ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး ပြန်လည်လက်ခံလျက်ရှိရာ မေ ၂၃ ရက်နှင့် ၂၄ ရက် ကလည်း မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး အဆိုပါ အလုပ်သမားများအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ဖြူစင်စေတနာ လူမှုရေးအဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖြူစင်စေတနာ လူမှုရေးအဖွဲ့၏ ခေါင်းဆောင် ဦးအောင်ဇော်ဝင်းက "အဓိကကတော့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်အဖြစ် မြဝတီမြို့နယ်ကို လာရောက်ကူညီ တာပါ။
ဒီလိုထောက်ပံ့မှုကို မေ ၂၃ ရက်က စလုပ်ပါတယ်။ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ လက်သည်းညှပ်တို့ ပါပါတယ်၊ အားလုံးပေါင်း ၂၂၇၅ စုံလောက် ရှိပါတယ်၊ နောက်တစ်ခုကတော့ အသွား အလာကန့်သတ် စောင့်ကြည့်စခန်းတွေမှာ လိုအပ် တဲ့ အကာအကွယ်ပစ္စည်းတွေ လှူပါတယ်။ တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ ၁၀၀၀၊ လက်အိတ်၊ နှာခေါင်းစည်းတွေပါပြီး လိုအပ်တဲ့ စောင့်ကြည့်စခန်းတွေကို ပေးပို့ထားပါတယ်"ဟု ပြောကြားသည်။
ထိုသို့ တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း သည့်အပြင် ပြန်လာသည့် အလုပ်သမားများထဲမှ ချို့တဲ့နွမ်းပါးသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ငါးသောင်းစီကိုလည်း လှူဒါန်းခဲ့ကြောင်း သိရ သည်။
"ပြန်လာတဲ့သူတွေထဲက နွမ်းပါးတဲ့ နေရပ်ပြန် ညီအစ်ကိုမောင်နှမတွေကို ငွေထောက်ပံ့မှု အစီအစဉ်အနေနဲ့ မြဝတီမှာ ၂၀၈ ဦးနဲ့ ၂၄၅ ဦးက လေးကေ့ကော်ဆိုပြီး တစ်ယောက်ကို ကျပ်ငါးသောင်း နှုန်းနဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးခဲ့ပါတယ်။ မနေ့ကဆိုရင် ရွှေမြဝတီမှာ ကန့်သတ်စောင့်ကြည့်ခံ နေတဲ့ အမှန်တကယ်ချို့တဲ့ပြီး လိုအပ်တဲ့လူတွေ အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဒီနေ့လည်း သက်ဆိုင်တဲ့ စောင့်ကြည့်စခန်းတွေက တာဝန်ခံ တွေက စိစစ်ပြီးတော့ လိုအပ်တဲ့လူတွေကို တစ်ယောက်ကို ကျပ်ငါးသောင်းနှုန်းနဲ့ ငွေကြေး ထောက်ပံ့မှုအစီအစဉ်လေး လုပ်ပေးနေပါတယ်။ အမျိုးသမီးအချို့ဆို ကိုယ်ဝန်ပါလာတာတွေ ရှိတယ်၊ ကလေးငယ်လေးတွေပါလာတာ တွေရှိတယ်၊ ဒါကြောင့် အမျိုးသမီးတွေကို ဦးစားပေးပြီးထောက်ပံ့ နေပါတယ်"ဟု ဦးအောင်ဇော်ဝင်းက ဆက်လက် ပြောကြားသည်။
မန်းသန်းရွှေမြင့်