ဘဝဟူသည်
ကျွနု်ပ်တို့ဖန်တီးသည့်အတိုင်း ဖြစ်ရ၏ ၊
ယခင်ကလည်း ဤသို့ ၊
နောက်လည်း ဤသို့ နှယ်ပင် ။
( ဘွားဘွား မိုးဇက် )
တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ ကျွန်တော်နှင့်နောက်ထပ်လူနာ တစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေ ရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာ
ရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီ ခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး ပက်လက် လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။ နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်း အုံးတွေဆင့်ကာကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြလေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း ...
အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ်ကန်ရှိသည် ။ ရေကန် ထဲမှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကြွေးကြသည်။ ကလေး အချို့က လှေကလေးတွေစီးနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြသည်။ မျက်ခင်းစိမ်းစိမ်းက အပြန့်
ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည်။
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နားထောင်ကာ ကိုယ်တိုင် ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်တော့်စိတ်ထဲ အသေး စိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်တော့်ခေါင်းထဲ အတွေး တစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကို စိတ်တိုင်းကျ ကြည့်ခွင့် ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အတွေး ဖြစ် သည်။
ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။သို့သော် သည်အတွေး ကို ဖျောက်နေသည့်ကြားမှ သူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြနေသည်။ ဘယ်နည်း နဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။ တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက် ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတဝါးဝါး လိုက်ရှာနေသည်။
ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အထိ စောင့်ကြည့်နေ သည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင် သို့ပြောင်းပေးနိုင် မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။သက်သောင့်သက် သာဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာကျွန်တော် ကြိုးစား ၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။
အမည်မသိ စာရေးသူ၏ The Window
ဖေမြင့် ဘာသာပြန်သည် ။