Thursday, May 07, 2020

တစ်ကမ္ဘာလုံးရှိ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှု အခြေအနေများကြောင့် တီဘီရောဂါဖြင့်သေဆုံးသူအရေအတွက် ပိုများလာဖွယ်ရှိ


ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း၌ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ထား လျက်ရှိရာ ယင်းသို့ကန့်သတ်ပိတ်ဆို့ထားရသည့်အခြေအနေများကြောင့် လာမည့် ၂၀၂၅ ခုနှစ်အရောက်တွင် တစ်ကမ္ဘာ လုံးရှိ တီဘီရောဂါခံစားနေရသူ ၁ ဒသမ ၄ သန်းနီးပါးအထိ ထပ်မံသေဆုံးနိုင်သည့် အန္တရာယ်ရှိနေကြောင်း လေ့လာမှု အသစ်တစ်ရပ်က မေ ၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆုတ်ကိုထိခိုက်စေသည့် ကူးစက်ရောဂါတစ်ခု ဖြစ်သည့် တီဘီရောဂါသည် ပျောက်ကင်းအောင်ကုသ နိုင်သော်လည်း နှစ်စဉ်နှစ်တိုင်းအဆိုပါရောဂါကူးစက်ခံရသူ ခန့်မှန်းခြေ ၁ဝ သန်းခန့်ရှိနေကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်က တီဘီရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိလူ ၁ ဒသမ ၅ သန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးခဲ့သူများထဲတွင် ကလေးငယ်နှစ်သိန်းကျော် ပါဝင်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားခဲ့သည်။


ထိရောက်သည့်ကုသမှုများရှိနေသော်လည်း ကမ္ဘာ့ တီဘီရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုအဖွဲ့ အနေဖြင့် လူနာအများစုကို ရောဂါပိုးစစ်ဆေးစမ်းသပ်မှု နှင့် ကုသမှုတို့ကို အတတ်နိုင်ဆုံးဗဟိုပြုလျက် ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုက ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့အစည်းများအား ပြည်သူလူထုအတွင်း အဝင် အထွက် အသွားအလာကန့်သတ်ပိတ်ဆို့မှုများ မဖြစ်မနေ ချမှတ်လုပ်ဆောင်ရန် လိုအပ်လာစေခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် လမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။

လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် လမ်းညွှန် ချက်ကြောင့် ကျန်းမာရေးစောင့်ရှောက်ရေးဝန်ထမ်းများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အားနည်းသူများအား စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အပြင် လူနာများအနေဖြင့်လည်း ဆေးကုသမှုဆက်လက်ရရှိရန် ခက်ခဲသွားကြောင်း သိရသည်။
ဘန်ကောက်ပို့စ်