစ်ခင်တွယ်တာခြင်းတို့သည် ရိုက်စ်အဖို့ အတုယူစရာ ဖြစ်လာခဲ့သည်။

ပါရဂူဘွဲ့တက်ရောက် သင်ယူနေစဉ် ကြုံခဲ့ရသည့် ဆရာများထဲတွင် နာမည်ကျော် ပညာရှင်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလိန်း အောလ်ဘရိုက်၏ ဖခင် Dr. Korbel သည် သူမ၏ ဘဝအတွက် အထင်ကရ အရေးပါခဲ့သည်ဟု သူမကိုယ်တိုင် ဝန်ခံခဲ့သည်။  ဖခင်၏ မိတ်ဆွေ တဦးဖြစ်သူ သံအမတ်ကြီး Horace Dawson ၏ ဆက်သွယ်ပေးမှုကြောင့် နိုင်ငံခြားရေးဌာနတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့် ရှိခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ရုရှားဘာသာစကား သင်ကြားရန် မော်စကိုသို့ ထွက်ခွာခဲ့သည်။ နာမည်ကျော် RAND ကော်ပိုရေးရှင်းတို့တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ခဲ့မှု အတွေ့အကြုံတို့သည် သူမ၏ ဘဝတက်လမ်းအတွက် များစွာ အထောက်အပံ့ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ် အသက် ၂၆ အရွယ်တွင် ပါရဂူဘွဲ့ရပြီးနောက် RAND ကော်ပိုရေးရှင်းနှင့် စတန့်ဖို့ တက္ကသိုလ်တို့တွင် အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။



RAND ကော်ပိုရေးရှင်းနှင့် စတန့်ဖို့ တက္ကသိုလ်တို့မှ ကမ်းလှမ်းစဉ် မည်သည့် အလုပ်အား လက်ခံသင့်သည် ကို ဖခင်နှင့် တိုင်ပင်ခဲ့သည်ဟု သူမစာအုပ်တွင် အမှတ်တရ ဖေါ်ပြခဲ့သည်။ သူမဘဝခရီးတွင် ဖခင်ဖြစ်သူ၏ သြဇာ လွှမ်းမိုးခဲ့သည်ကို ဖေါ်ပြခဲ့သည့် သာဓကပင် ဖြစ်သည်။ ဖခင်ဖြစ်သူမှ “RAND ကော်ပိုရေးရှင်းနှင့် စတန်ဖို့ တက္ကသိုလ် တို့မှ တနှစ်လစာ ဘယ်လောက်ပေးမယ် ကမ်းလှမ်းလဲ” ဟု မေးမြန်းခဲ့သည်။ 

RAND ကော်ပိုရေးရှင်းမှ တနှစ်စာ ဒေါ်လာ (၂၆,၀၀၀) နှင့် စတန့်ဖို့ တက္ကသိုလ်မှ ဒေါ်လာ (၂၁,၀၀၀) ကမ်းလှမ်းခဲ့ပြီး ဖခင်ဖြစ်သူမှ လစာနည်းသည့် စတန့်ဖို့ တက္ကသိုလ်တွင် လုပ်ကိုင်ရန် အကြံပေးခဲ့သည်။ ရိုက်စ်မှ ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက် မှန်ကန်ပုံနှင့် အနာဂတ်တွင် နိုင်ငံ၏ ကြီးလေးသော တာဝန်ဖြစ်သည့် သမ္မတ၏ အမျိုးသား လုံခြုံရေး ကောင်စီအကြံပေး၊ နိုင်ငံခြားရေး ဝန်ကြီး တာဝန်များကို ထမ်းဆောင်နိုင်ရန် လမ်းခင်းပေးခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။

ငယ်ရွယ် နုနယ်စဉ်အတွင်း ပညာရပ်များကို စနစ်တကျ လေ့လာနိုင်ရန် အခွင့်အလမ်းသာခဲ့ပုံ၊ အကျော် အမော် ပညာရှင်များနှင့် တွေ့ဆုံ ရင်းနှီးခွင့် ရခဲ့ပုံ စသည်တို့သည် သူမအတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်းတရပ် ဖြစ်ခဲ့သည်။ စတန့်ဖို့ တက္ကသိုလ်နှင့် အခြားသော ကျောင်းတော်ကြီးတို့တွင် ဆိုဗီယက်ကျွမ်းကျင်သူ ပညာရှင် အဖြစ်လုပ်ကိုင်ရင်း ဂျော့ချ်ဘုရှ် စီနီယာ၏ လက်ထက်တွင် အမျိုးသား လုံခြုံရေးကောင်စီ၏ ဆိုဗီယက်နှင့် အရှေ့ဥရောပဆိုင်ရာ အကြံပေး ဖြစ်လာခဲ့သည်။ သူမ၏ ငယ်ရွယ်နု နယ်မှု ၊ ပညာရပ်ဆိုင်ရာတို့တွင် ကျွမ်းကျင် ပိုင်နိုင်မှုတို့သည် မဟာပုရိသာတို့သာ အစဉ်အမြဲရယူထား ခဲ့သည် သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး ဖြစ်လာရန် လမ်းခင်းလာခဲ့သည်။

ံH ၁၉၉၀ ကျော် ကာလ ဂျော့ချ်ဒဗလျူဘုရှ် စီနီယာ လက်ထက်တွင် အမျိုးသားလုံခြုံရေး ကောင်စီအဖွဲ့ဝင်၊ ဆိုဗီယက်နှင့် အရှေ့ ဥရောပရေးရာ အကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ကျော်နှစ်ကာလ များသည် အရှေ့ဥရောပ နိုင်ငံရေး အပြောင်းအလဲ၊ ဆိုဗီယက် ဆိုရှစ်လစ် သမ္မတနိုင်ငံ ပြိုကွဲပြီး၊ ဂျာမနီနိုင်ငံ   ပေါင်းစည်းရေးအတွက် ရရှာခေါင်းဆောင်များကို နားချခဲ့သူအဖြစ် နာမည်ကျော် ခဲ့သော အမျိုးသမီးပင် ဖြစ်သည်။

ဂျော့ချ်ဘုရှ် စီနီယာ လက်ထက်တွင် ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ အမေရိကန် ပြည်ထောင်စုသို့ လာရောက် လည်ပတ်စဉ် စတန်ဖို့ တက္ကသိုလ်သို့ ဝင်ရောက်လေ့လာခဲ့သည်။ သူမအနေဖြင့် တက္ကသိုလ်၏ ပါမောက္ခတဦး အနေဖြင့်လည်းကောင်း၊ အမျိုးသားလုံခြုံရေး ကောင်စီအကြေံပေး အဖွဲ့ဝင် အဖြစ် လည်းကောင်း သမ္မတဂေါ်ဘာချော့ နှင့်အတူ စင်မြင့်ပေါ်တွင် နေရာယူ ထားသည်ကို တွေ့မြင်ခဲ့ရသော ဖခင်သည် သူရည်မှန်းထားခဲ့သည် ပညာရဲရင့် ပွဲလည်တင့်သည့် သမီးဖြစ်သူ၏ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်မဆုံး ဖြစ်ခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ ဂေါ်ဘာချော့ အပြန်ခရီး လော့စ်အိန်ဂျလိစ်   လေဆိပ်တွင် နှုတ်ဆက်ရန် လေဆိပ်ပေါက်သို့ သွားရောက်စဉ် လုံခြုံရေးတို့၏ တားမြစ်ခြင်းကို ခံခဲ့ရသည်ကို ပြန်လည်ဖေါက်သည် ချခဲ့သည်။

လူမဲအမျိုးသမီးတဦးအနေဖြင့် သမ္မတ၏ ကျွမ်းကျင်သူပညာရှင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေ သည်ကို လုံခြုံရေး ဝန်ထမ်းတို့မှ ယုံကြည်ပုံမရဟု ဖေါ်ပြခဲ့သည်။ ဂျော့ရှ်ဒဗလျူဘုရှ် အကြီး ကလင်တန်ကို ရှုံးနိမ့်ပြီးနောက် သားဖြစ်သူ တက္ကဆပ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျူနီယာဘုရှ်၏ သမ္မတရွေးကေက်ပွဲ ဝင်နိုင်ရန် နိုင်ငံတကာ ရေးရာ ကိစ္စများကို သင်ကြားပေးရန်တောင်းဆိုမှု ရှိခဲ့သည်ဟု ဝန်ခံခဲ့သည်။ ဂျူနီယာ ဘုရှ် သမ္မတ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမေရိကန် အစိုးရအဖွဲ့၏ အဓိကအရေး ပါသည့်   နေရာဖြစ်သော အမျိုးသား လုံခြုံရေး ကောင်စီအကြံပေး ဖြစ်လာခဲ့သည်။

မိခင်ဖြစ်သူ ရင်သားကင်ဆာဖြင့် ကွယ်လွန်ပြီးနောက် ဖခင်ဖြစ်သူအပေါ် သံယောဇဉ် ပိုမိုကြီးမား ခဲ့သည် ဟု ပြောဆိုခဲ့သည်။ ဂျူနီယာဘုရှ်၏ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ခန့်အပ်ရန် ဖုန်းခေါ်စဉ် နာမကျန်း ဖြစ်သည့် ဖခင်ဖြစ်သူသည် သမီး၏ အောင်မြင်မှုအတွက် နှုတ်ဖြင့် ဂုဏ်ပြုစကားမပြောနိုင်ဘဲ မျက်ရည်များဖြင့် သက်သေခံခဲ့သည်ဟု ဖခင်၏ ဂုဏ်ယူမှုကို ဖေါ်ပြခဲ့သည်။ ရိုက်စ်အနေဖြင့် ဖခင်ဖြစ်သူ နာမကျန်း ဖြစ်နေသည့်အတွက် ဖခင်နှင့် ခွဲလျက် မနေနိုင်သည့်အတွက် ကနဦးတွင် အမျိုးသားလုံခြုံရေး အကြံပေး ရာထူးကို လက်မခံနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သော်လည်း သမ္မတဘုရှ်နှင့် သူမမိတ်ဆွေ တို့၏ ဖျောင်းဖြ ပြောဆိုမှုကြောင့် လက်ခံခဲ့ပုံ၊ သူမ ရာထူး လက်ခံပြီး မကြာမီ ဖခင်ကွယ်လွန်ခဲ့ပုံ စသည် တို့သည် အားကျဖွယ်ရာ ပညာရေးနှင့် နူးညံ့သော အမျိုးသမီးတဦး၏ ဘဝဖြစ်စဉ်တို့ပင် ဖြစ်သည်။

လူမဲအမျိုးသမီးတဦးအဖြစ် ပညာရှင်ဖြစ်ရန် ကြိုးစားခဲ့ရပုံ၊ လူဖြူများအလည်တွင် လက်မထောင်နိုင်သည် အဓိ မိဘ၊ မိတ်ဆွေ အသိုင်းအဝိုင်းတို့ ပံ့ပိုးခဲ့ကြပုံ၊ ဖခင်ကဲ့သို့ အောင်မြင်သော သာယာချမ်းမြေ့ဖွယ်   ကောင်းသော ကိုယ်ပိုင် မိသားစုဘဝကို တည်ဆောက်လိုသော်လည်း ပညာရပ်နယ်တွင် ပညာရှင် တဆူ ဖြစ်လိုသည့်အတွက် စွန့်လွှတ်ခဲ့ရပုံတို့သည် အောင်မြင်သော လူမဲအမျိုးသမီး၏ ဘဝအတက်အကျ ပုံရိပ်ပင် ဖြစ်တော့သည်။

Written by လှရွှေ 
ရည်ညွန်း။ Extraordinary, Ordinary and People, A memoir of family by Condoleeza Rice
မောက္ခ

Subscribe Us