လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသော နို့။ ကျန်းမာရေးအတွက် အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ န့ိုထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်းဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။
Whey ပရိုတင်းဆိုတာ ဘာလဲ။
Whey ပရိုတင်းဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓါတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓါလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေ ကြွက်သားတက်အောင် သောက်နေကြတဲ့ ဖြည့်စွက်စာ တစ်မျိုးအဖြစ် လူသိများခဲ့ရာက အခုနောက်ပိုင်းမှာတော့ ဆီးချိုသွေးချိုသမားတွေအတွက် ဆီးချိုထိန်းဖို့ ဖြည့်စွက်စာအနေနဲ့ပါ ထင်ရှားလာခဲ့ပါတယ်။ Whey ပရိုတင်းမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ amino acids (၉)မျိုးပါပြီး သူ့ရဲ့ ကောင်းကျိုးအာနိသင်တွေလည်း အရမ်းများပါတယ်။ ဘာတွေအတွက် ကောင်းလဲဆိုတာကို ကြည့်လိုက်ရအောင်။
Whey ပရိုတင်း ၏ ကောင်းကျိုးများ
နှလုံးကြွက်သားကို တည်ဆောက်ပေးတယ်။
ကြွက်သားကို တည်ဆောက်ပေးတယ်ဆိုတော့ နှလုံးကြွက်သားလေးလည်းပါတာပေါ့ ။ Whey Protein ရဲ့ အဓိကကောင်းတဲ့ အရာတစ်ခုက နှလုံးကြွက်သားတွေကို တည်ဆောက်တဲ့ နေရာမှာ အကူအညီပေးတယ်။ နှလုံးကိုပိုပြီးကျန်းမာ အားကောင်းစေတယ်။ ကိုယ်ခန္ဓါတစ်ခုလုံးမှာ အလုပ်အများဆုံး နှလုံးလေး ကျန်းမာဖို့ဆိုတာ အရေးအကြီးဆုံးပဲလေနော့။
အဆီတွေကိုကျစေပြီး ကြွက်သားတက်စေတယ်။
Whey ပရိုတင်း မှာပါတဲ့ ပရိုတင်းဓါတ်က အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကြွက်သားတည်ဆောက်တဲ့ နေရာမှာ ကူညီပေးတယ်။ ဒီတော့ မလိုအပ်တဲ့အဆီတွေကိုလျော့ကျစေပြီး ကြွက်သားထုထည်ကို တိုးတက်စေပါတယ်။ Gym ဆော့ကြတဲ့လူငယ်တွေအကြိုက်ဖြစ်သလို အခုနောက်ပိုင်းရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ အသက်ကြီးလာတဲ့သူတွေမှာ ဖြစ်တဲ့ ကြွက်သားတွေဆုံးရှုံးမှုကိုလည်း အကာအကွယ်ပေးနိုင်တာကြောင့် Whey ပရိုတင်းကို အသက်ကြီးလာတဲ့အခါမှာ လျော့တွဲမှုတွေမဖြစ်လာအောင် ဖြည့်စွက်စာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အစာစားချင်စိတ်ကိုလျှော့ချပေးတဲ့ အစွမ်းအာနိသင်က ကိုယ်အလေးချိန်ထိန်းတာနဲ့ အစားအသောက်ကြောင့် သွေးတွင်းဆီးချိုပမာဏ မြင့်တက်မလာအောင်ပြုလုပ်တဲ့နေရာတွေမှာ အကူအညီပေးပါတယ်။
ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးတယ်။
အခုနောက်ပိုင်းမှာ Whey protein ကို ဆီးချိုအတွက် ဖြည့်စွက်စာအဖြစ် အဓိက အသုံးပြုလာကြပါတယ်။ အစာစားချင်စိတ်ကိုလျော့ကျစေတာက ဗိုက်မြန်မြန်ပြည့်စေတဲ့အတွက် ဆီးချိုထိန်းတာမှာအထောက်အကူပြုစေတယ်။ ကြွယ်ဝစွာပါဝင်တဲ့အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ အဆိပ်အတောက်ပစ္စည်းတွေကို ချေဖျက်ပေးတယ်။ အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေးလို့ သွေးတွင်းထဲမှာရှိတဲ့သကြားဓါတ်တွေကို ကြွက်သားထဲကိုရောက်အောင်ပို့ပေးပြီး သွေးတွင်းသကြားဓါတ်ကို လျော့ကျစေတယ်။
သွေးတွင်း အဆီဓါတ်ကို လျှော့ချပေးတယ်။
ဗြိတိန် အာဟာရ အဖွဲ့အစည်း၏လေ့လာချက်တွေအရ အသက် ၇၀ ကျော်တဲ့ ဝတဲ့ လူတွေကို နှစ်အုပ်စုခွဲပြီး casein ပရိုတင်းကို တစ်အုပ်စု Whey ပရိုတင်း ကို တစ်အုပ်စု ၁၂ပတ်တိုက်ပြီးနောက် သွေးတွင်း အဆီဓါတ်ကို ပြန်တိုင်းတဲ့ အခါ Whey ပရိုတင်း သောက်တဲ့ အုပ်စုရဲ့ သွေးတွင်း အဆီဓါတ်က သိသိသာသာလျော့သွားတယ်လို့ဆိုပါတယ်။ Whey ပရိုတင်း က ကိုယ်ခန္ဓါ အတွက် မကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ total cholesterol ရော LDL cholesterol ကိုရော နှစ်မျိုးလုံးကို သိသိသာသာ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါက ဆီးချိုထိန်းတာနဲ့ သွေးတိုးထိန်းတာတွေအတွက် အရမ်းပဲ အထောက်အကူပြုပါတယ်။
ပန်းနာရင်ကြပ် ကလေးတွေမှာ ကိုယ်ခံအားကို မြင့်တက်စေတယ်။
ပန်းနာရင်ကြပ်ဖြစ်နေတဲ့ ကလေးတွေ Whey ပရိုတင်း သောက်လိုက်ရင် ကိုယ်ခံအား တက်စေပြီး ဓါတ်မတည့်မှုကြောင့် ဖြစ်တဲ့ရင်ကြပ်ခြင်းကို သက်သာစေပါတယ်။ ပန်းနာရင်ကြပ် ကလေးတွေကို Whey ပရိုတင်း ၁၀ ဂရမ်ကို တစ်နေ့နှစ်ကြိမ် ၁ လ လောက်တိုက်လိုက်တဲ့ အခါ ကိုယ်တွင်း ခုခံအားစနစ် သိသိသာသာမြင့်တက်လာတာကို တွေ့ ရပါတယ်။
သွေးတိုးသမားတွေမှာ သွေးပေါင်ကိုကျစေတယ်။
သွေးတိုးရောဂါ ဟာ နာမည်ကြီးရောဂါဖြစ်လို့ သူ့အတွက် သောက်လို့ရတဲ့ ဖြည့်စွက်စာတွေကလည်း အများကြီးပါ။ အဲ့အထဲမှာ Whey ပရိုတင်း လည်းပါပါတယ်။ Whey ပရိုတင်းကိ ုသွေးတိုးသမားတွေ ဖြည့်စွက်စာ အဖြစ်သောက်လိုက်မယ်ဆိုရင် တက်နေတဲ့သွေးပေါင်ချိန်သိသိသာသာကျပြီး သွေးတိုးကြောင့်နောက်ဆက်တွဲ နှလုံးရောဂါ ဖြစ်ခြင်းကို ပါ ကာကွယ်ပေးနိုင်ပါတယ်။ Whey ပရိုတင်းက ဆီးချိုရော သွေးတိုးကိုပါ ထိန်းပြီးသားဖြစ်စေပါတယ်။
ကလေးတွေ မှာအဖြစ်များတဲ့ နှင်းခူေပါက်တာတွေ ကို လျော့နည်းစေတယ်။
မွေးကင်းစ ကလေးတွေကို ဖြည့်စွက်စာစားတဲ့အချိန်မှာ Whey ပရိုတင်း နည်းနည်းချင်းစီ ထည့်ကျွေးမယ်ဆို ခုခံအား မြင့်တက်စေပြီး အသက် ၃ နှစ် ကလေးတွေမှာ အဖြစ်များတဲ့ နှင်းခူရောဂါ မဖြစ်နိုင်တော့ပါဘူး။
HIV ရောဂါသမားတွေ အတွက် လည်း Whey ပရိုတင်း က ကောင်းကျိုးပြုပါသေးတယ်။
HIV ရောဂါရှိနေပြီဆိုတာနဲ့ ကျန်းမားစိုပြည် တဲ့ အသားအရေ ပြည့်ဖြိုးတဲ့ ကိုယ်ခန္ဓါတွေ ပျောက်ဆုံးသွားပါပြီ။ အချိန်ကြာလာတဲ့ အမျှ အပြင်မထွက်ရဲလောက်အောင် ကို ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က ပျက်စီးသွားပါတယ်။ Whey ပရိုတင်းကို HIV ရောဂါရှိတဲ့ သူတွေ သောက်မယ်ဆိုရင်တော့ ကိုယ်အလေးချန်သိသိသာသာ ထိုးကျသွားခြင်းကို သက်သာစေပါတယ်။ ပရိုတင်းပါလို့ လိုအပ်တဲ့ အာဟာရဓါတ်ကိုလည်း ဖြည့်စွက်ပေးပါတယ်။
ကင်ဆာရောဂါကို ဖြစ်နိုင်မှုတွေကို လျှော့ချပေးတယ်။
Whey ပရိုတင်း မှာပါတဲ့ amino acid တွေက ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးလို့ ကင်ဆာဖြစ်နိုင်ချေတွေကို လျှော့ချပေးပါတယ်။
ဒါတွေကတော့ ခေတ်စားလူကြိုက်များ လာတဲ့ Whey ပရိုတင်း ရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အသက်ကြီးသူတွေမှာ ဆီးချိုထိန်းတာနဲ့ ကြွက်သားဆုံးရှုံးမှုမရှိအောင် အသုံးပြုကြပါတယ်။ ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တော့ ဆီးချိုသမားတွေနဲ့ အသက်ကြီးသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။