Saturday, August 25, 2018

ဘဝကို ကြိုးစားတည်ဆောက်ခဲ့ကြသော အိုးမဲ့အိမ်မဲ့များ (၁)



  ဘရေဟန် မာဖီ (Braheam Murphy)

ဘရေဟန်မာဖီတစ်ယောက် မြောက်ကာရိုလိုင်းနာ၊ ရှားလော့မြို့၊ ဟာဒင်းအထက်တန်းကျောင်း၏ ရက်ဘီဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ရစေမည်ဟု ကတိပေးသည်။ သို့သော် သူ့နည်းပြဆမ်ဂျီးနားက သူ့ကျောင်းပညာရေးအဆင့်ကို စစ်ဆေးလိုက်သည့် အခါတွင် သုံးစားမရလောက်အောင် အဆင့်တွေကျနေကြောင်း တွေ့လိုက်ရသည်။ မာဖီ အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်း ဆိုသည်ကို ဆရာဆမ်ဂျီးနားက လိုက်စုံစမ်းလိုက်သည့်အခါတွင် တပည့်ကျော်သည် ညအချိန်တွင် အိပ်စရာမရှိ။ လမ်းဘေးတွင် ဖြစ်သလို နေရာရှာကာ အိပ်နေရသူတစ်ယောက်ဟု သိလိုက်ရသည်။


မာဖီ့အမေက သူ ငါးနှစ်သားကတည်းက ကွယ်လွန်သွားပြီဖြစ်သည်။ သူ့ဖခင်က နောက်အိမ်ထောင်ပြုသည်။ သူတို့မွေးလာသည့် ကလေးကလည်း ကျန်းမာရေးမကောင်း။ သူတို့နေရသည့်အခန်းက ကျဉ်းကျဉ်း လေးဖြစ်ပြီး အစ်မဖြစ်သူကလည်း သူတို့နှင့် အတူလာနေသည်။


မာဖီသည် အချိန်ပိုင်း အလုပ်လုပ်ပြီး၊ အလုပ်က ပြန်လာလျှင် ဘောလုံးလေ့ကျင့်သည်။ သူ့တွင် ပြန်စရာ အိမ်မရှိ။ အိမ်ရှိတော့လည်း နေစရာ သူ့အတွက်မရှိသောကြောင့် ကိုယ့်ဘဝကိုယ်ကျောင်းပြီး ဖြစ်သလိုနေရရှာသည်။ လမ်းဘေးတွင်စား၊ လမ်းဘေးတွင် ကျောင်းစာလုပ်။ သူ့အတွက် မပြည့်စုံသောဘဝတွင် မျှော်လင့်ချက်လည်းကင်းဝေးပြီး ဘောလုံးကစားခြင်းကိုသာ အားထားနေမိသည်။


မာဖီသည် သူ့ဘဝအကြောင်း နည်းပြကို အားလုံး ဖွင့်ပြောလိုက်သည်။ သူ့ဘဝက ဘောလုံးကလွဲပြီး အားထားစရာမရှိကြောင်းလည်း ပြောပြရှာသည်။ နည်းပြနှင့် အတူနေထိုင်ခွင့်ပေးပြီး ဘောလုံးကစားပါရစေဟုလည်း တောင်းပန်ရှာသည်။ နည်းပြကလည်း သနားပြီး သူ့ကို လက်ခံထားလိုက်သည်။ သူ့အခြေအနေက တိုးတက်လာသည်။ ကျောင်းတွင်လည်း အဆင့်က 3.7 GPA လောက် တက်လာသည်။


သူ့ကို နည်းပြက နောက်တန်းတွင် ထည့်ကစားသည်။ ၂၀၁၈ ခုနှစ် မြောက်ကာရိုလိုင်းနားပြည်နယ် ချန်ပီယံဗိုလ်လုပွဲတွင် ဟာဒင်းအထက်တန်းကျောင်း အနိုင်ရသွားသည်။ ၁၉၅၀ ပြည့်နှစ်ကတည်းက ဆုနှင့်ကင်းဝေးခဲ့ရပြီး ယခုနှစ်မှ ဆုပြန်ရခဲ့ခြင်းဖြစ်သည်။ မာဖီ၏ ကစားကွက်များကို အမေရိကန် West Point စစ်တပ် လူသစ်စုဆောင်းရေးကကြည့်ပြီး သဘောကျသွားသည်။ မာဖီ့ကို သူတို့စစ်သင်တန်းကျောင်းက ပညာသင်ဆုပေးပြီး ခေါ်သွားသည်။ လမ်းဘေးတွင် အိပ်စရာမရှိသော ကလေးတစ်ယောက်သည် ဆရာတစ်ယောက်၏ ပြုစုပျိုးထောင်မှုကြောင့် ယခုဆိုလျှင် နာမည်ကျော် စစ်သင်တန်းကျောင်းကြီး၏ လက်ရွေးစင် ကျောင်းသားကြီးတစ်ယောက်ဖြစ်ရုံမက အားကစားသမားတစ်ယောက်လည်း ဖြစ်သွားခဲ့ရသည်။

THE VOICE - News Myanmar

Subscribe Us