Tuesday, September 13, 2022

အဆင်း နဲ့ အတက် ဘယ်ဟာများလဲ

 


အဆင်းဆိုတာ 

အကုသိုလ်တရားကိုပြောတာ၊

အတက်ဆိုတာ

ကုသိုလ်တရားကိုပြောတာ။


လမ်းနှစ်လမ်းပေါ်မှာသွားနေတဲ့ သတ္တဝါ

တွေကိုနှိုင်းယှဉ်ကြည့်လိုက်တော့ အဆင်း

လမ်းကသွားကြတာက ပိုများနေတယ်၊၊

သူကသွားလို့လွယ်တယ်၊

လျောချလိုက်ရုံလေးပဲ၊အတက်လမ်းကို

သွားတဲ့ပုဂ္ဂိုလ်သတ္တဝါကသိပ်နည်းတယ်၊

သူက  ကြိုးကြိုးစားစား  တက်ရတာ  ဆို

တော့ စိတ်မနိုင်သူတွေများတယ်။


သတ္တဝါတွေဆင်းရဲနေကြတာ

က အမှန်တော့အဆင်းရဲလွန်းလို့ဆင်းရဲနေ

ကြတာ၊ဒုစရိုက် အကုသိုလ်အလုပ်တွေမှာ 

ကိုယ့် စိတ်ကို မထိန်းသိမ်းနိုင်ပဲ  အဆင်းရဲ

လွန်းလို့၊  အဆင်းရဲလွန်းရင်   ဆင်းရဲမယ်၊

အောက်ကျနောက်ကျ ဖြစ်မယ်၊ဘယ်မှာမှ

 အဆင့်မမီဘူး။


မြတ်စွာဘုရားက လက်သည်းခွံပေါ်

မှာမြေမှုန့်လေးတွေကို တင်ပြီးပြောတယ်-

"ချစ်သားရဟန်းတို့၊ချစ်သားတို့ 

ချစ်သမီးတို့...ဒီလက်သည်းခွံပေါ်က မြေ

မှုန့်လေးတွေနဲ့ဟောဒီမဟာပထဝီမြေကြီး

ပေါ်ကမြေမှုန့်တွေဘယ်မြေမှုန့်ကများသလဲ?

"မြတ်စွာဘုရား...နှိုင်းယှဉ်လို့

မရနိုင်အောင်ကွာခြားလှကြောင်းပါဘုရား"

"အေး...ဒီအတိုင်းပဲ၊ဘဝသံသရာရဲ့

အဆင်းလမ်း အတက်လမ်း နှစ်သွယ်မှာ 

အဆင်းလမ်းကိုလိုက်ကြတဲ့သတ္တဝါတွေ

က မဟာ  ပထဝီမြေကြီး   ပေါ်ကမြေမှုန့်

လောက်များတယ်"တဲ့။

    * အဆင်းအတက်၊ လမ်းနှစ်ဖက်၊

       ကွက်ကွက်မြင်အောင်ကြည့်၊

    * အဆင်းခေါ်ဆို  အကုသိုလ်၊

       ကုသိုလ်အတက်သိ၊

    * အဆင်းရဲက၊  ဆင်းရဲရ၊

       အောက်ကျ မည်ဟုသိ၊

    * ကုသိုလ်ကိုကိုင်၊ တက်ရောက်နိုင်၊

       ကိုယ်ပိုင်စွမ်းအားရှိ။

 

          တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက

              {  ယောဆရာတော်ကြီး  }

Subscribe Us