Monday, October 07, 2013

ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ


တိရစ္ဆာန်များမှာ သက်ရှင်နေထိုင်မှုအတွက် အထူးတလည် လေ့ကျင့်သင်ကြားစရာ မလိုပါ။

        အပျံသင်ခြင်း၊ အစာရှာဖွေမှုအတွက် နည်းယူ မှတ်သားရခြင်း စသည်များကား ရှိပါ၏ ။ သို့သော် အနာဂတ်အတွက် မျှော်တွေးလုပ်ဆောင်ခြင်းမျိုး မဟုတ်။ ရည်ရွယ်ချက်ပါသော သင်ကြားမှုမျိုး မဟုတ်။ သဘာဝဗီဇသဘောအရ အလိုအလျောက် လုပ်ကိုင်မိကြခြင်းမျိုးသာ ဖြစ်၏ ။

        လူမှာကား မိမိရောက်ရှိ ရပ်တည်ရာ အရပ်ဒေသနှင့် ခေတ်ကာလတို့၏ တောင်းဆို ချက်နှင့် လျော် ညီစွာ သင်ကြားမှုအလုပ်ကို တမင်တကာ စဉ်းစားစီစဉ်၍ လုပ်ရပေသည်။ တစ်နည်းပြောလျှင် သူ၏ သင်ကြားမှုမှာ ရည်ရွယ်ချက်ပါသော သင်ကြားမှုမျိုး ဖြစ်သည်။

        “လူမှန်လျှင် အသက်မွေးဝမ်းကျောင်း အတတ်ပညာလေး တစ်ခုတော့ တတ်ထားမှ”

        “လယ်ယာကိုင်းကျွန်းလုပ်သူ ဆိုပေမယ့် သေစာရှင်စာလေးတော့ တတ်ထားမှ”

     
           “ဘွဲ့ကလေးတစ်ခုလောက်တော့ ရထားမှ လူရာဝင်မယ်”

        “ကွန်ပျူတာ သင်မထားရင် ခေတ်နောက်ကျမယ်”

        စသည့် တွေးတောမှုမျိုး၊ စိုးရိမ်ပူပန်မှုမျိုး၊ အလိုဆန္ဒမျိုးတို့မှတစ်ဆင့် ပညာသင်ကြားလိုသည့် ရည်ရွယ်ချက်များ ဖြစ်ပေါ်လာရသည်။

        ရည်ရွယ်ချက်သည် မိမိကိုယ်တိုင်၏ ဦးခေါင်းမှ ဖြစ်ပေါ်ချင် ဖြစ်ပေါ်မည်။ သို့တည်းမဟုတ် မိမိကို လွှမ်းမိုးသော မိမိမှီခိုနေရသော မိဘ၊ အုပ်ထိန်းသူ၊ ဆရာသမားတို့၏ ဦးခေါင်း၌ ဖြစ်ပေါ်မည်။ မည်သူ့ထံမှ စသည်ဖြစ်စေ လူဟူသည်ကား ပေါ်ဦးစမှသည် ယနေ့ထိတိုင် ရည်ရွယ်ချက် ရှိစွာ ပညာသင်ရသော သတ္တ၀ါတစ်ဦး ဖြစ်ခဲ့ပေသည်။


        ကနဦးခေတ်က လူသား သင်ကြားရသည့် အတတ်ပညာသည် ပမာဏအားဖြင့် သေးငယ်လှသည်။ ထို့ကြောင့်လည်း အသက် ၁၆ နှစ်ပြည့်လျှင် လူလားမြောက်ပြီဟု ရှေးက ဆိုကြခြင်း ဖြစ်သည်။ အမိအဘကို အားကိုး မှီခိုစရာ မလို။ မိမိဘာသာ ရပ်တည်နိုင်ပြီ။ မိမိကိုယ်ကို ကာကွယ်နိုင်ပြီ။ မိမိအမျိုးအနွယ်များ ဆက်လက်ပြန့်ပွားအောင် ဆောင်ရွက်နိုင်ပြီ။ မိမိမှ ပေါက်ဖွားမည့် လူမမယ်ကလေးများ ကို ပြုစုစောင့်ရှောက်နိုင် ပြီ။

        အသက် ၁၆ နှစ် ပြည့်မြောက်လျှင် လူတစ်ယောက် တတ်သင့် တတ်အပ်သည့် အခြေခံပညာများ အားလုံး ပြည့်စုံပြီ။ သည်အခြေခံပေါ်တွင် ဘ၀အတွေ့အကြုံသာ ထပ်ဆင့် ဖြည့်ဆည်းတော့။

        ယနေ့ခေတ်တွင်ကား အလွန်ရိုးစင်းသော ရှေးလူနေမှုစနစ်မျိုး ရှိသေးသည့် အရပ်ဒေသများက လွဲလျှင် မည်သည့်နေရာတွင်မှ ၁၆ နှစ်နှင့် လူလားမမြောက်နိုင်ကြတော့။ မြို့ပြနေလူသားတစ်ယောက် သည် လူတန်းစေ့ ဘ၀ရပ်တည်ရေးအတွက် လိုအပ်သည့် ပညာအစုစုကို အသက် ၁၆ နှစ်မျှနှင့် မရနိုင်တော့။

        သတ္တဗေဒအရ လူလားမြောက်သည်။ အသိပညာ အတတ်ပညာအရ လူလားမမြောက်။

        လူ့အသိုင်းအ၀ိုင်း၏ ဥပဒေစည်းကမ်း ထုံးဓလေ့များကလည်း သူ့ကို လူလားမြောက်သူအဖြစ် လက်မခံ။ မဲဆန္ဒပေးခွင့် မပြု၊ ရာထူးဌာနန္တရများတွင် ၀င်ရောက် အရွေးချယ်ခံခွင့် မရှိ။ အိမ်ထောင်ပြုလျှင် သားသမီး မွေးနိုင်သော်လည်း သူ့အား အိမ်ထောင်ပြုလောက်သူ ဟူ၍ မယူဆ။


လူ့ယဉ်ကျေးမှုစနစ် တိုးတက်လာသည်နှင့်အမျှ လူသည် လူတန်းစေ့ ဘ၀ရပ်တည်မှုအတွက်ပင် ပညာကို တိုး၍ တိုး၍ သင်ကြားလာရသည်။ လူတန်းစေ့ထက် ခေါင်းတစ်လုံးသာလိုသူကား ခေါင်းတစ်လုံးစာ ပို၍ လေ့လာဆည်းပူးရသည်။

        ကံကြမ္မာနှင့် ပတ်ဝန်းကျင် အထောက်အပံ့ချင်းသာ မကွာက ဘ၀အနိမ့်အမြင့်က ပညာပေါ်တွင် လုံးဝ မူတည်လာသည်။

        ထို့ကြောင့် မိမိဘ၀ကို မိမိတန်ဖိုးထားသူ၊ အများကြားတွင် အအောင်မြင် အမြင့်မားဆုံး ဖြစ်လို သူများ သည် ပညာကို သဲသဲမဲမဲ ဆည်းပူးလေ့ကျက်လာသည်။ တစ်နည်းပြောရသော် ဦးခေါင်းထဲတွင် ပုံအော ရင်းနှီးမြှုပ်နှံလာကြခြင်း ဖြစ်သည်။

        ပညာကို ကျောင်းမှာ ရှာသည်။ ပြင်ပမှ ရနိုင်သမျှလည်း လေ့လာသိုမှီးသည်။ တက္ကသိုလ်မှ ဘွဲ့ရခြင်း သည် ပညာသင်မှု၏ နိဂုံး မဟုတ်တော့။ ကိုယ်တိုင် ဆက်လက်ဆည်းပူးလေ့လာရန် အခြေခံသာ ဖြစ်လာ သည်။

        သမိုင်းပညာရှင်ကြီး အက်ဒွပ်ဂစ်ဘွန်က “လူတိုင်းမှာ ပညာရေးနှစ်ခု ရှိသည်။ တစ်ခုက အခြားသူများ ထံမှ ရသော ပညာရေးဖြစ်၍ ပိုအရေးပါသော နောက်တစ်ခုက ကိုယ့်ကိုကိုယ် ပေးသော ပညာရေး   ဖြစ် သည် ” ဟု ဆိုခဲ့သည်။ တစ်နည်းပြောရလျှင်

        ကျောင်းသင်ပညာနှင့် ကိုယ်တိုင်ရှာပညာ။

        အချို့လူများမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာ ချို့တဲ့ခဲ့သော်လည်း ကိုယ်တိုင်ရှာပညာ အားကောင်းသဖြင့် တက္ကသိုလ် ပညာတတ်များနှင့် ပခုံးချင်း ယှဉ်နိုင်ကြသည်။ အောင်မြင်သူများ ဖြစ်ခဲ့ကြ သည်။

        အေဗရာဟမ် လင်ကွန်းသည် ကျောင်းမည်မည်ရရ မနေဖူးသော်လည်း မိမိဘာသာ လေ့လာ သင်ကြားရင်း ဥပဒေပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူ့တိုင်းပြည်၌ ထိပ်ဆုံးအဆင့်ဖြစ်သည့် သမ္မတရာထူးကို သူ ရခဲ့သည်။

        ကျောင်းပညာ သုံးလသာ သင်ဖူးသော သောမတ်(စ) အက်ဒီဆင်သည် ပစ္စည်းကိရိယာ အမျိုးပေါင်း ၁၀၀၀ ကျော် တီထွင်နိုင်သည့် သိပ္ပံပညာရှင်ကြီး ဖြစ်ခဲ့သည်။ လူသားထုအပေါ် သူ့တီထွင်မှုများ၏ အကျိုးကျေးဇူး ကြီးမားလွန်းသဖြင့် သူ အသက်ရှင်နေထိုင်ခဲ့သည့် ခေတ်ကို “အက်ဒီဆင်ခေတ်” ဟူ၍ ဂုဏ်ပြု ချီးကျူးပြောဆိုခဲ့ကြသည်။

        မိမိဘာသာ ပညာရှာရာဤ ထူးချွန်လွန်းသည့် ပညာရှင်ကြီး အက်ဒီဆင်က သူ့အရည်အချင်းကို ဤသို့ နှိမ့်နှိမ့်ချချ ပြောဆိုခဲ့သည်။

        “ကျွန်တော်က တီထွင်သူ အစစ်မဟုတ်ဘူးဗျ၊ လုံးလုံးလျားလျား ကျွန်တော့်လက်ရာ စစ်စစ်လို့   ပြောနိုင် တာ ဓာတ်စက (Phonograph) တစ်ခုပဲ ရှိတယ်။ ကျွန်တော်က ရေမြှုပ်ဗျ၊ သိပ်အားကောင်း တဲ့ ရေမြှုပ်၊ ဘယ်နေရာက ထွက်လာတဲ့ စိတ်ကူးဖြစ်ဖြစ် ကျွန်တော့်ကိုယ်ထဲ စုပ်ယူလိုက်တာပဲ”

        အက်ဒီဆင်ကား ပညာ၌ ၀င်စားလွန်းသည့် ရာသက်ပန် စာသင်သားကြီးတစ်ဦး ဖြစ်ချေသည်။

ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံခဲ့သဖြင့် အကျိုးအမြတ် ကြီးမားစွာ ရရှိခဲ့သူများအကြောင်း သာဓကဆောင်စရာ များစွာ ရှိသည်။ သူတို့ ကျင့်သုံးခဲ့ကြသည့် မိမိကိုယ်ကို ပြုစုပျိုးထောင်ပုံ နည်းလမ်းများမှာလည်း စိတ်ဝင် စားစရာ အလွန်ကောင်းသလောက် အတုယူနည်းမှီးသူများအတွက် အကျိုးကျေးဇူး ကြီးမားမှာ သေချာသည်။

        နမူနာအဖြစ် ပုဂ္ဂိုလ်တစ်ဦးအကြောင်း ပြောပါမည်။

        ပုဂ္ဂိုလ်အမည်က ဘင်ဂျမင် ဖရန်ကလင်။

        ဘင်ဂျမင် ဖရန်ကလင် (Benjamin Franklin) (၁၇၀၆ - ၁၇၉၀) ကို စွယ်စုံပါရမီရှင် (multiple genius) ဟု ခေါ်လေ့ရှိကြသည်။ သည်လို ခေါ်ရလောက်အောင်လည်း သူ ကျွမ်းကျင်သော ဘာသာရပ်တွေ က များလှသည်။ ဘယ်အကြောင်းရပ်မဆို အနည်းအကျဉ်းစီတော့ သူ သိသည်ဟု ဆိုနိုင်လောက်အောင် လည်း နှံ့စပ်သူ ဖြစ်သည်။ သူ စိတ်ဝင်စားသော အကြောင်းအရာတွေက အကန့်အသတ်မရှိဟုပင် ဆိုနိုင်သည်။

        သူသည် ဆပ်ပြာချက်ခြင်း၊ စာပုံနှိပ်ခြင်း၊ ဂေါ်ဖီထုပ်စိုက်ပျိုးခြင်း စသည်တို့တွင် စိတ်ဝင်စားသကဲ့ သို့ နိုင်ငံရေး လူမှုရေးဘက်တွင်လည်း ထက်သန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုကြီးကို စတင် တည်ဆောက်ခဲ့ကြသူများတွင် သူ ရှေ့တန်းက ပါဝင်သည်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းနှင့် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ အပါအ၀င် သူ့နိုင်ငံသမိုင်း၌ အရေးကြီးဆုံး စာချုပ်စာတမ်းကြီး လေးခုတွင် သူ လက်မှတ်ရေးထိုးခဲ့သည်။

        လျှပ်စစ်ဓာတ်များအကြောင်း အစောဆုံး စူးစမ်းလေ့လာ ဖော်ထုတ်ခဲ့ကြသူများထဲတွင် သူ ပါဝင်သည်။ မိုးကြိုးလွှဲ၊ ဖရန်ကလင် မီးဖို၊ အနီးအဝေးကြည့် မျက်မှန် စသည်တို့ အပါအ၀င် ပစ္စည်းကိရိယာ အများအပြား ကိုလည်း တီထွင်ခဲ့ရာ အမေရိကန်ပြည်၌ သောမတ်(စ) အက်ဒီဆင် မတိုင်မီ ခေတ်တစ်လျှောက်လုံးတွင် ပြိုင်ဘက်ကင်းသော တီထွင်သူ ပညာရှင်အဖြစ် သတ်မှတ်ခြင်းခံရသည်။ ဘက်စုံ ထူးချွန်လွန်းသူဖြစ်၍ သူ့အား သူ့ခေတ်ကာလ အမေရိကန်ပြည်၏ အကြီးကျယ်ဆုံး လူသား၊ ပြည့်ကျက်သရေဆောင် ပုဂ္ဂိုလ် စသည်ဖြင့်လည်း ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြသည်။


အဲသည် ဖရန်ကလင်ကို ၁၇၀၆ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့၌ မွေးသည်။ ညီအစ်ကို မောင်နှမ ၁၇ ယောက်ထဲမှာ သူက နံပါတ် ၁၅ ဖြစ်သည်။ မိဘများက ရိုးသားကြိုးစားကြ သူများ ဖြစ်သည်။ ဆပ်ပြာချက်သည်၊ ဖယောင်းတိုင် လုပ်သည်၊ ပြီး ကိုယ်ပိုင်ဆိုင်မှာ တင်ရောင်းသည်။ သို့သော် သားသမီးတွေ များလွန်းတော့ အားလုံး ပြည့်ပြည့်၀၀ ကျွေးမွေးသုတ်သင် ပညာသင်ရန် မတတ်နိုင်။

        ဘင်ဂျမင် ဖရန်ကလင်ကို ကျောင်းမှာ နှစ်နှစ်ပဲ ထားနိုင်သည်။ ကျောင်းတွင် ဖရန်ကလင်က စာအဖတ် မှာ အလွန်တော်သည်၊ အရေးမှာ သင့်သည်။၊ အတွက်မှာတော့ ညံ့သည်ဟု ဆိုသည်။ ခြုံကြည့် လျှင်တော့ မဆိုး။ ကျောင်းဆက်ထားရန် သင့်သော ကလေးမျိုး။ သို့သော် စီးပွားရေး အခြေအနေ မပေး သဖြင့် ဖခင်က သူ့အား အသက် ၁၀ နှစ်သားမှာပင် ကျောင်းထုတ်လိုက်ရသည်။ သည်အရွယ်မှ စကာ အိမ်မှာ ဖယောင်းတိုင်အလုပ် ဆပ်ပြာချက်သည့်အလုပ်များ ၀င်ကူရသည်။

        သို့သော် ဖရန်ကလင် စိတ်အားမငယ်။ ကျောင်းသာ မတက်ရသော်လည်း သူ့ပညာရေးက ဆုံးခန်း မတိုင်ခဲ့။ ကျောင်းတံခါးသာ သူ့အတွက် မဖွင့်ဟခြင်း ဖြစ်သည်၊ အသိပညာတံခါးကတော့ ဘယ်တော့မှ ပိတ်မသွားဟု သူ စွဲမြဲ ယုံကြည်ခဲ့သည်။

        အိမ်အလုပ်ကို ကူလုပ်ရင်း ရသမျှ စာကို သူ ဖတ်သည်။ အရေးအသား ကောင်းစေရန်အတွက် သူ့ခေတ်က ထင်ရှားသော သတင်းစာတစ်စောင်ကို စံထားပြီး အရေးကျင့်သည်။ အက္ခရာ သင်္ချာ၊ ဂဲသြမေတြီ၊ ရေကြောင်း အတတ်ပညာ၊ သဒ္ဒါ၊ ယုတ္တိဗေဒ၊ သဘာဝသိပ္ပံ၊ ရုပ်ပိုင်းသိပ္ပံ စသည့် ပညာရပ် များကို မိမိဘာသာ လေ့လာသည်။ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ စပိန်နှင့် လက်တင်ဘာသာများ ကိုလည်း ကိုယ်တိုင်ဆည်းပူးလေ့လာရင်း ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ ပညာရှာမှီးသည့်အလုပ်၊ လက်တွေ့ စမ်းသပ် အသုံးချသည့် အလုပ်တို့ကို တစ်သက်ပတ်လုံး လုပ်ခဲ့ရာ နောင်တွင် သူ့တိုင်းပြည်၌ ပညာဗဟု သုတ အကြီးမားဆု့း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။

        သူသည် မိဘအလုပ်ကို ကူလုပ်နေရာမှ အသက် ၁၂ နှစ်သားတွင် အစ်ကိုကြီးတစ်ဦးဖြစ်သူ ဂျိမ်း(စ်)၏ စာပုံနှိပ်စက်၌ အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ပုံနှိပ်သမားလုပ်ရင်း သတင်းစာများ တွင် ဆောင်းပါးများ ၀င်ရေးရာ သူ့စာများကို လူကြိုက်များခဲ့သည်။ အသက် ၂၄ နှစ်တွင် ပင်ဆီလ်ဗေး နီးယားပြည် နယ် ဖီလဒဲလ်ဖီးယားမြို့၌ ကိုယ်ပိုင်သတင်းစာ ထုတ်သည်။ Poor Richard’s Almanac အမည်ဖြင့် အလွန်ထင်ရှားသော ပြက္ခဒိန်နီတိစာအုပ်များကို သူ့အသက် ၁၆ နှစ်မှ ၅၂ နှစ်အရွယ် အထိ နှစ်စဉ် ထုတ်ဝေသည်။

        ဖရန်ကလင်သည် လူမှုရေး နိုင်ငံရေးများတွင် လွန်စွာ စိတ်ဝင်စားခဲ့သော်လည်း ရာထူးအာဏာ ရရှိအောင်ကား ကြိုးစားလေ့ မရှိခဲ့။ သူ့တိုင်းပြည် အကျိုးရှိရေး၊ သူ အခြေချရာ ဖီလဒဲလ်ဖီးယားမြို့ကြီး တိုးတက်စည်ပင်ရေးတို့အတွက်သာ မပြတ်အားထုတ်သည်။

        အသင်းဝင်ကြေး လစဉ်ကြေးတို့ဖြင့် ရပ်တည်သည့် ကမ္ဘာ့ ပထမဆုံးသော စာကြည့်တိုက်ကို ၁၇၃၁ ခုနှစ်တွင် ဖီလဒဲလ်ဖီးယား၌ သူ ထူထောင်ခဲ့သည်။ ပြည်နယ်၏ ပထမဆုံးသော ပြည်သူ့ဆေးရုံနှင့် ပထမဆုံး တက္ကသိုလ်တို့ကိုလည်း သူပင် ဦးဆောင် အကောင်အထည် ဖော်ခဲ့သည်။ မီးဘေးကြီး မကြာခဏ သင့်ခဲ့သည့် ဖီလဒဲလ်ဖီးယားအတွက် မီးသတ်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းသည်။ ရာဇ၀တ်မှုများထိရောက်စွာ
 နှိမ်နင်း ကာကွယ်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ကို ပြုပြင်ဖွဲ့စည်းသည်။ မြို့တော် စည်ပင်ရေးလုပ်ငန်းများစွာ ကိုလည်း ကြံစည်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ဖီလဒဲလ်ဖီယားသည် ထိုစဉ်က ရှိသည့် အမေရိကန်ပြည်နယ် ၁၃ ခု အတွင်း ခေတ်မီတိုးတက်ဆုံးမြို့ ဖြစ်ခဲ့သည်။

        များပြားလှစွာသော လုပ်ငန်းနယ်ပယ်တို့တွင် သူ တီထွင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းငယ်ပေါင်း   မြောက်မြား စွာ ရှိသည့်အနက် ဦးနှောက်ဖြည့်တင်းရေးသမားတို့အတွက် ပို၍ စိတ်ဝင်စားဖွယ်ဖြစ်မည့် အရာတစ်ခုကို ရွေးထုတ် ဖော်ပြလိုသည်။
၁၇၂၈ ခုနှစ်၊ သူ့အသက် ၂၂ နှစ်တွင် ဖရန်ကလင်သည် သူ့အသိ မိတ်ဆွေများထဲမှ ဉာဏ်အထက်မြက်ဆုံး ပုဂ္ဂိုလ်အချို့ကို စုရုံးကာ ဂျန်တို (Junto) အမည်ရှိ အသင်းတစ်ခုကို ဖွဲ့စည်းသည်။ ရည်ရွယ်ချက်မှာ အသင်း သားအားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် စုပေါင်းဆောင်ရွက်ကြရန်ဖြစ်ပြီး Junto ၏ အဓိပ္ပာယ်မှာ လည်း အကျိုးတူလူစု ဟူ၍ပင် ဖြစ်သည်။

        ဂျန်တိုအသင်းသားများ တစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်း တွေ့ဆုံကြကာ ကိုယ်ကျင့်တရား ၊ နိုင်ငံရေး၊ သဘာဝသိပ္ပံ၊ စသည့် ဘာသာရပ်များနှင့် စပ်လျဉ်းသည့် နှစ်သက်ရာ ခေါင်းစဉ်တစ်ခုစီကို အသင်းသားတစ်ဦးချင်းက အလှည့်ကျ တင်ကာ ၎င်းကို ၀ိုင်းဝန်းဆွေးနွေးကြသည်။ သုံးလတစ်ကြိမ် အသင်း သားတစ်ဦးစီသည် မိမိနှစ်သက်ရာ အကြောင်းရပ်တစ်ခုခုနှင့် ပတ်သက်သည့် စာတမ်း တစ်စောင်စီ ရေး တင် ရသည်။ စည်းဝေးပွဲများတွင် အသင်းသားများ အကြိတ်အနယ် ဆွေးနွေးကြ ငြင်းခုံဝေဖန်ကြသည်။ သို့သော် ငြင်းခုံမှုသည် အနိုင်ရလိုမှုသက်သက် သို့မဟုတ် ငြင်းရလျှင်ပြီးရော ဟူသောသဘောသက် သက်ဖြင့် မဟုတ်ဘဲ၊ စူးစမ်းရှာဖွောလိုသော ဆန္ဒ၊ အမှန်တရားကို ဖော်ထုတ်သိမြင်လိုသော ရည်ရွယ် ချက်တို့ဖြင့် ငြင်းခုံခြင်းမျိုးသာ ဖြစ်ရမည်ဟူ၍ စည်းကမ်း သတ်မှတ်ထားကာ ၎င်းအတိုင်း ဖြစ်အောင်လည်း ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ကြသည်။

        ဆွေးနွေးငြင်းခုံကြရာ၌ ကျမ်းဂန် အထောက်အထားများလည်း အမြဲ ကိုးကား တင်ပြရလေ့ရှိရာ   နောက် တွင် ယင်းကိစ္စ ပို၍ အဆင်ပြေစေရန်အတွက် ၎င်းတို့ အမြဲ စည်းဝေးရာအခန်းတွင် ၎င်းတို့ တစ်ဦးချင်းပိုင် စာအုပ်စာတမ်းများကို စုဝေးထားရှိခြင်းဖြင့် စာကြည့်တိုက်တစ်ခု စတင်မိခဲ့သည်။ ၎င်းစာကြည့်တိုက်သည် နောင်ဖြစ်လာမည့် ဖီလဒဲလ်ဖီးယား စာကြည့်တိုက်ကြီး၏ ရှေ့ပြေး ဖြစ်ခဲ့သည်။

ဂျန်တိုအသင်းသားများ စုပေါင်းလေ့လာကြ၊ ညှိနှိုင်းဆွေးနွေးကြသည့် အကြောင်းအရာများကား အမျိုးပေါင်း စုံခဲ့သည်။ အသင်းသားများအတွက် ဖရန်ကလင် ရေးသားဖြန့်ဝေခဲ့သော မေးခွန်း ၂၄ ခုပါ ဆွေးနွေးရန် အကြောင်းအချက် လမ်းညွှန်စာကို ကြည့်လျှင် သူတို့ စိတ်ဝင်စားခဲ့သည့် ဘာသာရပ် နယ်ပယ်ကျယ်ဝန်းလှ ပုံကို သိမြင်နိုင်သည်။

        မေးခွန်းနမူနာတချို့ကို ကောက်နုတ်ဖော်ပြရလျှင်

•   သင်နောက်ဆုံးဖတ်ခဲ့သည့် စာအုပ် (အထူးသဖြင့် သမိုင်း၊ ကျင့်ဝတ်၊ ကဗျာ၊ ဆေးဝါး၊ ခရီးသွား၊ စက်မှုနှင့် အခြားဗဟုသုတဆိုင်ရာ) များထဲမှ ထူးထူးခြားခြား မှတ်သားလောက်စရာ သို့မဟုတ် ဂျန်တို အသင်းသားများအတွက် စိတ်ဝင်စားစရာ ဘာတွေရှိပါသနည်း။

•   သင် သိကျွမ်းသူများထဲတွင် များမကြာမီက စီးပွားရေးလုပ်ငန်း မအောင်မမြင်ဖြစ်သွားသူ တစ်စုံ တစ်ယောက် ရှိပါသလား။ အဘယ်အကြောင်းကြောင့် လုပ်ငန်းပျက်ရသည်ဟု သင် ကြားသိပါသနည်း။

•   မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ယောက် လုပ်ငန်း အောင်မြင်ကြီးပွားသည့်အကြောင်း သင် ကြားသိပါ သနည်း ။ အဘယ်ကြောင့် အောင်မြင်သည်ဟု သိရပါသနည်း။

•   လေးစားချီးကျူးဖွယ်၊ အတုယူဖွယ် လုပ်ရပ်တစ်ခု မကြာမီက ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အကြောင်း သင် ကြားသိထားပါသလား။ သို့မဟုတ် ကျွန်ုပ်တို့ သတိပြုစရာ သင်ခန်းစာ ယူစရာ အမှားတစ်ခုခု မကြာမီက ကျူးလွန်ခဲ့သူ တစ်ဦးဦးအကြောင်း သင် ကြားသိထားပါသလား။

•   အသောက်အစား မဆင်ခြင်ခြင်း၊ အလိုဆန္ဒကို ထိန်းချုပ်မှု မပြုခြင်း၊ စသည့် မကောင်းသော အမူအကျင့် များ၊ အသိဉာဏ်အဆင်ခြင် နည်းမှုများကြောင့် ဖြစ်သည့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တစ်စုံတစ်ရာသင် တွေ့ မိ ကြားမိပါသလား။

•   သင့်အသိအကျွမ်းထဲမှ မကြာမီက မကျန်းမာသူ ထိခိုက် ဒဏ်ရာရသူများ ရှိပါသလား။ ရှိပါက မည်သို့ကုသကြောင်း၊ မည်သည့်ဆေးဝါးများ သုံးစွဲကြောင်းနှင့် ယင်းဆေးဝါးကုသမှုတို့၏ အကျိုးအပြစ် များအကြောင်း သင် ကြားသိခဲ့ရပါသလား။

•   ဂျန်တိုအနေနှင့် လူသားတစ်ရပ်လုံးအတွက် ဖြစ်စေ၊ တိုင်းပြည်အတွက် ဖြစ်စေ၊ မိတ်ဆွေများအတွက်   ဖြစ်စေ၊ မိမိတို့ အသင်းသားများ ကိုယ်တိုင်အတွက် ဖြစ်စေ၊ အကျိုးပြုနိုင်မည့် မည်သည့်လုပ်ရပ် တစ်ခု   လောလောဆယ် သင် စဉ်းစားမိပါသလဲ။

•   ပြီးခဲ့သည့် အစည်းအဝေးနောက်ပိုင်းရက်များအတွင်း မြို့သို့ အသစ်ရောက်ရှိလာသည့် ပုဂ္ဂိုလ်များအနက် အားပေးကူညီထိုက်သူ တစ်ဦးတစ်ယောက် သင် သိရှိထားပါသလား။ သူ၏ စိတ်ဓာတ်စရိုက်၊ သူ၏   ကောင်းကွက် ဆိုးကွက်များနှင့် ပတ်သက်၍ သင် အကဲခတ်မိ ကြားသိမိသည်များ ရှိပါသလား။ ဂျန်တို အနေနှင့် ထိုသူ့အတွက် အကျိုးဆောင်နိုင် အားပေးနိုင်သည့် အနေအထားရှိသည်ဟု သင် ထင်မြင်ပါ သလား။

•   သင့်တိုင်းပြည်၏ ဥပဒေများထဲတွင် ဥပဒေပြုလွှတ်တော်သို့ ပြန်လည်ပြင်ဆင်ရန် တင်ပြသင့်သည့် ချို့ယွင်းချက် တစ်စုံတစ်ရာ သင် တွေ့ရှိထားပါသလား။ ရှိသင့် ရှိထိုက်သည့် အခြား  မည်သည့်ဥပဒေမျိုး လိုအပ်နေသည်ဟု သင် ထင်မြင်ပါသနည်း။

•   မကြာမီ ကာလအတွင်း တစ်စုံတစ်ယောက်သော သူက သင့်ဂုဏ်သိက္ခာကို ထိပါးခြင်းမျိုး ရှိခဲ့ပါသလား။ ဂျန်တိုအနေနှင့် မည်သို့ ကာကွယ် ဆောင်ရွက်ပေးနိုင်ပါသနည်း။

•   တစ်စုံတစ်ယောက်သောသူနှင့် ရင်းနှီးသိကျွမ်းခွင့် ရရန်အတွက် ဂျန်တိုအနေနှင့်ဖြစ်စေ၊ အသင်းသား တစ်ဦးဦးက ဖြစ်စေ ကူညီဆောင်ရွက်ပေးမှုမျိုး သင် အလိုရှိပါသလား။

•   သင် ရင်ဆိုင်နေရသည့် အရေးကိစ္စတစ်ခုခုအတွက် ဂျန်တို၏ အကြံဉာဏ်ကို လိုလားနေပါသလား။

လမ်းညွှန်မေးခွန်းများကို အကဲခတ်ကြည့်လျှင် ဂျန်တိုသည် စာအုပ်ထဲက အသိကို လက်တွေ့ဘ၀ထဲ၌ အထိရောက်ဆုံး အသုံးချသူများ၏ အသင်းအဖွဲ့တစ်ခု ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်၏ ။ ဘင်ဂျမင် ဖရန်ကလင်ရော သူ့မိတ်ဆွေများပါ ဂျန်တိုမှ အကျိုးကျေးဇူးကြီးစွာ ရရှိခဲ့ကြသည်။ ဒဿန၊ ကျင့်ဝတ်ဗေဒနှင့် နိုင်ငံရေးဘာသာရပ်တို့နှင့် ပတ်သက်လျှင် ဂျန်တိုသည် သူတို့နယ်ပယ်တစ်ခွင်၌ အကောင်းဆုံး ကျောင်းတစ်ကျောင်း ဖြစ်သည်ဟု ဖရန်ကလင်က ဆိုခဲ့သည်။

        ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်သူ ကနဦးအဖွဲ့ဝင် ၁၂ ဦးနှင့် စတင်ခဲ့သည့် ဂျန်တို သည် အသင်းသားများကိုယ်တိုင် နည်းတူ တစ်စထက် တစ်စ ကြီးထွားတိုးတက်ခဲ့ရာ စဖွဲ့သည် မှ နှစ်ပေါင်း ၄၀ ကျော်အကြာ ၁၇၆၉ ခုနှစ် ရောက်သောအခါ၌ အမေရိကန် တွေးခေါ်မြော်မြင်ရေး အသင်းကြီး (American Philosophical Society) ဟူ၍ ဖြစ်လာပြီး ထိုအချိန်၌ တိုင်းပြည်တွင် အလွန် ထင်ရှား   ကျော်ကြားနေပြီဖြစ်သော ဘင်ဂျမင် ဖရန်ကလင်ကိုယ်တိုင်ပင် အသင်းကြီး၏ ပထမဆုံးဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့ရပေသည်။

ဖေမြင့်

Subscribe Us