မြဝတီ မေ ၂၃
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ မေ ၂၃ ရက်တွင် မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၆၀၄ ဦး ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ယနေ့ ပြန်လည်ဝင်ရောက်သူ ၆၀၄ ဦး သည် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ဘေးကင်းလုံခြုံစွာ အခက်အခဲမရှိ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်သည်။
ပြန်လည် ဝင်ရောက်လာသူ များအား ကျန်းမာရေးစစ်ဆေးမှုနှင့်အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင် အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေလ ၁ ရက်နေ့တွင် ၆၀၊ ၂ ရက်နေ့တွင် ၅၄ ဦး၊ ၃ ရက်နေ့တွင် ၁ ဦး၊ ၄ ရက်နေ့တွင် ၄၄ ဦး၊ ၅ ရက်နေ့တွင် ၂၃ ဦး၊ ၆ ရက် နေ့နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၈ ရက်နေ့တွင် ၁၀၀၊ ၉ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ ၁၁ ရက်နေ့တွင် ၁၃ ဦး၊ ၁၂ ရက် နေ့တွင် ၄၁ ဦး၊ ၁၃ ရက်နေ့တွင် ၁၆ ဦး၊ ၁၄ ရက်နေ့တွင် ၃၈ ဦး၊ ၁၅ ရက်နေ့တွင် ၁၂၀၊ ၁၆ ရက်နေ့တွင် ၇၆ ဦး၊ ၁၇ ရက်နေ့တွင် ၉၀၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်နေ့ တွင် ၆၄ ဦး၊ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက် ခြင်းမရှိဘဲ ၂၃ရက်နေ့ (ယနေ့) တွင် ၆၀၄ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၃၈၈ ဦးအထိ ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေလ ၁၃ ရက်နေ့မှ ၁၅ ရက် နေ့အထိ ပြန်လည်ဝင်ရောက် သူများနှင့် ၁၇ ရက်နေ့ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦးတို့ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသော သူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများ အနေဖြင့် ကချင် ပြည်နယ်မှ သုံးဦး၊ ကယားပြည်နယ်မှ တစ်ဦး၊ ကရင် ပြည်နယ်မှ ၃၅ ဦး၊ မွန်ပြည်နယ်မှ ၂၈ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၄၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၂၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဦး၊ နေပြည်တော်မှ ၂၅ ဦး၊ ရှမ်းပြည်နယ်မှ ၁၄ ဦး၊ တနင်္သာရီမှ သုံးဦး၊ ရခိုင်ပြည်နယ်မှ ခုနစ်ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၃၅ ဦး စုစုပေါင်း ၆၀၄ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)