ကေသာ = ဆံပင်
လောမာ = မွှေးညှင်း
နခါ = ခြေသည်း
ဒန္တာ = လက်သည်း
တစော = သွား
မံသံ = အရေ
နာရူ = အသား
အဋ္ဌိ = အကြော
အဋ္ဌိမိဉ္စံ = အရိုး
ဝတ္တံ = ရိုးတွင်းခြင်ဆီ
ဟဒယံ = အညှို့
ယကနံ = နှလုံး
ကိလောမတံ = အသည်း
ပိဟကံ = အမြှေး
ပပ္ဗါသံ = အပျဉ် (အဖျဉ်း)
အန္တံ = အဆုတ်
အန္တဂုဏံ = အူမ
ဥဒရိယံ = အူသိမ်
ကရိယံ = အစာသစ်၊ အစာဟောင်း
မတ္ထလုင်္ဂံ = ဦးနှောက်
ပိတ္ထံ = သည်းခြေ
သေမှံ = သလိပ်
ပုဗ္ဗော = ပြည်
လောဟိတံ = သွေး
သေဒေါ = ချွေး
မေဒေါ = အဆီခဲ
အဿု = မျက်ရည်
ဝသာ = ဆီကြည်
ခေဠော = တံတွေး
သိင်္ဃာဏိကာ = နှပ်
လသိကာ = အစေး
မုတ္တံ = ကျင်ငယ်
ဤတစ်လံမျှလောက်သော ရူပကာယ ခန္ဓာကိုယ်၌ –
ကေသာ – နှစ်ကုဋေ ငါးသန်းသော ဆံတို့လည်းကောင်း။
လောမာ – ကိုးသိန်းကိုးသောင်းသော အမွေးတို့လည်းကောင်း။
နခါ – ငါးကြင်းကြေးသဖွယ် နှစ်ဆယ်သော လက်သည်း ခြေသည်းတို့လည်းကောင်း။
ဒန္တာ – သုံးဆယ့်နှစ်ချောင်းသော သွားတို့လည်းကောင်း။
တစော – တစ်ကိုယ်လုံးကို ခွာ၍ လုံးသည်ရှိသော် ဆီးစေ့ခန့်မျှရှိသော အထူးထူးသော အဆင်းရှိသော ပါးသော အပေါ်ရေ၊ အဆင်းဖြူသော ထူသော အတွင်းရေလည်းကောင်း။
မံသံ – တိုက်နံရံကို လိမ်းကျံသော မြေစိုင်ကဲ့သို့ အရိုးကို လိမ်းကျံသော ကိုးရာသော အသားလည်းကောင်း။
နှာရု – နံရံကို ဖွဲ့သော ကြိမ်နွယ်ကဲ့သို့ အရိုးကိုဖွဲ့သော ကိုးရာသော အကြော၊ အရသာကို ဆောင်သော ခုနစ်ထောင်သော အကြောလည်းကောင်း။
အဋ္ဌိ – သုံးရာသော အရိုးလည်းကောင်း။
အဋ္ဌိမိဉ္ဇံ – ကျက်စွာပေါင်း၍ ဝါးကျည်၌ ထည့်အပ်သော ကြိမ်ညွန့်နှင့် သဏ္ဌာန်တူသော ဖြူသော အဆင်းရှိသော ရိုးတွင်းခြင်ဆီလည်းကောင်း။
ဝက္ကံ – ရေမျိုမှ ဆက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍ တည်လျက် သရက်သီးပွတ်နှင့် သဏ္ဌာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင်နှစ်ခုဟု ဆိုအပ်သော အညှို့လည်းကောင်း။
ဟဒယံ – သားမြတ်နှစ်ခုအလယ်၊ ကိုယ်အတွင်း ရင်အချိုင့် အညှို့နှစ်ခုအကြား၌ တွဲလျား ဦးစောက်တည်သော ပညာရှိအား စဉ်းငယ်ပွင့်သော၊ ပညာမဲ့အား ငုံသော၊ အပေါ်ဖတ်ကို ခွာ၍ ပစ်အပ်သော ပဒုမ္မာကြာငုံတမျှ အပကား ပြေပြစ်သန့်ရှင်း၊ အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့ဆန်လောက်သော တွင်း၌။ “စရိုက်နှင့်အညီ၊ နီမြန်း-ရာဂ၊ ဒေါသ-မည်းငြား၊ သားဆေးရည်-မောဟ၊ တက္က-ပဲပြုတ်ရည်၊ ဝါသည်-သဒ္ဓါ၊ ပညာ-ပြိုးပြက်၊ ဇောတမျက်သွင်၊ အရောင်ထင်သော” မနောဓာတ်, မနောဝိညာဏဓာတ်, စိတ်, စေတသိက်တို့၏ မှီရာ ဟဒယဝတ္ထုရုပ်တည်းဟူသော တလက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးသားလည်းကောင်း။
ယကနံ – သားမြတ်နှစ်ခုတို့၏ အလယ်၌ လက်ယာနံပါးကို မှီလျက် ကသစ်ရွက်နှင့် သဏ္ဌာန်တူသော ဖျော့တော့တော့ နီသော အဆင်းရှိသော ပညာရှိအား ငယ်သည်ဖြစ်၍ နှစ်ခု သုံးခု၊ ပညာမဲ့အား ကြီးသည်ဖြစ်၍ တစ်ခုတည်းသော အသည်းလည်းကောင်း။
ကိလောမကံ – ဖြူသောအဆင်းရှိသော အသားတရစ်ကို ရစ်သော အဝတ်ကဲ့သို့ အညှို့, နှလုံးကို ဖုံး၍ တည်သော အမြှေး၊ ကိုယ်အလုံး၌ အရေ၏ အောက်မှ တည်သော အမြှေးအားဖြင့် နှစ်ပါးသော အမြှေးလည်းကောင်း။
ပိဟကံ – နှလုံးသား၏ လက်ဝဲနံပါး၌ မှီလျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဌာန် ညိုသော အဆင်းရှိသော ဝမ်းလျှော သရက်ရွက်ဟု ဆိုအပ်သော အသားဖျဉ်းလည်းကောင်း။
ပပ္ဖါသံ – အညှို့, နှလုံးကို ဖုံး၍ တည်လျက် မုန့်ယှက်ပြတ်သဏ္ဌာန် နီသောအဆင်းရှိသော သုံးဆယ့်နှစ်ခုသော အသားလွှာတည်းဟူသော ကလအုန်းဆောင်းထပ်ဟု ဆိုအပ်သော အဆုတ်လည်းကောင်း။
အန္တံ – သွေးပြည့်သော ကျင်း၌ အရေကို ဆုတ်၍ ထည့်အပ်သော မြွေခွေကဲ့သို့ လည်ချောင်းမှ ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌ တည်သော ယောကျာ်းအား သုံးဆယ့်နှစ်တောင်၊ မိန်းမအား နှစ်ဆယ့်ရှစ်တောင်ရှိသော နှစ်ဆယ့်တစ်ပတ် ခွေ၍နေသော ဖြူသောအဆင်းရှိသော အူမလည်းကောင်း။
အန္တဂုဏံ – ခြေသုတ်ကြိုးဝန်းကို ဖွဲ့သော ကြိုးသေးကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေရာ၌ အူမကို ဖွဲ့သော မှော်မြစ်အတူ ဖြူသော အူသိမ်လည်းကောင်း။
ဥဒရိယံ – အစွန်းနှစ်ဘက်၌ ကိုင်၍ ညှစ်အပ်သော စိုသော ပုဆိုး၏ အလယ်အဖုကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေသော အူမ၏ အလယ်အဖုဟု ဆိုအပ်သော သုံးဆယ့်နှစ်ပါးသော ပိုးမျိုးတို့၏ နေရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ ခွေးအန်ဖတ်ကဲ့သို့ မျိုအပ်သော အစာသစ်လည်းကောင်း။
ကရီသံ – ကျည်ထောက်၌ ထည့်အပ်သော မြေညက်ကဲ့သို့ အူမ၏အဆုံး အစောက်ရှစ်သစ်ခန့်မျှ ရှိသော အစာဟောင်းအိမ်၌ တည်သော အစာသစ်မှ ကျက်၍ ကျသော အစာဟောင်းတည်းဟူသော ကျင်ကြီးလည်းကောင်း။
မတ္ထလုင်္ဂံ – ဗူးအုံ၌ ထည့်အပ်သော မုန့်ညက်စိုင်သဏ္ဌာန် ခေါင်းခွံတွင်း၌ ချုပ်ကြောင်းလေးခုကို မှီ၍ တည်သော မုန့်ညက်စိုင်အတူ ဖြူသော ဦးနှောက်လည်းကောင်း။
ပိတ္တံ – ရေပြည့်သော သပွတ်ခါးသီးသဏ္ဌာန် နှလုံးအဆုတ်တို့၏ အလယ် အသည်းကို မှီ၍ တည်သော နောက်ကျုသော သစ်မည်စည်ဆီနှင့်တူသော အအိမ်ဖြင့် ဖွဲ့အပ်သော ဗဒ္ဓသည်းခြေ, ဆံ, အမွေး, ခြေသည်းလက်သည်း, သွားတို့၏ အသားမှ လွတ်ရာ အရပ်ခြောက်ထပ် ကြမ်းတမ်းသော အရာကို ထားလျက် မုန့်ယှက်၌ ဆီကဲ့သို့ တစ်ကိုယ်လုံး နှံ့၍ တည်သော ညှိုးနွမ်းသော ပန်းအဆင်းရှိသော အအိမ်ဖြင့် မဖွဲ့အပ်သော အဗဒ္ဓသည်းခြေအားဖြင့် နှစ်ပါးသော သည်းခြေလည်းကောင်း။
သေမှံ – မစင်တွင်းကို ပိတ်သော ပျဉ်ကြီး တန်စီးတွင်းအထက် မြှေးယှက်သော အမြှုပ်လွှာအသွင် ရေအပြင်ကို လွှမ်းသော ရေညှိပမာ အစာသစ်ကို ပိတ်လျက် အူမ၌တည်သော ဖြူသော အဆင်းရှိသော တကွမ်းစားမျှလောက်သော သလိပ်လည်းကောင်း။
ပုဗ္ဗော – အစေးရှိသော သစ်ပင်၏ ဓားခုတ်ရာ စသည်၌ စုဝေးသော အစေးကဲ့သို့ အမာပေါက်ရာ, ခလုတ်ထိရာ, ဆူးငြိရာ, မီးလျှံသင့်ရာ စသည်တို့၌ သွေးပုပ် စုဝေး၍ ဖြစ်သော ဖျော့တော့သော အဆင်းရှိသော ပြည်လည်းကောင်း။
လောဟိတံ – ကြည်လင်သော ချိပ်ရည်အဆင်းကဲ့သို့ ကိုယ်လုံးအနှံ့ အကြောကို လျှောက်၍ ရွေ့လျားသော တစ်ပြည်သားမျှလောက်သော ရွေ့လျားသော သွေး၊ ပျစ်ချွဲသော ချိတ်ရည်အဆင်းကဲ့သို့ အသည်းတည်ရာ၏ အောက်အဖို့ကို ပြည့်စေ၍ နှလုံး, အညှို့, အဆုတ်အထက် တစက်စက် ယိုစီးလျက် နှလုံး, အညှို့, အဆုတ်တို့ကို စွတ်စေ၍ တည်သော တကွမ်းစားမျှလောက်သော မရွေ့လျားသော သွေးအားဖြင့် နှစ်ပါးသော သွေးလည်းကောင်း။
သေဒေါ – ရေမှ နုတ်အပ်သော ကြာရိုးမှ ယိုစီးသော ရေကဲ့သို့ ကိုယ်စိတ်ပူပန်သောအခါ အမွေးတွင်းတို့မှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော ချွေးလည်းကောင်း။
မေဒေါ – ဆူသသူအား တစ်ကိုယ်လုံး၊ ကြုံသသူအား မြင်းခေါင်းသား စသည်၌ တည်သော နနွင်းဆိုးသော ပုဆိုးကဲ့သို့ ဝါသော အဆင်းရှိသော အဆီခဲလည်းကောင်း။
အဿု – ငိုကြွေးမြည်တမ်း ရယ်ပန်းကြီးသောအခါ မလျောက်ပတ်သော ဥတုအာဟာရမျိုး၊ မီးခိုး မြေမှုန့်ထိပါးသောအခါ စသည်တို့၌ မျက်စိမှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော မျက်ရည်လည်းကောင်း။
ဝသာ – ထမင်းချိုး၌ သွန်းလောင်းသော ဆီကဲ့သို့ မီးပူသောအခါ စသည်တို့၌ များသောအားဖြင့် လက်ဖမိုး, လက်ဖဝါး, ခြေဖမိုး, ခြေဖဝါး, နှုတ်သီးဖျား, နဖူးပြင်, ပခုံးစွန်း၌ တည်သော အုန်းဆီအဆင်းနှင့်တူသော ဆီကြည်လည်းကောင်း။
ခေဠော – ချဉ်သီးစသည်ကို မြင်သောအခါ လက်ယက်တွင်းမှ ထွက်သော လက်ယက်ရေကဲ့သို့ ပါးစောင်နှစ်ဘက်မှ သက်၍ လျှာ၌ တည်သော လျှာဖျား၌ ကျဲသော၊ လျှာရင်း၌ ချွဲသော၊ အမြှုပ်နှင့်ရောသော အာပေါဓာတ်တည်းဟူသော တံတွေးလည်းကောင်း။
သိင်္ဃာဏိကာ – ငိုကြွေးမြည်တမ်းခြင်း၊ မလျောက်ပတ်သော ဥတု အာဟာရ၏ အစွမ်းဖြင့် ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်သော နုသောထန်းသီးဆန်နှင့်တူသော ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသော နှပ်လည်းကောင်း။
လသိကာ – ဝင်ရိုးကို နယ်ဆီသုတ်သကဲ့သို့ တစ်ရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြားဝယ် နယ်ဆီကိစ္စကို ပြီးစေ၍ တည်သော မဟာလှေကားစေးနှင့်တူသော ပျစ်ချွဲသော အစေးလည်းကောင်း။
မုတ္တံ – တန်းတွင်း၌ မှောက်ခုံပစ်အပ်သော အဝကျဉ်းသော အိုးတွင်း၌ ဝင်သော တန်စီးရေကဲ့သို့ စည်ပေါင်းတွင်း၌တည်သော ပဲကြီးပြာရည်အဆင်းရှိသော ကျင်ငယ်လည်းကောင်း။
ဤသုံးဆယ့်နှစ်ပါးသော အခြင်းအရာ အစုံတို့သည် –
(က) ဝဏ္ဏတောပိ – အဆင်းအားဖြင့်လည်းကောင်း။
(ခ) သဏ္ဌာနတောပိ – လုံးလုံးလျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန်အားဖြင့်လည်းကောင်း။
(ဂ) ဂန္ဓတောပိ – ညှီနံညှော်လောင်း မကောင်းသော ရနံ့အားဖြင့်လည်းကောင်း။
(ဃ) အာသယတောပိ – ဖြစ်ရာအကြောင်းအားဖြင့်လည်းကောင်း။
(င) ဩကာသတောပိ – တည်ရာအရပ်အားဖြင့်လည်းကောင်း။
(စ) အသုစိဘာဝေန – မစင်ကြယ်သည်၏အဖြစ်ဖြင့်။
(ဆ) ဇေဂုစ္ဆိဘာဝေန – စက်ဆုတ်ဖွယ်၏အဖြစ်ဖြင့်။
(ဇ) ပဋိကူလဘာဝေန – ရွံရှာဖွယ်၏အဖြစ်ဖြင့်။
(ဈ) ဒုဂ္ဂန္ဓဘာဝေန – ညှီနံညှော်လောင်း မကောင်းသော ရနံ့၏အဖြစ်ဖြင့်။
(ည) အသုဘဘာဝေန – မတင့်တယ်သည်၏အဖြစ်ဖြင့် ထင်ကုန်လျက် ရှိကုန်၏။ ဤသို့ ဆင်ခြင်၏။
(ဋ) ဣတိ-ဤသို့ မိမိသန္တာန်၌လည်း ဆံ, အမွေးစသော အပေါင်းအစု၌ ဆံ, အမွေး စသော အပေါင်းအစုကို အဖန်တလဲလဲ ရှုသည်ဖြစ်၍ နေ၏။