Sunday, September 11, 2016

ရေခြား မြေခြား အလုပ်သွားကြသူများ

 


မိမိတို့မွေးဖွားရာအရပ်ဒေသမှ အခြားနိုင်ငံများသို့ ကူးပြောင်းကာ အလုပ်လုပ်ကိုင်သူများကို ရွှေ့ပြောင်း လုပ်သားများ ဟု သတ်မှတ်နိုင်ပါသည်။ ရေကြည်ရာ မြက်နုရာရွှေ့ပြောင်းရင်း မိမိတို့ဘဝ တိုးတက်မြင့်မား ရန် ရည်ရွယ်ချက်ဖြင့် သွားလာကြသူများဖြစ်ကြသည်။ မွေးဖွားရာအရပ်နှင့် ဝေးကွာရင်း မူရင်းနိုင်ငံ၏ အခွင့်အရေးထက်သာလွန်ကောင်းမွန်သည့် ဘဝလမ်းကြောင်းများပေါ် ရောက်ရှိသူများရှိသကဲ့သို့လှေလှော် ရင်း တက်ကျိုးသကဲ့သို့ လှုပ်ရှားရုန်းကန်ရင်း အဆင်မပြေမှုကြုံတွေ့ရသူအများစုမှာ လည်း ရွှေ့ပြောင်း လုပ်သားများပင် ဖြစ်သည်။


၂၀၁၅ခုနှစ်အတွင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၏ လေ့လာဆန်းစစ်မှုများအရကမ္ဘာပေါ်တွင်ရွှေ့ပြောင်း လုပ်သားပေါင်း ၂၄၄ သန်းသို့ ရောက်ရှိလာပြီး ယင်းတို့အနက်မှ အဆင်မပြေဒုက္ခရောက်မှုကြုံတွေ့ရသည့် ဒုက္ခသည်ပေါင်းမှာ သန်း ၂၀ခန့်ရှိကြောင်း သိရသည်။ ရွှေ့ပြောင်းလုပ်သားပေါင်း ၂၄၄ သန်းအနက် မြန်မာ လုပ်သား၁၀ သန်းနီးပါးခန့်သည် ပြည်ပတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေကြ သည်။




မြန်မာနိုင်ငံမှ အလုပ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားများသည်လည်း အိမ်နီးချင်းနိုင်ငံများ၊ အလုပ်အကိုင်ပေး အပ်နိုင်သည့် နိုင်ငံများထံ တရားဝင်ဖြစ်စေ၊ တရားမဝင်သည့် နည်းလမ်းများဖြင့်ဖြစ်စေ ရွှေ့ပြောင်း သွား လာမှု မြင့်တက်လျက်ရှိရာ နိုင်ငံတော်၊ အဖွဲ့အစည်းများနှင့် အတွေ့အကြုံရင့်ကျက်သည့် နိုင်ငံတကာမှ အကြံပေးနိုင်သည့် အဖွဲ့အစည်းများက ပညာပေးလုပ်ငန်းများ၊ ရေရှည်အစီအမံများချမှတ်ကာပြည်တွင်းမှ ထွက်ခွာကြသည့် အလုပ်သမားတို့၏ လုံခြုံစိတ်ချရမှု၊ လုပ်ငန်းခွင်ဘေးအန ္တရာယ်ကင်းရှင်းမှု၊ ကောင်းမွန်ပြီး တန်းတူညီမျှရှိသည့် လုပ်ခလစာ၊ စနစ်ကျနသည့် မိသားစုထံသို့ ငွေလွှဲပြောင်းမှု၊ လူမှုဖူလုံရေးနှင့် မိသားစု ဘဝအေးချမ်းမှုတို့အတွက် အကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရသည်။


☑အလုပ်သမားတိုင်းဟာ ကျွမ်းကျင်ကြသူတွေပါ

“အထပ်တစ်ရာအမြင့်ရှိတဲ့ အဆောက်အအုံတစ်ခုရဲ့အပေါ်ဆုံးမှာ မျက်နှာကြက်တစ်ခုကို ဆေးသုတ်ဖို့ ဆိုတာလူတိုင်း လုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အဲဒီလိုပဲ လူတိုင်းဟာ မိမိမိသားစုမဟုတ်တဲ့ အခြား မိသားစု တစ်စု စားသောက်နေထိုင်မှု၊ သန့်ရှင်းမှုအတွက် စိတ်တိုင်းကျဖြစ်အောင် လုပ်ဆောင်ပေးဖို့ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ကိစ္စတွေပါ။ လုပ်ခလစာရရှိကြသူတိုင်းမှာ ကျွမ်းကျင်မှုတွေရှိပါတယ်။ ဒါပေမယ့်အထွေထွေ အလုပ် သမား အများစုဟာ သူတို့ရဲ့ အရည်အချင်းတွေကို မေ့လျော့နေကြတယ်”ဟုILO မြန်မာ၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိJackie Pollockက ပြောပြသည်။

နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်သူများအားလုံးသည် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး အတတ်ပညာများ ရရှိလာသော်လည်း အများစုသည် မိမိတို့၏ကျွမ်းကျင်မှုအပေါ် သံသယရှိခြင်းကို မြင်တွေ့ ရကြောင်း သိရသည်။


☑ရွှေ့ပြောင်းလုပ်သားဆိုတာ

“ရွှေ့ပြောင်းလုပ်သားတွေဟာ ဆင်းရဲနိမ့်ကျတဲ့သူတွေ မဟုတ်ကြပါဘူး။နိုင်ငံရပ်ခြားကို သွားဖို့အတွက် ထိုက်သင့်တဲ့ အခကြေးငွေကို ပေးအပ်ပြီးမှသာသွားကြတာဖြစ်ပါတယ်”ဟု အလုပ်သမားရေးရာ ကျွမ်းကျင် သူတစ်ဦးဖြစ်သည့်မဆိမ်လုခမ်းက ပြောကြားသည်။အလုပ်လက်မဲ့များ၊ လုပ်ငန်းအနည်းငယ် တတ်ကျွမ်း သူများ သည် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုအများဆုံး ပြုလုပ်ကြသူများဖြစ်ကြပြီး တရားဝင်နည်းလမ်း၊အထောက်အထားပြည့်စုံသည့် နည်းလမ်းများဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်ကြသူများရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသို့လည်း အထောက်အထားမရှိ သွားရောက်လျက်ရှိကြသည်။


☑ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေး

အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများအတွက် နယ်မြေခြားသည့်အတိုင်း ဥပဒေများ၊ ဘာသာစကားများနှင့် ဓလေ့ထုံးစံများပါ ကွဲပြားခြားနားသွားသည်ကို သတိပြုရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ တွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့သူမပိုပိုက ပြောပြသည်။သို့သော် ရွှေ့ပြောင်းလုပ်သားများသည် လူ့အခွင့်အရေး အပြင် အလုပ်သမားအခွင့်အရေးများကိုပါ ရရှိရန်လိုအပ်ပြီး လူသားများဖြစ်ကြသည့် ရွှေ့ပြောင်းလုပ် သား များကို အကာအကွယ်ပေးရန်မှာ နိုင်ငံတိုင်းတွင်တာဝန်ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂကသတ်မှတ်ထားသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများသည် အမျိုးသမီးများဆိုင်ရာအခွင့်အရေးများကို ပိုမိုရရှိရန် လိုအပ်ကြောင်း လက်ရှိတွင်ILO မြန်မာ၌ တာဝန်ထမ်းဆောင်ရင်း အလုပ်သမားအခွင့်အရေးဆိုင်ရာ များဆောင်ရွက်ပေးနေသူ မပိုပိုကရှင်းပြသည်။


☑နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် မူဘောင်များ

နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်သူများအတွက် လုပ်သားစတင်စုဆောင်းသည့် အချိန်မှစတင်ကာ မိမိတို့ဌာနေနိုင်ငံသို့ ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိသည်အထိ အကျုံးဝင်ပြီး ယင်းတို့အတွက် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေများ၊ILO၏ ပုဂ္ဂလိက အလုပ်အကိုင် အေဂျင်စီများနှင့် သက်ဆိုင်သည့် သဘောတူစာချုပ်၁၈၁၊ နားလည်မှုစာချွန်လွှာများ၊ အလုပ်သမားတင်ပို့သည့် နိုင်ငံနှင့် အလုပ်သမား

ခေါ်ယူသည့်နိုင်ငံအကြား ချုပ်ဆိုသည့်စာချုပ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့သဘောတူစာချုပ်များ၊ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်ရှင်အကြားချုပ်ဆိုသည့်စာချုပ်များ၊ ရွှေ့ပြောင်းလုပ်သားများအားလုံးနှင့် ၎င်းတို့၏ မိသားစုများကို ကာကွယ်ပေးသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (၁၉၉၀)တို့ စသည့် အခွင့်အရေးများအတွက် စည်းကမ်းစည်းမျဉ်းများစွာရှိကြောင်း သိရသည်။


☑တရားစွဲပိုင်ခွင့်ရှိ

ပြည်ပသို့ သွားရောက်လုပ်ကိုင်သူသည် လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာခြင်း၊ဆုံးရှုံးခြင်းနှင့် အလုပ်သမား အခွင့်အရေးများအပြည့်အဝ မရရှိပါက ပြည်ပအလုပ်အကိုင်နှင့်စပ်လျဉ်း၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။


☑ရန်ပုံငွေ ထူထောင်သင့်

ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာပင် အထောက်အထားခိုင်မာစွာဖြင့် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ အရေအတွက်သည် တစ်သိန်းခွဲခန့်ရှိနေပြီး အထောက်အထားမဲ့ သွားရောက်အလုပ်လုပ်သူဦးရေမှာ သုံးသန်းခန့်ရှိနေသည်ကို သိရှိရသည်။ပြည်ပရောက်အလုပ်သမားများအတွက် လုပ်ငန်းခွင်လုံခြုံရေးနှင့် အထောက်အထားပြည့်စုံသည့် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခွင့်ဖြစ်စေရန် အလုပ်သမားများ၏မူရင်းနိုင်ငံနှင့် အလုပ်လုပ်ကိုင်သည့် ဆိုက်ရောက်နိုင်ငံတို့မှ အစိုးရတို့ ပူးပေါင်းအဖြေရှာရန်လည်း လိုအပ်သည်။


ဥပဒေနှင့် ငြိစွန်း၍ဖြစ်စေ၊ အလုပ်သမားပဋိပက္ခကြောင့်ဖြစ်စေ၊ ရာသီဥတုသဘာဝပတ်ဝန်း ကျင်ကြောင့်ဖြစ်စေ၊ ဆိုးရွားသည့် အလုပ်ရှင်ကြောင့်ဖြစ်စေ အလုပ်သမားများအတွက် ဆိုက်ရောက်နိုင်ငံတွင် အဖမ်း အဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့်ပြန်လည်ပို့ဆောင်ခြင်းခံရနိုင်သည့် ကိစ္စရပ်များ၊ ထိခိုက်ဒဏ်ရာရသည့် ကိစ္စရပ်များကိုကူညီဖြေရှင်းပေးနိုင်ရန်အတွက် နိုင်ငံတိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်လူမှုရေး ရန်ပုံငွေစနစ်ကို အစိုးရမှ ဦးဆောင်အကောင်အထည်ဖော်သင့်ကြောင်းILO မြန်မာမှ သိရှိရသည်။


☑သတင်းပေးခဲ့ပါ

အခြားနိုင်ငံ တစ်ခုခုသို့ မည်သည့်နည်းလမ်းဖြင့်မဆို သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက လူအများ အပြားနှင့် တိုင်ပင်ခြင်း၊ မိသားစု၊ မိတ်ဆွေများကိုအသိပေးအကြောင်းကြားခြင်းများ ပြုလုပ် ထားရန်လို အပ် သလို ထပ်မံသိရှိလိုသည့်အချက်အလက်များကို နိုင်ငံရပ်ခြားမှ ပြန် လည်ရောက်ရှိလာ သူများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများ၊ အလုပ်သမားရုံးများတို့တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ သိရှိရသည်။


☑တရားဝင်ရွှေ့ပြောင်းနေထိုင်ပါ

တရားဝင်လမ်းကြောင်းဖြင့် ရွှေ့ပြောင်းနေထိုင်မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ ကာကွယ်စောင့်ရှောက်မှုကို ပြည်တွင်းပြည်ပတွင်ရရှိနိုင်မည်ဖြစ်သည်။ တရားမဝင်သွားလာ မှုကြောင့်ခေါင်း ပုံဖြတ်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် နှင်ထုတ်ခံရခြင်းတို့ ကြုံတွေ့နိုင်သကဲ့သို့ လူ့အခွင့် အရေး၊အလုပ်သမား အခွင့်အရေးများကိုလည်း ဆုံးရှုံးခြင်း ကြုံတွေ့ရတတ်ကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူ မပိုပိုက ပြောပြသည်။


☑အေဂျင်စီရွေးမယ်

မြန်မာနိုင်ငံတွင် လိုင်စင်ရ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများစွာရှိသော်လည်း တရားမဝင် တင်ပို့နေသည့်ဖြစ်ရပ်များစွာ ကြုံတွေ့နေရဆဲဖြစ်သည်။“လိုင်စင် ရှိ မရှိ စစ်ဆေးဖို့လိုအပ်သလို လိုင်စင် ရှိနေပေမယ့် နာမည်ပျက် ရှိမရှိ ဆိုတာလည်း စုံစမ်းဖို့လိုပါတယ်။ အချို့ကတော့ အေဂျင်စီက အစစ်အမှန်ဖြစ်ပေမယ့် ကိုယ်စားလှယ်က အလိမ်အညာဖြစ်နေတတ်တယ်။ ပွဲစားတွေကတစ်ဆင့် အေဂျင်စီတွေကိုဆက်သွယ်ပေးမယ်ဆိုတိုင်း မယုံကြည်သင့်သလို အလုပ်ရှင်က စာချုပ်တွေမှာ အသက်လိမ်တာ၊ စာချုပ်မချုပ် ဘဲထားတာ တွေ ဖြစ်လာရင်တော့ မရိုးသားဘူးလို့ ယူဆရပါတယ်”ဟု အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ထို့ပြင် ကြိုတင်ငွေသွင်းရခြင်း၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုတောင်းခံခြင်း၊အလုပ်မစတင်မီ ကြိုတင်ငွေအဖြစ် အေဂျင်စီမှ ငွေကြေးပေးအပ်ခြင်းမျိုး ပြုသည်ကိုလည်း စိစစ်ဆုံးဖြတ်သင့်ကြောင်း သိရသည်။


☑အရေးကြီးတဲ့စာချုပ်

အလုပ်လုပ်ကိုင်ရန် ပြည်ပသို့မထွက်ခွာမီ အရေးကြီးဆုံးအရာသည် အလုပ်အေဂျင်စီနှင့် အလုပ်ရှင်တို့နှင့် ချုပ်ဆိုရမည့် သဘောတူညီမှု စာချုပ်ဖြစ်သည်။ထိုစာချုပ်သည် အလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်သူများ အတွက် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး အခွင့်အရေးနှင့်အခြားသော ဆောင်ရန်ရှောင်ရန် သဘော တူညီမှုများသည် ပြည်ပတွင်အဆင်မပြေမှု ကြုံတွေ့လာပါက ရင်ဆိုင်ပေးမည့် အလုပ်သမားအတွက် အနီး စပ်ဆုံးသော ကယ်တင်ရှင်ဖြစ်ကြောင်း သိရသည်။စာချုပ်ပါအကြောင်းအရာများမှာ လုပ်ခလစာ၊ အချိန်ပို အားလပ်ရက်နှင့် အခွင့်အရေးများ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ ကတိကဝတ်၊ ဆုံးရှုံးနစ် နာမှုအတွက် လျော်ကြေးတို့ အပါအဝင် အလုပ်ရှင်ဘက်မှ တောင်းဆိုသည့် လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်း များပါဝင်သည်။

“စာချုပ်ကိုသေသေချာချာဖတ်ပြီးမှ လက်မှတ်ထိုးဖို့လိုပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် ပထမဆုံးဖြေရှင်း ရဖို့က စာချုပ်ကိုင်ရမှာ ဖြစ်ပါတယ်။အနည်းဆုံး ကိုယ်လိုချင်တဲ့လစာ၊ အလုပ်ချိန်၊ ခွင့်ခံစားခွင့်၊ လုပ်ရမယ့်နေရာ၊ ရာထူးနဲ့တာဝန်တွေကို သေသေချာချာ ဆွေးနွေးချုပ်ဆိုသင့်တယ်”ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲမှ ဦးစီးအရာရှိတစ်ဦးက ပြောပြသည်။


☑အထောက်အထားအပိုတွေ သိမ်းခဲ့ပါ

“နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ အလုပ်ပါမစ်၊ စာချုပ်တွေ၊ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးပြီး မိသားစုကိုရော၊ မိတ်ဆွေတွေဆီကိုရော ပေးထားခဲ့တာကပြဿနာဖြစ်လာမယ်ဆိုရင် အများကြီးအထောက် အကူဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝေထွန်းက ပြောပြ သည်။ထို့ပြင် ပြည်ပသို့ရောက်ရှိသည့်အခါတွင်လည်း မိမိ၏စာရွက်စာတမ်းများကိုယုံကြည်စိတ်ချရသည့်

နေရာ တွင် သိမ်းဆည်းပြီး မိတ္တူအပိုတစ်စုံကို ကိုယ်နှင့်မကွာဆောင်ထားသင့်သည့်အပြင် အလုပ်ရှင်များထံ အရေးကြီးအချက်အလက်များ အပ်နှံထားရခြင်းကိုလည်း ရှောင်ရှားသင့်ကြောင်း သိရသည်။


☑အရေးပေါ်အတွက်ပြင်ဆင်ပါ

ပြည်ပသို့ မထွက်ခွာမီကတည်းက တစ်ဖက်နိုင်ငံတွင် အရေးပေါ်ဆက်သွယ်နိုင်မည့်လိပ်စာများ၊ဖုန်းနံပါတ် များ၊လူမှုကွန်ရက်ဆက်သွယ်မှုများကို ပြုလုပ်ထားသင့်ကြောင်းILOမြန်မာက အကြံပြုသည်။ အထူးသဖြင့် သွားရောက်မည့်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံရုံး၊LGOများ၊ ရွှေ့ပြောင်းလုပ်သားများကို အကူအညီပေးအပ်နေသည့် အဖွဲ့အစည်းများနှင့် မထွက်ခွာမီ ရနိုင်သမျှ ပြည်တွင်းအကူအညီ တောင်းခံနိုင်သူများကိုကြိုတင် ဆက်သွယ်ထားရန်လိုအပ်သည်။


☑ပြဿနာဖြစ်လာခဲ့လျှင်

ပြည်ပနိုင်ငံသို့ ရောက်ရှိကာ လုပ်ငန်းခွင်ဝင်ရောက်စဉ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက ပထမဦးစွာကြီးကြပ်ရးမှူးသို့မဟုတ် အလုပ်အကိုင်အေဂျင်စီထံ ဆက်သွယ်ပြောကြားရန် လိုအပ်ပါသည်။

“အငြင်းပွားမှုတွေကို ဖြေရှင်းတာဟာ အကျိုးရှိစေပါတယ်။ ဖြစ်ရပ်နဲ့ ပြဿနာတွေကိုလည်း မှတ်တမ်းတင် ထား သင့်ပါတယ်။ တစ်ဦးချင်းကြုံရတဲ့အခက်အခဲဖြစ်လာရင်တော့အကူအညီတောင်းခံလို့ရသမျှ နေရာတွေဆီကို ဆက်သွယ်ဖို့ လိုပါတယ်။ ဒါပေမယ့် အကူအညီတောင်းနေတဲ့အချိန်မှာ ကိုယ့်အသက်အိုးအိမ်စည်းစိမ် နဲ့ အလုပ်အကိုင်တွေကို ရသလောက်ကာကွယ်ထားဖို့တော့လိုပါတယ်”ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်များကို သုံးသပ်ပြသည်။


မြန်မာလုပ်သားများ အများဆုံးသွားရောက်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံများမှအရေးပေါ်အကူ အညီတောင်းခံနိုင် သူများမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ၁၃၂၊ Sathorn Nua Road၊ ၁၀၅၀ဝ၊ ဘန်ကောက်သို့ ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ်မှာ၆၆၂-၂၃၃-၂၂၃၇၊ ၂၃၄-၄၆၉၈၊ ၂၃၃-၇၂၅၀၊ ၂၃၄၄၇၈၉၊ ၂၃၇၇၄၄ တို့ဖြစ်ပြီး ချင်းမိုင်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင်းရွှေ့ပြောင်းအလုပ်သမား အကူအညီပေးသည့် အဖွဲ့အစည်းများဖြစ်သည့်MAP - ဝ၅၃၈၁၁၂၀၂၊ HRDF- ဝ၅၃၂၂၃၀၇၇၊မဲဆောက်ဒေသ တွင်း MAP- ဝ၅၅၅၃၆၈၅ ၊HRDF-ဝ၅၅၅၃၅၉၉၅၊ မဟာချိုင်ဒေသတွင်း MWRN ဝ၈၆၇၅၅၅၃၃၇၊ HRDF-ဝ၃၄၄၁၄၀၈၇၊ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွင်းFED- ဝ၈၁၂၇၂၉၁၅၈ တို့ကိုဆက်သွယ်နိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှာ 8 (C) Jalan Ampang Hilir၊ ၅၅၀ဝဝ၊ ကွာလာလမ်ပူသို့ ဆက်သွယ်နိုင်ပြီးဖုန်းနံပါတ်မှာ ၆၀၃-၄၂၅၁၄၄၅၅၊ ၂၅၁၄၄၅၅၊ ၄၂၅၁၅၅၉၅၊ ၄၂၅၁၆၃၅၅ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Subscribe Us