Saturday, January 12, 2013

ခန္ဓာကိုယ် အညောင်းပြေအောင် မိမိဘာသာ နှိပ်နယ်နည်းများ



ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနေတာကြောင့် ဘာအလုပ်မှ ဆက်လုပ်လို့မရနိုင်လောက်အောင် ပင်ပန်း နေပါသလား။ အညောင်းပြေနိုင်ရုံသာမက စိတ်ဖိစီးမှုနဲ့ တင်းအားတွေပါ လျော့ပါးစေဖို့ရာအတွက် မိမိဘာသာ နှိပ်နယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ လက်သီးဆုပ်ဖြင့် ထုခြင်း
လက်သီးဆုပ်နဲ့ ခန္ဓာကိုယ်အပေါ်ယံကို ညင်ညင်သာသာထုနှက်ပေးရမှာပါ။ ခြေထောက်ကနေစပြီး ခန္ဓာကိုယ် အပေါ်ပိုင်းဆီကို တဖြည်းဖြည်းချင်း ထုနှက်သွားပါ။ နံနက်ခင်းမှာ လုပ်ဆောင်ပေးတဲ့အခါ ဒီနည်းလမ်းကြောင့် ခန္ဓကိုယ်ရော စိတ်ပါ လန်းဆန်းနေစေပါတယ်။ ညအိပ်ရာမဝင်ခင်လုပ်ဆောင်ပေး မယ်ဆိုရင် တစ်နေ့လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုနဲ့ ညောင်းညာတောင့်တင်းမှု သက်သာစေပါတယ်။
တကယ်လို့သင်ဟာ သွေးကျဲဆေးတစ်မျိုးမျိုးကို သောက်သုံးနေရင်တော့ ဒီနှိပ်နယ်နည်းကို
အသုံး မပြု သင့်ပါဘူး။


၂။ ဗိုက်ကို ပွတ်ခြင်း
လူအများစုဟာ အစားအသောက်ကို လိုတာထက်ပိုစားမိသွားတဲ့အခါ ဒီနည်းလမ်းကို ပြုလုပ်သင့်ပါတယ်။ ဝမ်းဗိုက်ပေါ်မှာ လက်ဖဝါးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးတင်ထားပြီး နာရီလက်တံလှည့်သလို စက်ဝိုင်း ပုံစံအတိုင်း ပွတ်ပေးပါ။ ဒီလိုလုပ်တဲ့အခါ အစာတွေဟာ အူသိမ် (Intestine) ထဲ ရွေ့သွားစေပြီး စက်ဝိုင်း ပုံနှိပ်ပေးတာကြောင့် အစာကြေညက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

၃။ အားကစားမလုပ်ခင် နှိပ်နယ်ခြင်း
အကြောလျှော့ခြင်း၊ အလေးမခြင်း၊ ကိရိယာလွတ်လေ့ကျင့်ခြင်းစတဲ့ အားကစားတွေ မလုပ်ခင် ခန္ဓာကိုယ် ကို နှိပ်နယ်ပေးတာဟာ ကြွက်သားတွေကို အားကောင်းစေပါတယ်။ အားကစားမလုပ်ခင်မှာ ခြေထောက်နဲ့ လက်မောင်းကြွက်သားတွေဆီသွေးစီးဆင်းမှုကောင်းအောင် လက်သီးနဲ့ ညင်ညင်သာသာ ဖိနှိပ်ပေးရမှာပါ။

၄။ လည်ပင်းညောင်းညာမှု ပြေလျော့အောင် နှိပ်ခြင်း
• ကွန်ပျူတာသုံးတဲ့အခါ တစ်နာရီတစ်ကြိမ်နားပြီး လည်ပင်းတောင့်တင်းမှုသက်သာအောင် နှိပ်နယ်ပေးပါ။
• လည်ပင်းနောက်မှာ ဘယ်ဘက်လက်ချောင်းတွေနဲ့ ညာဘက်လက်ချောင်းတွေကို ချိတ်ဆက်ထားပြီး လက်ဖဝါးအခြေနဲ့ ဖိနှိပ်ပေးပါ။

• အဲဒီနောက် လည်ပင်းရဲ့ ဘယ်ဘက်ခြမ်းမှာ ညာဘက်လက်ချောင်းတွေနဲ့ နှိပ်နယ်ပေးပါ။ ဦးခေါင်းအခြေကနေ ပခုံးအထိ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ သုံးကြိမ်လုပ်ပြီး ဘယ်ပြောင်းပေးပါ။
• ခေါင်းနဲ့လည်ပင်းကို နောက်ဘက်လှန်ချပြီး အကြောလျှော့ပါ။ စက္ကန့် ၂၀ လောက်ကြာမှ ပုံမှန်အနေအထားအတိုင်းနေပါ။

၅။ နှာခေါင်းပိတ်မှု သက်သာအောင် နှိပ်နယ်ခြင်း
• နှာခေါင်းပိတ်တာသက်သာအောင် လက်ညှိုးတွေနဲ့ နှိပ်ပေးပါ။
• မျက်ခုံးအထက်မှာ ဘယ်ညာလက်ညှိုးကို တစ်ဖက်တစ်ချက်စီထားပြီး နှာခေါင်းဘေးတစ်လျှောက်အထိ အောက်ကို နှိပ်လာပါ။ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။
• ပြီးရင် မျက်လုံးအောက်မှာ လက်ချောင်းထိပြီး နှာခေါင်းရိုးဘေးဘက်အထိ အောက်ဘက်ဆီကို နှိပ်နယ်ပေးပါ။
• ပါးရိုးတွေပေါ် လက်မသုံးပြီး စက်ဝိုင်းငယ် သဏ္ဌာန်အတိုင်း နှိပ်နယ်ပေးပါ။
• နောက်ဆုံးအနေနဲ့ နားထင်ပေါ် လက်မတင်ပြီး စက်ဝိုင်းငယ်ပုံအတိုင်း နှိပ်နယ်ပေးပါ။

၆။ မျက်လုံးအညောင်းပြေအောင် ပြုလုပ်ခြင်း
• မျက်လုံးအညောင်းပြေအောင် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်းပွတ်တိုက်ပေးပြီး မျက်လုံးတွေပေါ် အုပ်ထားပေးပါ။

၇။ ခြေထောက်အညောင်းပြေအောင် နှိပ်နယ်ခြင်း
• ခြေထောက်ကို ဆေးကြောပြီး သက်သောင့်သက်သာထိုင်ကာ နှိပ်နယ်ပေးရမှာပါ။
• လက်ဖဝါးကိုသုံးပြီး ခြေချောင်းအဆစ်တွေကို ညင်ညင်သာသာလှည့်ပြီးနှိပ်နယ်ပေးပါ။
• ခြေချင်းဝတ်ကို လက်တစ်ဖက်က ကိုင်ထားပြီး တခြားလက်နဲ့ ခြေထောက်တစ်ခုလုံးကို ညင်ညင် သာသာ နှိပ်ပေးပါ။ စက်ဝိုင်းပုံအတိုင်း နှိပ်နယ်ပေးရင်း ခြေချင်းဝတ်ပူနွေးလာပါစေ။ ပြီးရင် ဒီနည်းအတိုင်း ဘက်ပြောင်းကာ နှိပ်နယ်ပေးပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဗိုက်ကို ပွတ်ပြီး နှိပ်နယ်တဲ့နည်းလမ်းကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မပြုလုပ်သင့်ပါဘူး။

ကိုစိုးဝင်းရဲ့ facebook စာမျက်နှာမှ သိသမျှ မျှဝေပေးပါတယ်။

Subscribe Us