သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်။
၎င်းတို့မှာ
ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှူအမြင် အထင်စွဲမြဲသော သတိတရား။
ဝေဒနာနုပဿနာ သတိပဋ္ဌာန် -
သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
စိတ္တာနုပဿနာ သတိပဋ္ဌာန် -
သရာဂ, သဒေါသစသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
ဓမ္မာနုပဿနာ သတိပဋ္ဌာန် -
ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရားတို့ဖြစ်သည်။
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိ ညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါ ရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်း အရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။