ကော့သောင်း ဇွန် ၆
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၇၃ဦး စုစုပေါင်း အလုပ်သမား ၁၇၀ ယမန်နေ့ ညနေပိုင်းက ထိုင်း နိုင်ငံတောင်ပိုင်း ရနောင်းမြို့မှတစ်ဆင့် မြန်မာ နိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာသည်။
အဆိုပါအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကာလအတွင်း နှစ်နိုင်ငံ ကူးသန်း သွားလာမှုများ ပိတ်သိမ်းခဲ့၍ ထိုင်းနိုင်ငံတွင် ကြန့်ကြာနေခဲ့ရခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသ ကြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ပြန်လည်ဝင်ရောက်လာ ခြင်းဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယ ရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများပါဝင်လာခြင်းရှိ မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေး နှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် နေထိုင်ကြသူများအား မိမိတို့နေထိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များရှိ အသွားအလာကန့်သတ်ထိန်းချုပ်ရေးစင်တာ များတွင် Facility Quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက်ထားရှိ စောင့်ကြည့်မှုခံယူကြရမည်ဖြစ်ကြောင်း၊ ကော့သောင်းဒေသခံများကိုမူ ကော့သောင်းမြို့ရှိ အသွားအလာကန့်သတ်ထိန်းချုပ်ရေးစင်တာများတွင် ဆက်လက်ထားရှိ စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဌာနသို့ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)