Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၁)


ငှက်လောက ကို စွန့်ခွာခြင်း

 အချိန်သည်ကား နံနက်ခင်း။ သစ်လွင်သော နေမင်းသည် သိမ်မွေ့လှသော ပင်လယ်ပြင်၏ အိရရိလှိုင်း ငယ်များ ကို ရွှေအဆင်းတလက်လက်ဖြင့် ပြိုးပြက်တင့်လျှမ်းနေစေ၏။ ကမ်းခြေမှ တစ်မိုင်အကွာတွင် တံငါလှေ တစ်စင်း သည် ပင်လယ်ရေကို ဖက်နမ်းမွှေ့ယမ်းလျက်ရှိ၏။ ငှက်ဇင်ယော် အပေါင်းအဖို့ နံနက်စာ သစ်စည် ရိုက်သံသည် လေထုကို ဖြတ်ကျော်လာ၍ အကောင် တထောင်ကျော် ပါရှိသော ပင်လယ်ဇင်ယော် ငှက် တစ်အုပ် သည် ပေါ်လာ ပြီး အစာများကို သူ့ထက်ငါ တိုးဝှေ့ လုယက်နေ ကြကုန်၏။ ဇင်ယော်များအဖို့ ပျားပန်း ခပ်မျှ အလုပ် များသော နေ့တနေ့၏ အစပေတည်း။ သို့သော်လည်း ယောနသံဇင်ယော်မူကား လှေနှင့်လည်းမနီး ကမ်းနှင့်လည်းဝေးကွာသော နေရာတွင် သူချည်း တကောင်ထည်းတည်း အပျံလေ့ကျင့်နေလေ၏။ ပေတရာ အမြင့်ကောင်းကင်တွင် သူ့ ခြေထောက် များကို အောက် သို့ချ၍ နှုတ်သီးကိုမော့ကာ တောင်ပံများကို ကိုင်းညွှတ် လာအောင် ပြုလျက် ခက်ခဲနာကျင်စွာဖြင့် အပျံ လေ့ကျင့်နေ၏။ တောင်ပံများကို ကိုင်းညွှတ်လာအောင် ပြုလုပ်ခြင်း သည် အပျံနှေးခြင်းငှာ စွမ်းနိုင်လေ သည်။

သူ့မျက်နှာကို လေပြေလေညှင်း သာသာကလေး တိုးကာမျှ သာ ဖြစ်သည့်တိုင် အောင်လည်းကောင်း၊ ပင်လယ် သည် သူ့အောက်တည့်တည့်၌ တန့် ရပ်နေဟန် ရှိလာသည့် တိုင်အောင်လည်းကောင်း သူသည် အရှိန်ကို လျှော့ ၍ လျှော့၍ ချနေ၏။ သူသည် မျက်စိ များ ကို မှေးကာ ကြောက်ဖွယ်လိလိ စူးစူးစိုက်စိုက် ကြည့်လျက် အသက် အောင့်၍ တောင်ပံများ ကို တလက် . . . မ . . . မျှ ပို၍ ကိုင်းညွှတ်လိုက်သည်။


ထိုအခါ သူ့အမွှေးများသည် ထောင်ကြွ လာပြီး လျှင် သူသည် ရုပ်သေးကြိုးပြတ် ဘုံးဘုံးကြီး အောက်သို့ ကျလေ၏။ ပင်လယ် ဇင်ယော် တို့ ဟူသည် အပျံတွင် မည်သည့်အခါမျှ တိမ်းယိုင်ခြင်းလည်း မရှိရိုးအမှန်။ ဘယ်သော အခါမျှ တလိမ့်ခေါက်ကွေး ကျခြင်းလည်း မရှိရိုးအမှန်။ ပင်လယ်ဇင်ယော်တို့ အဖို့ ဤသို့ ဖြစ်
ရခြင်း သည် ရှက်ဖွယ်လိလိဖြစ်၍ ဂုဏ်သိက္ခာ လည်း ကျဘိ၏။ သို့သော်လည်း ယောနသံဇင်ယော်သည်
ကလေကဝ ပေါက်ကရ ငှက်ပြိန်း တကောင်မဟုတ်။ မရှက် မကြောက် ဘဲ တောင်ပံများကို ထပ်မံ၍
 ဖြန့်ကာ၊ထပ်မံ၍ တုန်တုန်ခါခါ ခက်ခက်ခဲခဲ ကိုင်းညွှတ် ကာသာ အရှိန်အဟုန် လျှော့ရာလျှော့ရာမှ
အတောင်များလေခို၍ တဖန်ကျပြန်သော်လည်း အရှုံး မပေးဘဲ တဖန် အားသစ် လေ့ရှိသော ငှက်စွမ်း
ကောင်းပေတည်း။

ပင်လယ်ဇင်ယော် အမြောက် အမြားသည် ကမ်းခြေမှ သည် အစာရှိရာသို့ အစာရှိမှ သည် ကမ်းခြေသို့ သမရိုးကျ အတိုင်းသာ ပျံတတ်ကြ၏။ ထို့ထက်ပို၍ အပျံ တတ်အောင် ဂရုမမူကြ။ ငှက်ဇင်ယော် အများစုအဖို့ ပျံသန်းမှုသည် အရေးကြီးသောကိစ္စ မဟုတ်။ သူတို့ အဖို့ အစာစားမှု သာလျှင် အရေးကြီး၏။ ယောနသံ
ဇင်ယော် အဖို့မူ အစာက ကိစ္စမကြီးလှ၊ အပျံသာလျှင် ကိစ္စကြီးဖြစ်၏။ ပျံသန်းခြင်း အတတ်ပညာ ကိုသာ
လျှင် အရာရာထက်သူ ပို မြတ်နိုး၏။ ဤအတွေးအခေါ် အယူအဆသည် သူ့အား အခြားဇင်ယော်များနှင့် ခပ်
တန်းတန်း ဖြစ်စေ၏။ သူ့အဖို့မူ အသိဉာဏ် တမျိုးထက်တစ်မျိုး တိုးလာ၏။ ဘာကြောင့် ဟူ၍မူ သူမသိ။

 ရေပြင်အထက် သူ့တောင်ပံ တစ်ဖက် စာမျှပင် မရှိလှသော အမြင့်မျိုး၌ သူပျံလေလျှင် သူသည် လေထဲ၌အားသိပ်မစိုက်ရပဲ ပို၍ ကြာကြာနေနိုင်၏။ အခြားဇင်ယော်များ လုပ်နေကျအတိုင်း ခြေစုံချ၍ ရေပြင်သို့ ဆင်းသက်ခြင်းမျိုး ကိုလည်း သူပြုလေ့ပြုထမရှိ။ ခြေစုံကို ကိုယ်နှင့် တပြေးတညီတည်းဖြစ်အောင် နောက်သို့ ပစ်ကပ် လျက်သာ ရေပြင်သို့ သူလျှောဆင်း လေ့ရှိ၏။

ကမ်းခြေသို့ အကပ်တွင်လည်း သူသည် ဤနည်း နှင်နှင် ခြေများကို တွဲလောင်းမချဘဲ လျှောဆင်း၏။ ခြေထောက်၍ မှီသောနေရာမှစ၍ ကုန်းဘက်သို့လည်း သဲပြင်ပေါ် တွင် တလှမ်းခြင်း လျှောက်လာလေ့ရှိ၏။
ဤဇင်ယော် မဆန်သော အကျင့်မျိုးကို မြင်ကြ ရသော သူ့မိဘများ သည် သူ့အပေါ် အကြီးအကျယ် အမှန်
ပင် စိတ်ပျက်ကြ၏။ သူ့မိခင်က သူ့အား ဤသို့မေး၏။

"ဘာဖြစ်လို့ ယောရယ်။ ဒီအုပ်ထဲက မိရိုးဖလာ တခြားငှက်တွေလို ဇင်ချင်းမျှမျှ ယော်ချင်းတူတူ ဖြစ်လာအောင်လုပ်ဖို့ မင်းအတွက် ဘောက်မယ့်ကြောင့် ခက်နေရ တာ တုံး။ မင်းဟာ ပယ်လီကင် ငှက် အယ်လ်ဗက်စထရော့စ် ငှက်များကို ဘောက်မယ့်ကြောင့် တုတုပြီး အနိမ့်ပျံ ကျင့်ကျင့်နေရ တာတုံး။ ဘောက်မယ့်ကြောင့် အစားကိုလဲ မစားတော့တာလဲ ယောနသံ ရယ်... မင်းဟာ အရိုးနဲ့ အမွှေးချည်း လျှပ်လျှပ်သာ ရှိတော့
တယ်။"

 "အရိုးနဲ့ အမွှေးချည်းပဲ ရှိတော့တာကို ကျနော်မမှုပါဘူး မေမေရယ်။ ကျနော်လဲ လေထဲမှာ ဘာကို လုပ်နိုင်ပြီး ဘာကို မလုပ်နိုင်သလဲ ဆိုတာကို သိချင်နေတာပါပဲ။ တခြားမဟုတ်ပါဘူး။ ဒါပါပဲ။ ကျနော် သိချင်နေလို့ပါ။"

သူ့ဖခင်ကလည်း သူ့အား သနားသောအားဖြင့် ဤသို့ဆို၏။

"ဆောင်းဥတုလဲ မဝေး တော့ဘူး။ လှေတွေ လဲ အလာနည်းတော့မယ်။ ရေပြင်က ငါးတွေလဲ ရေနက်ထဲ ပြောင်းကူး ကြတော့ မယ်။ မင်းဟာ အတတ် တခုခုကို လေ့လာမှဖြစ်မယ်ဆိုယင် အစားအတတ်နဲ့ အစား ရဖို့ အတတ် ကိုသာ လေ့လာစမ်းပါ။ ဒီအပျံ အလုပ်ဟာ ကောင်းတော့ ကောင်းပေမယ်လို့ လေဟုန်စီးတဲ့ အလုပ်မျိုး ဆိုတာ စားရတာ မျိုးမှ မဟုတ်ပဲ။ မင်းလဲ သိသားပဲ မဟုတ်လား။ မင်းပျံရတဲ့ အကြောင်းရင်း ဟာ အစားစားမှု အတွက် ဖြစ်တယ်ဆိုတာ မင်းမမေ့စမ်းပါနဲ့။"

 ယောနသံသည် ဤဆုံးမချက်ကို လက်ခံသော အမူအရာဖြင့် ရိုကျိုးစွာ ခေါင်းညိတ်၏။ နောက် ရက် အနည်းငယ် ခန့်တွင် သူသည် အခြားဇင်ယော်များနည်းတူ နေထိုင်ပြုကျင့်ရန် ကြိုးစားတော့၏။ တံငါ လှေများ တဝိုက်တွင် ပေါင်မုံ့ အပိုင်းအစ များကို ထိုးသုတ် ကာ နေ၏။ သို့သော်လည်း သူသည် ဤ အလုပ်မျိုးကို ဆက်၍ လုပ် မနေနိုင်။ အဓိပ္ပာယ် မရှိသည့် အလုပ်မျိုးဟု သူထင် မိသည်။ ဘယ့်နှယ့်ဗျား။ ဇင်ယော်အို
အငတ်ကြီး တကောင် က သူ့ကို လိုက်ထိုးလို့ သူအလုအယက် ကြိုးစားရယူထားတဲ့ ငါး အငယ်ကလေး
တစ်ကောင်ကို တမင် တကာ ချပေးလိုက်ရတယ် မဟုတ်လား။ ဒီအစား အတွက် ကုန် ရတဲ့ အချိန်တွေကို အပျံလေ့ကျင့်ခြင်း ဖြင့်သာ ကုန်လွန်စေဖို့ ကောင်းတာ။ လေ့လာစရာ သင်ယူ စရာ နိဿယည်းတွေကလဲ အများကြီး တောင်မှပဲ။ များမကြာမီ ယောနသံဇင်ယော်သည် ပင်လယ်ထဲ၌ သူတစ်ကောင်ထဲ ဖြစ်နေပြန်၏။ ဆာလောင် လျက် ပျော်ရွှင်လျက် အပျံပြန်၍ လေ့ကျင့်လျက်ရှိ၏။ သူလေ့ကျင့် သင်ယူနေသည်ကား လျင်မြန်မှု ဖြစ်၏။

 ရက် သတ္တပတ် တစ်ပတ် ခန့်မျှသာ လေ့ကျင့်ပြီး သေး၏။ သို့လောက် ကျင့်ကာမျှပင် သူသည် အလျင်မြန်ဆုံးဟူသော ဇင်ယော်ထက်ပင် လျင်မြန်ခြင်း အကြောင်းကို ပို၍ သိရှိ တတ်ကျွမ်းလာ၏။ ပေတစ်ထောင်အမြင့် အာကာယံ တွင် သူသည် သူ၏ တောင်ပံများကို အစွမ်းကုန် ရိုက်ခတ်လျက် အရှိန်ယူ ပြီးနောက် ထိုအရှိန်အဟုန် ဖြင့် ရုတ်ခြည်း ဇောက်ထိုးပြုကာ တည့်တည့် မတ်မတ်ကြီး အောက်ရှိ ပင်လယ်လှိုင်းများဆီသို့ မီးပွင့်လုမတတ် စိုက်ထိုး ဆင်းသက်၏။ ဤသို့ စိုက်ထိုး ဆင်းသက် မှု မှာ ဇင်ယော်ငှက်များအဖို့ အလွန့်အလွန် ခဲယဉ်းသော အလုပ်မျိုး ဖြစ်ကြောင်း ကို သူသည် ဤ တစ်ကြိမ် မျှဖြင့် သိ၏။ ခြောက်စက္ကန့် ကာလအတွင်းပင် သူသည် တစ်နာရီ လျှင် မိုင် (၇၀) နှုန်းဖြင့် လှုပ်ရှား နေ၏။

ဤနှုန်းသို့ ရောက်လျှင် ငှက်များအဖို့ စိုက်ထိုး ကျဆင်း နေရာမှ အပေါ်သို့ ပြန်၍ ကော့ တက်နိုင်အောင် တောင်ပံများ အနေအထားကို အပြောင်းရ အထိန်းရ အလွန်ပင် ခက်ခဲ၏။ သူသည် အကြိမ်ကြိမ် ဤသို့ ဖြစ်၏။ မည်သို့ပင် သတိထားသော်ငြားလည်း၊ မည်သို့ပင် အစွမ်းကုန် အားသစ် သော်ငြား လည်း အမြန်နှုန်း
ကြီးလာတိုင်း ကြီးလာတိုင်း ဤနည်း နှင်နှင်ပင် သူ့ ကိုယ်သူ မထိန်းနိုင် ဖြစ်၏။ ပေတစ်ထောင်အမြင့်
အကာဗွေသို့ သူတက်ပြီးလျှင် ရှေးဦးစွာ ရှေ့တည့်တည့် အားကုန် ပျံ၏။ ထို့နောက် အောက် သို့ စောက်ထိုးထောင်လိုက်ကြီး စိုက်ချလိုက်၏။ ပြန်၍ ကော့တက် ရာတွင် သူ၏ လက်ဝဲဘက် အတောင်ပံ သည်
 လေခိုသွား၍ သူသည် လက်ဝဲဘက်ဆီသို့ အရှိန်ပြင်းစွာ ဖြင့် လူးလိမ့် သွား၏။ သူ၏ လက်ယာဘက်
 တောင်ပံဖြင့် ပြန်၍ထိန်းလိုက်ရာတွင် ထိုတောင်ပံလည်း လေခိုသွား ပြန်သဖြင့် သူသည် လက်ယာဘက် ဆီသို့ ဂျင်ကဲ့သို့ ပတ်ချာလည်လျက် တလိမ့် ခေါက် ကွေး ကျပြန် ၏။ ဤတစ်ကြိမ် ပြန်အတက် တွင်လည်း သူသတိလစ်သွားပြန်၏။ ဆယ်ကြိမ်မြောက်အထိ သူကြိုးစား ပြန်၏။ ထိုဆယ်ကြိမ်စလုံး တွင်ပင် တစ်နာရီလျှင် မိုင် (၇၀) နှုန်းသို့ ရောက်ရှိသောအခါတိုင်း အခါတိုင်း သူသည် အမွှေးများ တဖွားဖွားဖြင့် ထိန်းမနိုင်
သိမ်းမရဖြစ်ကာ ပင်လယ်ရေထဲသို့ ဝုန်းကနဲ ခွေးကျ ကျ၏။

သူသည် ရွှဲရွှဲစိုနေသော ရေဝတ်လုံကြီးဖြင့် နောက်ဆုံးတွင် ဤသို့ ထင်မိ၏။ ဤအခက်၏ သော့ချက် သည် အမြန်နှုန်းကြီး လာသောအခါ တောင်ပံများကို မလှုပ်နိုင်အောင် ထိန်းထားနိုင်ခြင်း ဖြစ်လိမ့်မည်။ တောင်ပံများကို အကြိမ် ငါးဆယ်အထိ ရိုက်လျှင် ဖြစ်နိုင်လိမ့်မည် ဟုတွေးကာ ပေနှစ်ထောင်အမြင့် ဗလာဗွေသို့ တက်၍ ကြိုးစားပြန်၏။ အောက်သို့ စိုက်ချပြန်၏။ နှုတ်သီးကို အောက်စိုက်လျက် တောင်ပံများကို အကုန်
ဖြန့်လျက် တစ်နာရီလျှင် မိုင်ငါးဆယ်နှုန်းကို ကျော်သည့် အခါမှ စ၍ သူ့ကိုယ်သူ ထိန်းထားနိုင်၏။ အလွန့်
အလွန် အားထုတ်ရလေ၏။

ဤတစ်ကြိမ်၌မူ သူ အောင်မြင်၏။ ဆယ်စက္ကန့် ကာလအတွင်း သူသည် တစ်နာရီလျှင် မိုင်ကိုးဆယ်နှုန်း သို့ ရောက်ရှိ လေ၏။ ယောနသံဇင်ယော်သည် ဇင်ယော်များအဖို့ ကမ္ဘာ့အလျင်နှုန်း စံချိန်သစ် တင်လိုက်ပေပြီ။ သို့သော် ဤအောင်မြင်ခြင်းသည် ခဏတာမျှသာ ကြာ၏။ စိုက်ဆင်းနေရာမှ ပြန်၍ မတ်လိုက်ပြီးလျှင် သူ့တောင်ပံ များ၏ ထောင့်ချိုးကို ပြင်လိုက်သည့် အခြားမဲ့၌ ယခင်အကြိမ် များအတိုင်း ထိန်းမနိုင် သိမ်းမရ မရှုမလှ ဖြစ်ရ ပြန်၏။ တစ်နာရီလျှင် မိုင်ကိုးဆယ်နှုန်းသို့ ရောက်လေသော် လေထုသည် သူ့အား မီးပွင့်သည့် အလား ထိခိုက် လာ၏။ ယောနသံ ဇင်ယော်သည် လေထဲတွင် ပေါက်ကွဲကာ ပင်လယ်ပြင် အုတ်ခင်းပေါ်သို့ ဝုန်းကနဲ ကျရချေ၏။ သူသတိ ပြန်ရလာသောအခါ နေရောင်ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပေပြီ။

ပင်လယ်ပြင်ဝယ် လရောင် ထဲ၌ မျောနေ၏။ သူ့တောင်ပံများသည် နှုတ်ခမ်းနားများ စုတ်ပြတ်နေသော
ခဲချောင်းများ သဖွယ် လေးလံလာ၏။ ထိုတောင်ပံများထက်ပင် ပို၍လေးသော အလေးချိန် မျိုးဖြင့် ဆုံးရှုံးမှု
သည် သူ့ကြောပြင်ပေါ်ဝယ် ပိုဖိ တွန်းချ လျှက်ရှိ၏။ ထိုအလေးချိန်က သူ့အား ပင်လယ်အောက်ခြေသို့
ဆိုက်ရောက်အောင် ဆွဲချသွားနိုင်ပါစေ ဟူ၍ပင် မာန်လျှော့ကာ ဆန္ဒပြုမိ၏။ ဒါမှသာ ကိစ္စငြိမ်းပေ လိမ့်မည်။ ရေထဲသို့ နစ်မြုပ်သွားစဉ် သူ့အတွင်း သန္တာန်ထဲ၌ ထူးဆန်း၍ လှိုဏ်သံပါသော အသံေဩာကြီးတစ်ခုကို
ကြားရ၏။ "ဝေ့လည်ကြောင်ပတ် လုပ်နေလို့ ဘယ်ရပါ့မလဲကွာ။ ငါဟာ ဇင်ယော်တစ်ကောင်ပဲ။ ငါ့ သဘာဝ ကို လွန်ဆန်လို့ ဘယ်ရမလဲ။ ပျံသန်းခြင်းအတတ်ကို ဒီလောက်တောင် ငါတတ်ကျွမ်း ရမယ် ဆိုရင် ငါ့ခေါင်းထဲ ဦးနှောက်တွေအစား လေကြောင်း အတတ် ပုံစံချပ်တွေသာ ရှိရမှာပေါ့။ ငါဒီလောက် တောင် မြန်မြန်ကြီး ပျံနိုင် ရမယ်ဆိုရင် ငါ့မှာ သိမ်းငှက်များလို အတောင်များ တိုနေရမှာပေါ့။

ငါးကို မစားဘဲ ကြွက်ကိုသာ စားနေရ မှာပေါ့။ ငါ့အဖေ ပြောတာမှန်တယ်။ ဒီမိုက်တွင်း နက်မှုကို ငါမေ့ပစ် ရမယ်။ တခြားဇင်ယော်များရှိတဲ့ ငါ့ငှက်အုပ် ရှိရာကို ငါပြန်သွားရမယ်။ ရိုးရိုးသာမန် ဇင်ယော် တစ်ကောင်
အဖြစ်နဲ့ပဲ ငါရောင့်ရဲ နေနိုင်ရမယ်။" ထိုအသံသည် တဖြည်းဖြည်း ပျောက်ကွယ် လေ၏။ ထိုအခိုက် မှစ၍
 ယောနသံသည် သာမန်ဇင်ယော် တစ်ကောင်အဖြစ်နှင့် သာ နေတော့မည်ဟု အဓိဋ္ဌာန် ပြုလိုက်၏။ သူ့မိဘများနှင့် သူ့အဖော်အားလုံးတို့လည်း သူ့ ပြောင်းလဲလာမှုကို ကျေနပ် ကြပြီးလျှင် စိတ်နှလုံး ပို၍ ချမ်းမြေ့ကြ
လိမ့်မည်။ သူသည် နုံးချိချိဖြင့် မှောင်မဲနေသော ရေပြင် အပေါ်သို့ ပျံတက် ၏။ သူတတ်ပြီး သားဖြစ်သည့်
သိပ်အားမစိုက်ရသော အနိမ့်ပျံနည်း အတတ်ကို သူပြန်၍ ကျေးဇူးတင် မိသည်။ အနိမ့်ပျံ ပျံနေမိလျက်သား
 ဖြစ်နေသည်ကို သူသတိရ၍ ဒီလို ဘယ်ဟုတ် မလဲ၊ ငါဟာ အရင် တုန်းက ငါမှ မဟုတ် တော့ဘဲ။ အရင်
တုန်းက တတ်ခဲ့ဖူးသမျှကို ငါဟာ မကျင့်သုံး ရတော့ ဘူး၊ တခြား ဇင်ယော် တွေနဲ့ ငါဟာ တူတူဘဲ မဟုတ်လား၊ တခြား ဇင်ယော်တွေလိုပဲ ငါပျံရမယ်။ ထို့ကြောင့် သူ သည် ပေတစ်ရာ အမြင့်သို့ ပျံတက်ပြီးလျှင် ကမ်းဘက် ဆီသို့ တွင်တွင်ကြီး ဝေဟင် ခရီးနှင်လေ၏။ ငှက်အုပ်ထဲမှ ရိုးရိုးငှက်တစ်ကောင် အဖြစ်နှင့်သာ နေတော့မည်ဟု စိတ်ပိုင်းဖြစ်ပြီးမှ သူ့မှာ နေသာ ထိုင်သာ ဖြစ်သွား၏။ သူ့ကို အတတ်ဆန်း တတ်စေချင်လို့ အပျံဆန်း အသန်းဆန်း လုပ်ခိုင်းခဲ့သည့် ဆန္ဒကြီးနှင့် သူသည် ယခု အဆက်ပြတ်လေပြီ။ ယခုလို လုံးလုံးလက်လျှော့လိုက်မှ အရှုံးဟူသည် လည်း မရှိတော့။ ဘာကိုမျှ မစဉ်းစားပဲ ကမ်းခြေပေါ်ရှိ မီးရောင်များ ရှိရာဆီသို့ မှောင်ကြီးထဲ ပျံသန်း နေရသည်မှာ လှလိုက်လေခြင်း။

 "ပင်လယ်ဇင်ယော်များဆိုတာ ဘယ်တော့မှ မှောင်ကြီး မဲကြီးထဲ မပျံဘူးကွ။" ဤသို့ အော်လိုက်သော အသံမောင်း ကြီးသည် မိုးချုန်းလိုက်သကဲ့သို့ ထိန်လန့်ဖွယ်ရာ သူ၏ သန္တာန်တွင်း မြည်ဟိန်း သွား၏။ ယောနသံ သည် ထိုအသံကို နားစွင့်လိုက်ရန် သတိမရှိ။ ကြည့်ရ မြင်ရ သည်မှာ လှလိုက်ပလေ ဟုသာ သူတွေးနေ၏။ ရေပေါ်တွင် ထင်ဟပ် နေသော လရောင် နှင့် မီးရောင် များသည် သူ့အဖို့ ညကာလအတွင်း ထိုးပြလျက်ရှိသော လမ်းပြ မီးတန်း ကလေး များ သဖွယ် စီရရီ ရှိဘိ၏။ တိတ်ဆိတ်၍ သာတောင့်သာယာ ရှိလှ၏။ "အောက်ကို ဆင်းပျံကွ။ ဇင်ယော်မျိုး ဆိုတာ ဘယ်တော့မှ မှောင်ကြီး မဲကြီးထဲမှာ မပျံဘူးကွ။ မင်းသာ မှောင်ကြီးထဲ ပျံရမည့် ငှက်မျိုး ဖြစ်နေရင် မင်းမှာ ဇီးကွက်မျက်စိတွေ ရှိရမှာပေါ့။ မင်းရဲ့ ခေါင်းထဲမှာ ဦးနှောက်အစား လေကြောင်း အတတ် ပုံစံချပ်တွေသာ ရှိရမှာပေါ့၊ မင်းဟာ သိမ်းငှက်လို အတောင်တို ရမှာပေါ့။" ပေတစ်ရာအမြင့် ညဉ့်အမှောင်ထဲတွင် ယောနသံသည် ကျီတိကြောင်တောင် ဖြစ်သွား၏။ သူ၏ ဝေဒနာ များနှင့် အဓိဋ္ဌာန်များသည် ပျောက်ကွယ်ကုန်၏။ "အတောင်တိုများ၊ သိမ်းငှက်၏ အတောင် တိုများ။

 ဒါဟာငါရှာနေတဲ့ အဖြေပေါ့။ ငှက်အနှယ်! မလိမ်မိုး မလိမ္မာ ဖြစ်လိုက်လေခြင်းဟယ်၊ ငါ့မှာ အခု လိုအပ်နေတာက အတောင် တိုတိုကလေးပဲ၊ ငါလုပ်ရမှာက ငါ့အတောင်များကို တိုအောင် ကျုံ့ထားပြီး အတောင်ဖျားကလေးတွေနဲ့သာ ပျံဖို့ဟာပဲ၊ အတောင်တိုများ။ ဟုတ်ပြီ" သူသည် မဲနက်သော ပင်လယ် ထက်ဝယ် ပေနှစ်ထောင် မြင့်အောင် ပျံတက်ပြီး ဖြစ်မဖြစ်ကိုလည်း သူမတွေး၊ သေဘေးကိုလည်း သူမငဲ့ ပဲ တောင်ပံများ၏ ရှေ့ပိုင်းများကို သူ့ကိုယ်လုံး ၌ တင်းကြပ်စွာ ကျုံ့ကပ်၍ တောင်ပံများ၏ ဓားမြှောင် ပုံရှိ အစွန်းဖျားများကို လေထဲတွင် ဖြန့်လျက် အောက်သို့ ဇောက်ထိုးဆင်းလေ၏။

 လေသည် သူ့ဦးခေါင်းအား ဘီလူး သဘက်သဖွယ် မြည်ဟီးတိုက်ခတ်၏။ တစ်နာရီလျှင် မိုင် (၇၀)၊ မိုင် (၉၀)၊ မိုင် (၁၂၀) . . . ထိုထက် ထိုထက်မြန်သော နှုန်းဖြင့် တဟုန်တည်း ထိုးဆင်း နေလေ၏။ ယခု တစ်နာရီလျှင် မိုင် (၁၄၀) နှုန်း လှည့်လိုက်ခြင်းဖြင့် အလျားလိုက် အပျံမျိုးသို့ ဖြည်းညှင်း သာယာစွာ ပြောင်းလိုက် ပြီးလျှင် လရောက်အောက်၌ အမြောက်ဆံတစ်လုံးပမာ လှိုင်းများ ပေါ်တွင်လျှပ်၍ မီးခိုးရောင် တန်း တစ်
တန်း တန်းသွားသကဲ့သို့ ပျံသန်း၏။ လေဆန်ဖြစ်၍ မျက်စိများကို တအားမှေးလျက် သူအပျော်ကြီး ပျော်လေ
သတည်း။ တစ်နာရီလျှင် မိုင် (၁၄၀) ကွ၊ သူကိုယ်ကို လဲသူ ထိန်းထားနိုင်ခဲ့ တယ်လေ။ ပေနှစ်ထောင် အမြင့်အစား ပေငါးထောင် အမြင့်ကသာ ငါထိုးဆင်းရင် ဘယ်ကလောက်အထိ မြန်လိမ့် လေမလဲ မသိ… ယခင် ခဏက သူပြုခဲ့သော အဓိဋ္ဌာန်များကိုလည်း သူသတိမရတော့ လေအဟုန် တံမြက်လှဲတွင် ထိုအဓိဋ္ဌာန် များ ပါသွားချေပြီ။ သို့တစေ လည်း ထိုအဓိဋ္ဌာန်များ မအောင်ခြင်းအတွက် နောက်တဖန် နောင်တရခြင်း သူမဖြစ်၊ လိပ်ပြာမသန့်ခြင်းလည်း မရှိ။

သူ့ ကတိ သူ ဖျက်လိုက် သည်ကို သူ ဝမ်း မနည်း။ ရိုးရိုး ကုပ်ကုပ် သာမန် ဘဝမျိုး ကို လက်ခံသော ဇင်ယော်မျိုးသာလျှင် ဤကတိများကို မဖျက်ဝံ့။ အပျံအတတ်တွင် ထိပ်တန်းသို့ ရောက်နေ သော သူတစ်ဦးအဖို့ ဤကတိမျိုးကို ထိန်းရန် မလို။ နေထွက် လျှင် ထွက်ထွက်ချင်း ယောနသံ ဇင်ယော်သည် အပျံကျင့် နေလေ
ပြီ။ ပေငါးထောင် အမြင့် အကာဘောင်မှ သူအောက်သို့ ကြည့်လိုက်သော် တံငါလှေများသည် အစက်
အပျောက် ကလေး များသာ ဖြစ်နေ၏။ နံနက်စာ အစာရှာထွက်ကြသော ဇင်ယော်ငှက်အုပ်ကြီးကို ကြည့် လိုက် လျှင်လည်း ဝိုင်းကြီး ပတ်ပတ် လည်နေသော မှုန်မွားမွား ဖုံမှုန့်တိမ်လိပ် များသာ ဖြစ်နေ၏။ သူ့အ
သက်နှင့် သူ့ကိုယ် မြဲလျက် ပင် ရှိနေ၏။ ပီတိဖြင့် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လျက် ကြောက်စိတ် ထိန်းထား နိုင် ခြင်း ကိုလည်း ဂုဏ်ယူလျက် ရှိ၏။ ထို့နောက် သူသည် ဆိုင်းမပါ ဗုံမဆင့်ဘဲ တောင်ပံများ၏ ရှေ့ပိုင်းကို အတွင်း သို့ ကပ်ကာ တောင်ပံ၏ အမြိတ်အနားများကိုသာ ဖြန့်လျက် အောက်ရှိ ပင်လယ်ပြင်သို့ ထိုးစိုက် လိုက်၏။ ပေလေးထောင်ကို ကျော်ကျလာသောအခါ အဆုံးစွန်ဖြစ်သော အမြန်နှုန်းကို ရလေ၏။

လေထုသည် အသံဖြင့် အတိပြီးသော မဟာရံ တံတိုင်းကြီးပမာ ဖြစ်လာ၏။ မည်သို့ပင် ဖိတိုး သော်လည်း ထိုတံတိုင်းကားမရွေ့။ သူသည် အောက်တည့်တည့်သို့ တစ်နာရီလျှင် (၂၁၄) မိုင်နှုန်း ဖြင့် ယခုကျဆင်းနေ၏။ ထိုအခိုက်၌ သူ့အတောင် များသာ အကယ်၍ ပွင့်သွားလိုက်လျှင် သူသည် တစ်သန်း မျှ လောက်သော အစိတ်အမွှာများ အဖြစ်သို့ ဖရိုဖရဲ ဖွာကြဲသွား လိမ့်မည်ကို သိ၍ သူသည် ပျံလွှားငှက်ပမာ အတောင်များကို ပိတ်လိုက်၏။ အရှိန်အဟုန်ဟူသည် တန်ခိုး အာဏာ ပေတည်း။ အရှိန်အဟုန်ဟူသည် ပီတိချမ်းသာပေ
တည်း။

အမြင့်ပေတစ်ထောင် တိမ်အာကာသို့ သက်ဆင်းမိသောအခါ သူသည် တောင်စုံကို ဖြန့်လိုက်၏။

သူ တောင်ပံ ဖျားတို့သည် လေအဟုန်ကို တဖတ်ဖတ် ရိုက်ခတ်လျက် ပုံသဏ္ဍာန် မသဲကွဲတော့ဘဲ မှုန်မွှားမွှား မှေးတေးတေး သာ ရှိတော့၏။ သူ့မျက်စိ ထဲတွင် လှေနှင့် ဇင်ယော်အုပ်တို့သည် ကြယ် ဥက္ကာပျံ များပမာ သူ့ထံသို့ ဒယိမ်း ဒယိုင် ကြီး တရှိန်ထိုး တိုးဝင်လာနေကြဟန် မြင်ရ၏။ ငှက်အုပ် သည်လည်း သူ့လမ်းကြောင်း တည့်တည့်ကြီးတွင် ရှိနေ ၏။ ခက်ပြီ။ ရပ်၍လည်းမရ။ သူရရှိနေသော အမြန်နှုန်းမျိုး၌ မည်ကဲ့သို့ ယိမ်းကွေ့ရသည်ကိုလည်း သူမသိ သေး။ ထို့ကြောင့် သူသည် မျက်စိများကို စုံမှိတ်ထားလိုက်၏။

 နေထွက်ပြီး မကြာမီကလေး ထို နံနက်ခင်း အချိန်၌ သူ အဖြစ်ဆိုး သည်ကား ယောနသံဇင်ယော်သည် နံနက် အစာရှာ ထွက်လာ သည့် ဇင်ယော်အုပ်၏ အလယ်ဗဟို တည့်တည့် အတွင်းသို့ တစ်နာရီလျှင် (၂၁၂) မိုင်နှုန်းဖြင့် မျက်စိများ စုံမှိတ်ကာ လေရော တောင်ပံမွှေးများပါ တဟီးဟီး ခြိမ်းလျက် ဒလကြမ်းကြီး ရမ်းကားကာ ဖြတ်ဝင်၏။ ကံကောင်းသည်။ မည်သူမျှမသေ။ ကောင်းကင်တိမ်ယံဘက်ဆီသို့ သူ့ နှုတ်သီးကို မော့လိုက်သည့်အခါတွင် သူသည် တစ်နာရီလျှင် မိုင် (၁၆၀) နှုန်း ဖြင့် ပျံနေ လျက်သား ရှိသေး၏။ မိုင်နှစ်ဆယ်နှုန်းသို့ လျှော့ချလိုက်ပြီးလျှင် တောင်ပံ များကို ဖွင့်လိုက်သောအခါ အောက်ဖက်ပေ လေးထောင် အနိမ့်ရှိ ပင်လယ်ပြင်တွင် တံငါလှေသည် ပေါင်မုံ့ တစ်ဖဲ့စာ အရွယ်သာရှိ၏။ သူ၏ အောင်မြင်မှုကိုသာသူ တမြုံ့မြုံ့
 တွေးနေမိ၏။ အဆုံးစွန်သော အမြန်နှုန်းဖြင့် ပျံနိုင်လေပြီ။

ဘာသာပြန်ဆိုသူ - ဘသန်း(ဓမ္မိက)

Subscribe Us